စတော့ဈေးကွက်အတွင်း FMI ရှယ်ယာဈေးနှုန်း ကျဆင်းနေရာမှ သင်္ကြန်ပိတ်ရက်များအပြီး ပြန်လည် ဖွင့်ချိန်တွင် ဈေးနှုန်း မြင့်တက်လာ

စတော့ဈေးကွက်အတွင်း FMI ရှယ်ယာဈေးနှုန်း ကျဆင်းနေရာမှ သင်္ကြန်ပိတ်ရက်များအပြီး ပြန်လည် ဖွင့်ချိန်တွင် ဈေးနှုန်း မြင့်တက်လာ
Published 25 April 2016
သက်ထား

သင်္ကြန်မတိုင်မီ ကာလတွင် စတော့ဈေးကွက် အတွင်း FMI ရှယ်ယာဈေးနှုန်း ကျဆင်းနေရာမှ သင်္ကြန်ပိတ်ရက်များ အပြီး ပြန်လည်ဖွင့်လှစ်ချိန်တွင် ဈေးနှုန်းမြင့်တက်လာကြောင်း စတော့ဈေးကွက် အတွင်းမှ သိရသည်။စတော့ဈေးကွက် အတွင်း၌ ဧပြီ ၈ ရက်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၃၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန်ကာလပြီး ဈေးကွက်ပြန်ဖွင့်ချိန်တွင် ဈေးနှုန်းပြန်လည် မြင့်တက်လာကြောင်း သိရသည်။၂၀၁၆ ဧပြီ ၂၅ ရက် နံနက် ဈေးကွက်ပိတ်ချိန်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၃၃၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ရှယ်ယာစုပေါင်း ၃၇၈၈ စု ကျပ် ၁၂၇ သန်းဖိုး အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။ နေ့လယ် ဈေးကွက်ပိတ်ချိန်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၃၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာ စုပေါင်း ၄၈၄၂ စု ကျပ် ၁၆၂ သန်းဖိုး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။သင်္ကြန်ကာလ မတိုင်မီ FMI ရှယ်ယာ ဈေးနှုန်းမှာ အတက်အကျ ကြမ်းခဲ့ပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၄၁၀၀၀ အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။လက်ရှိတွင် စတော့ဈေးကွက်အတွင်း FMI ကုမ္ပဏီ၏ ရှယ်ယာများ ရောင်းချခွင့် ရရှိထားပြီး ဒုတိယအသုတ် အနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ ရှယ်ယာများကို ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။“စတော့ဈေးကွက်မှာ လာမယ့် ဧပြီ ၂၉ ရက်မှာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီကို ရောင်းချခွင့်ပေးမယ်လို့ SECM အနေနဲ့ လျာထားတယ်။ ဒါပေမဲ့ ကုမ္ပဏီ အနေနဲ့က ပြင်ဆင်မှု မပြီးရင်တော့ မေလပထမ အပတ်ထဲမှာ ရောင်းချနိုင်မှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ရန်ကုန် စတော့အိတ်ချိန်းကို တနလာၤမှ သောကြာနေ့ (အစိုးရ ရုံးဖွင့်ရက်များ) အတွင်း နံနက် ၉ နာရီ မိနစ် ၃၀ မှ မွန်းလွဲ ၁ နာရီအထိ ဖွင့်လှစ်ကြောင်း သိရသည်။ရန်ကုန် စတော့အိတ်ချိန်း အရောင်းအဝယ် ပြုလုပ်ချိန် Trading Session နှစ်ပိုင်းရှိကာ ဈေးကွက်ဖွင့်ချိန် နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ (ပထမအပိုင်း)နှင့် ဈေးကွက်ပိတ် ချိန် ၁ နာရီအထိကို (ဒုတိယအပိုင်း) ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။စတော့ ဈေးကွက်အတွင်း ကုမ္ပဏီ ခြောက်ခုဖြစ်သည့် First Myanmar Investment, First Private Bank (ပထမပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank, Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co., Myanmar Agribusiness Public Corporation (MAPCO) တို့က ရှယ်ယာရောင်းချခွင့် ရရှိထားပြီး ပထမဆုံး အနေဖြင့် First Myanmar Investment က ရှယ်ယာရောင်းချခွင့် ရရှိထားကြောင်း သိရသည်။