ရခိုင်ပြည်နယ် မြောက်ဦးမြို့နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ နိုင်ငံပိုင် ဟိုတယ်များကို ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် အိတ်ဖွင့်တင်ဒါ ခေါ်ယူထားသည်။ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပိုင် ဟိုတယ်များဖြစ်သော မြောက်ဦးမြို့ရှိ မြောက်ဦးဟိုတယ်သည် မြေ ၅ ဒသမ ၅၄ ဧကရှိပြီး အခန်း ၂၄ ခန်း ပါဝင်သည်။ ထို့အတူ ပြင်ဦးလွင်မြို့ရှိ ဂန္ဓမာမြိုင် ဟိုတယ်သည် မြေ ၂ ဒသမ ၉၆ ဧက ကျယ်ဝန်းပြီး အခန်း ၅ ခန်း ပါဝင်ကာ အဆိုပါ ဟိုတယ်များကို ပြည်တွင်းလုပ်ငန်းရှင်များကိုသာ ငှားရမ်းသွားမည်ဖြစ်ကြောင်း သိရသည်။တင်ဒါစည်းကမ်းချက် အသေးစိတ်ကို အဆိုပါ ဝန်ကြီးဌာနရုံးတွင် မေလ ၅ ရက် နံနက် ၁၀ နာရီ၌ အသေးစိတ် ရှင်းလင်းပြောကြားမည်ဖြစ်ပြီး တင်ဒါတင်သွင်းမည့်သူ ကိုယ်တိုင် သို့မဟုတ် ဒါရိုက်တာ အဖွဲ့ဝင်သာ တက်ရောက်ခွင့် ပြုထားသည်။ တင်ဒါစည်းကမ်း ရှင်းလင်းပွဲသို့ တက်ရောက်သူကသာ တင်ဒါ တင်သွင်းနိုင်မည်ဖြစ်ပြီး တင်ဒါ စည်းကမ်းများ လိုက်နာနိုင်သူများ၏ အဆိုပြုလွှာများကို မေ ၆ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ လက်ခံသွားမည်ဖြစ်ကာ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် လူတွေ့မေးမြန်းခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ လာရောက်မှု မြင့်တက်လာခြင်းနှင့်အတူ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေခြင်းဖြစ်သည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် ပြောင်းလဲလာသော စီးပွားရေး စနစ်နှင့် အညီ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် နိုင်ငံပိုင် ဟိုတယ်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းလုပ်ကိုင်ခွင့်များ ပေးအပ်လျက်ရှိသည်။ထိုသို့ လုပ်ကိုင်ခွင့် ပေးအပ်နေသော်လည်း အချို့မှာ စာချုပ်ပါ စည်းကမ်းများနှင့်အညီ လုပ်ကိုင်မှု မရှိသည်ကို တွေ့ရှိနေရကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။ ယခုအခါ နိုင်ငံပိုင် ဟိုတယ်များ ငှားရမ်းရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ရသင့်သော ဝင်ငွေ ရရှိပြီး ပုဂ္ဂလိက လုပ်ငန်းများလည်း အကျိုးဖြစ်ထွန်းစေလိုသောကြောင့် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း သိရသည်။လက်ရှိ တင်ဒါခေါ်ယူမှုတွင် တင်ဒါ တင်သွင်းလိုသော လုပ်ငန်းရှင်များ အနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာ ကုမ္ပဏီ၏ ရာဇဝင် အချက်အလက်နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ စာရင်း၊ ဟိုတယ်အား ရင်းနှီးမြှုပ်နှံ တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်၊ မိမိနှင့် လုပ်ငန်းဆောင်ရွက်နေသော ဘဏ်မှ မိမိ၏ ဘဏ်စာရင်းနှင့် မိမိ၏ အဆိုပြု ဈေးနှုန်းအား မပေးသွင်းနိုင်ပါက အဆိုပါဘဏ်မှ ပေးသွင်းမည့် အကြောင်း အာမခံချက်၊ မိမိ တင်သွင်းထားသော အဆိုပြုဈေးနှုန်းအပေါ် အရင်းကျေ ကာလနှင့် အကျိုးအမြတ် ရရှိမှု အခြေအနေ ဖော်ပြချက်၊ ဌာနပိုင် ဟိုတယ်များအား လက်ရှိ ငှားရမ်းထားသူများသည် အမည်ပြောင်းပြီး ထပ်မံလျှောက်ထားခြင်း မပြုရန် စသည့် အချက်များကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း သတ်မှတ်ထားသည်။
မြောက်ဦးနှင့် ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပိုင် ဟိုတယ်များ ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူ