ပြည်ထောင်စုလွှတ်တော်နာယက က ၎င်း၏ကိုယ်ရေးအရာရှိအဖြစ် သားဖြစ်သူအား ယာယီခန့်ထားခြင်းသာဖြစ်ပြီး အမြဲတမ်းခန့်ထားမည့်သူသည် ဆွေမျိုးသားချင်းထဲမှ မဟုတ်ဘဲ ပြင်ပမှ အရည်အချင်းရှိသူကိုသာ ခန့်အပ်မည်ဟုသိရ

ပြည်ထောင်စုလွှတ်တော်နာယက က ၎င်း၏ကိုယ်ရေးအရာရှိအဖြစ် သားဖြစ်သူအား ယာယီခန့်ထားခြင်းသာဖြစ်ပြီး အမြဲတမ်းခန့်ထားမည့်သူသည် ဆွေမျိုးသားချင်းထဲမှ မဟုတ်ဘဲ ပြင်ပမှ အရည်အချင်းရှိသူကိုသာ ခန့်အပ်မည်ဟုသိရ
Published 22 February 2016
စိုးမင်းထိုက်

ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ၎င်း၏ ကိုယ်ရေးအရာရှိအဖြစ် သားဖြစ်သူအား ယာယီခန့်ထားခြင်းသာဖြစ်ပြီး အမြဲတမ်းခန့်ထားမည့်သူသည် ဆွေမျိုးသားချင်းထဲမှ မဟုတ်ဘဲ ပြင်ပမှ အရည်အချင်းရှိသူကိုသာ ခန့်အပ်မည်ဟု အမျိုးသားလွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဦးမင်းဦးက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအနေဖြင့် သားဖြစ်သူအား ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်ထားသည်ဟု သတင်းများ ထွက်ပေါ်ကြောင်း မေးမြန်းမှုအပေါ်တွင် ဦးမင်းဦးက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဦးမင်းဦးက “ဥက္ကဋ္ဌကြီးအနေနဲ့ ကိုယ်ရေးအရာရှိအဖြစ် သားသမီးအရင်းအချာကို ခန့်အပ်ဖို့ မဆိုထားနဲ့ ဆွေမျိုးသားချင်းထဲကသူကိုတောင် ခန့်ထားဖို့ အစီအစဉ်မရှိပါဘူး။ ပြင်ပကနေပဲ အရည်အချင်းရှိပြီး ဒီနေရာနဲ့ သင့်တော်တဲ့သူကို ရှာပြီးခန့် ထားမှာပါ။ အဲဒီသဘောထားပဲ ရှိပါတယ်”ဟု ပြောကြားသည်။လက်ရှိတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် သားဖြစ်သူအား ခန့်ထားသည်မှာ ယာယီသာဖြစ်ကြောင်း၊ ကိုယ်ရေးအရာရှိအဖြစ် ထားမည့်သူအား နာမည်စာရင်းတောင်းသည့်အတွက် သားဖြစ်သူ၏ အမည်စာရင်း ပေးခဲ့ခြင်းသာဖြစ်ကြောင်း၊ အမည်စာရင်း ပေးပို့ရာတွင်လည်း ယာယီဟု ရေးသားကာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ သားဖြစ်သူအား ကိုယ်ရေးအရာရှိအဖြစ် ခန့်ထားမည်မဟုတ်ကြောင်း ဦးမင်းဦးက ပြောကြားသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မန်းဝင်းခိုင်သန်းအနေဖြင့် ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် လပေါင်း ၃၀ တာဝန်ယူထမ်းဆောင်ရမည်ဖြစ်သည်။ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ကိုယ်ရေးအရာရှိသည် ဦးစီးအရာရှိရာထူးအဆင့်ရှိကြောင်း သိရသည်။၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် မန်းဝင်းခိုင်သန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်အဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ဖေဖော်ဝါရီ ၃ ရက်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် မန်းဝင်းခိုင်သန်းသည် ပြိုင်ဘက်မရှိ ရွေးချယ်ခြင်းခံရကာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရာထူးရရှိခဲ့ခြင်း ဖြစ်သည်။ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အား ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လွှတ်တော်ကိုယ်စား လှယ်ဦးရေသည် ၂၂၄ ဦးရှိကြောင်း သိရသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တိုင်းရင်းသားများနှင့် အမျိုးသားရင်ကြားစေ့ရေးကို အဓိကထားကာဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် ငြိမ်းချမ်းရေးရရှိရန် လိုအပ်ကြောင်း၊ ထို့အတူ တရားဥပဒေစိုးမိုးမှု ရှိရန်လည်း လိုအပ်ကြောင်း ပြောကြားထားသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်လာရန်မှာ ပြည်သူများက ရွေးချယ်ပေးထားသည့် ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ရန်အတွက် တရားဥပဒေစိုးမိုးမှုရှိရန်၊ ငြိမ်းချမ်းရေးရရှိရန်၊ အမျိုးသားရင်ကြားစေ့ရေးရရှိရန်မှာ အရေးကြီးကြောင်း၊ ထိုသို့ဖြစ်ရန်အတွက် ဥပဒေများအား ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း မန်းဝင်းခိုင်သန်းက ပြောကြားထားသည်။ ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဦးခင်အောင်မြင့်သည် ကိုယ်ရေးအရာရှိအဖြစ် သားဖြစ်သူအား ခန့်အပ်ခဲ့ကြောင်း သိရသည်။                    

Most Read

Most Recent