တယ်လီနောက ၂၀၁၆ ပထမသုံးလပတ် ဝင်ငွေစာရင်းကို ထုတ်ပြန်လိုက်ပြီး ၎င်းတို့ ဝန်ဆောင်မှုပေးနေသော နိုင်ငံများရှိ ဈေးကွက်အသီးသီး၏ အချက်အလက်များ ပါဝင်ကြောင်း သိရသည်။ တယ်လီနောအနေဖြင့် မြန်မာနိုင်ငံ ဈေးကွက်တွင် ၂၀၁၆ ၌ ဒေါ်လာ ၂၁၂ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဈေးကွက်တွင် ၂၀၁၅ ခုနှစ် ပထမသုံးလပတ်က တယ်လီနော၏ ဝင်ငွေမှာ ဒေါ်လာ ၉၅ သန်းခန့်ရှိပြီး ယခုနှစ်တွင် ၁၂၄ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်များပြား လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
တယ်လီနော၏ ၂၀၁၆ ခုနှစ် ဝင်ငွေစာရင်းအရ ၎င်း၏ပင်မနိုင်ငံဖြစ်သော နော်ဝေတွင် ဒေါ်လာ ၇၈၁ သန်းကျော် ရရှိကာ အများဆုံးဖြစ်ပြီး DTAC အမည်ဖြင့် လုပ်ကိုင်နေသော ထိုင်းနိုင်ငံတွင် ဒေါ်လာ ၆၄၉ သန်း ရရှိခဲ့ကြောင်း သိရသည်။
တယ်လီနော၏ ၂၀၁၆ ပထမ သုံးလပတ်အတွက် စုစုပေါင်းဝင်ငွေမှာ ဒေါ်လာ ၄၀၇၅ သန်း (လေးဘီလျံကျော်) ရရှိခဲ့ပြီး၂၀၁၅ သုံးလပတ်က ဒေါ်လာ ၃၈၈၂ သန်း (သုံးဘီလျံကျော်) ဖြစ်သောကြောင့် တိုးတက်မှုနှုန်းမှာ ငါးရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ဈေးကွက်၌ တယ်လီနောသုံးစွဲသူ အရေအတွက် ၁၅ ဒသမ ၅ သန်းကျော် ရှိလာပြီး ဖြန့်ချိရောင်းချသူ ၁၄၇ ဦးနှင့် အရောင်းဆိုင်ပေါင်း ၆၈၀၀၀ ကျော်ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။ တာဝါတိုင်ပေါင်း ၅၀၀၀ ကျော်ရှိလာပြီး မြို့နယ်စုစုပေါင်း၏ ရာခိုင်နှုန်း ၉၀ ခန့်ကို ကွန်ရက်လွှမ်းခြုံ ထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။
"တယ်လီနောတာဝါတိုင် အားလုံးကို 3G ရရှိအောင် ပြုလုပ်ထားပါတယ်။ ၂၀၁၆ ခုနှစ် အကုန်မှာ တာဝါတိုင် ၂၀၀၀ ကျော် ဆောက်လုပ်ပြီးစီးအောင် မျှော်လင့်ထားတယ်။ လာမယ့်နှစ်တွေမှာလည်း တာဝါတိုင် တည်ဆောက်နှုန်းကို ဆက်လက်မြှင့်တင် သွားမှာဖြစ်ပြီး တာဝါတိုင်ပေါင်း ၉၀၀၀ ကျော်အထိ ရောက်ရှိလာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။
တယ်လီနောက ၂၀၁၆ ပထမသုံးလပတ် ဝင်ငွေစာရင်း ထုတ်ပြန်ရာ မြန်မာနိုင်ငံ ဈေးကွက်တွင် ဒေါ်လာ ၂၁၂ သန်းကျော်ရရှိ