အယ်လ်နီညို၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်စီမံဆောင်ရွက်ရေးကို ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအရေးကြီးအဆို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ပြည်သူ့လွှတ်တော်၌ တင်သွင်း

အယ်လ်နီညို၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်စီမံဆောင်ရွက်ရေးကို ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအရေးကြီးအဆို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ပြည်သူ့လွှတ်တော်၌ တင်သွင်း
Published 22 February 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းနှင့် အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် စီမံဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကို ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ်ကို ဖေဖော်ဝါရီ ၂၂ ရက်က ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့သည်။ယင်းအရေးကြီးအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိတ္ထီလာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာမောင်သင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက ထောက်ခံဆွေးနွေးခဲ့သည်။၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အယ်လ်နီညို ရာသီဥတု အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို ကြို တင်ကာကွယ်ရန် သောက်သုံးရေနှင့် စိုက်ပျိုးရေကို စနစ်တကျ သုံးစွဲခြင်း၊ ရေလှောင်တမံများရှိ ရေများကို မှန်မှန်ကန်ကန် အသုံးပြုစေခြင်း၊ အယ်လ်နီညိုဖြစ်စဉ် သက်ရောက်မှုကြောင့် အများဆုံး ထိခိုက်နိုင်သည့် စားနပ်ရိက္ခာ ထုတ်လုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအပေါ် အလေးထားစောင့်ကြည့်ခြင်း၊ အရေးပေါ် စားနပ်ရိက္ခာ စီမံထားရှိခြင်း၊ ခြောက်သွေ့သော ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စိုက်ပျိုးရေးစနစ်များ စူးစမ်းရှာဖွေခြင်း၊ ရေပေးဝေစနစ်များ ချဲ့ထွင် ခြင်း၊ အပူဒဏ်ကြောင့်ဖြစ်ပေါ်လာမည့် ရောဂါများအတွက် ကြိုတင်ကာကွယ် ကုသနိုင်ရန် စီမံထားရှိခြင်း၊ မီးဘေးအန္တရာယ် ကျရောက်မှု ကင်းရှင်းရန် ကြိုတင်ဆောင်ရွက်ထားရှိခြင်းတို့ကို ဆောင်ရွက်ထားရန် ဒေါက်တာမောင်သင်းက အဆိုတင်သွင်းစဉ် ပြောကြားသည်။“မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်၌ အယ်လ်နီညို ရာသီဥတု သက်ရောက်မှုကို သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ဖြစ်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ အယ်လ်နီညို ရာသီဥတု ပြင်းထန်မှုကြောင့် သစ်တောနှင့် လူနေအိမ်ခြေ မီးလောင်မှုအန္တရာယ်၊ လွန်ကဲသည့် အပူဒဏ်အန္တရာယ်၊ ရေများခန်းခြောက်ပြီး သောက်သုံးရေရှားပါးမှု အန္တရာယ်၊ ယခုနှစ်အတွင်း မိုးခေါင်ခြင်းနှင့် ရေကြီးခြင်းတို့ တစ်ပြိုင်နက်ဖြစ်ပေါ်လာနိုင်ခြင်းနှင့် စိုက်ပျိုးရေးအခက်ကြုံမှု၊ ကျန်းမာရေးပြဿနာများစသည့် သဘာဝဘေးအန္တရာယ်များကို ကျွန်တော်တို့ပြည်သူများ ကြုံ တွေ့လာနိုင်ပါတယ်။ သို့ပါ၍ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းနှင့် အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူလူထုကြုံတွေ့ခံစားရမည့် ရေရှားပါးမှု၊ အပူချိန်ပြင်းထန်မှု၊ သောက်သုံးရေရှားပါးမှု၊ ကျန်းမာရေးပြဿနာများ၊ စားနပ်ရိက္ခာပြနာများနဲ့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်သွင်းအပ်ပါသည်”ဟု ဒေါက်တာမောင်သင်းက ပြောကြားသည်။၂၀၁၆ ခုနှစ် အယ်လ်နီညိုရာသီဥတုကြောင့် လာမည့်နွေရာသီတွင် ယခင်နှစ်များ ထက်ပို၍ပူပြင်းကာ မိုးကာလတွင်လည်း မုတ်သုန်လေ အဝင်နောက်ကျ၍ မိုးခေါင်မှုရေရှားပါးမှုများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း၊ နွေရာသီကာလအတွင်း အပူရှိန် လွန်ကဲမှုကြောင့် ရေရှားပါး ပြတ်လပ်မှုများ၊ အပူရှိန်လွန်ကဲရာမှ မီးလောင်မှုဖြစ်စဉ်များ၊ ကျွဲ၊ နွား တိ ရစ္ဆာန်များ အစာရေရှားပါးမှုပြဿ  နာများအပြင် ကျန်းမာရေး ထိခိုက်မှုပြဿနာ များ ပိုမိုကြုံတွေ့ရဖွယ်ရှိနေကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အယ်လ်နီညိုရာသီ ဥတုဖြစ်စဉ် သက်ရောက်မှုများကြောင့် မြန်မာနိုင်ငံတွင် လူ့အဖွဲ့အစည်းများ၊ စီးပွားရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေနိုင်သည့်အတွက် လက်ရှိအခြေအနေသည် အရေးကြီး အခြေအနေပင်ဖြစ်ကြောင်း ဦးသိန်းထွန်းက အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသည်။အဆိုပါ အရေးကြီးအဆိုနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် သင့်မသင့် မဲခွဲဆုံး ဖြတ်ခဲ့ရာ ထောက်ခံသူများသဖြင့် ဖေဖော်ဝါ ရီ ၂၃ ရက်တွင်ပြုလုပ်မည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။ 

Most Read

Most Recent