တက်ကြွ လှုပ်ရှားသူများအား ယခင်က ဆန္ဒပြမှုများကြောင့် ထပ်မံ တရားစွဲဆိုမှုများရှိပြီး လက်ရှိတွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၃၀၀ ကျော် တရားစွဲခံထားရဆဲဖြစ်ကြောင်း AAPP ထုတ်ပြန်

တက်ကြွ လှုပ်ရှားသူများအား ယခင်က ဆန္ဒပြမှုများကြောင့် ထပ်မံ တရားစွဲဆိုမှုများရှိပြီး လက်ရှိတွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၃၀၀ ကျော် တရားစွဲခံထားရဆဲဖြစ်ကြောင်း AAPP ထုတ်ပြန်
Published 21 February 2016
ဇာလီမြင့်ဦး

၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် တက်ကြွ လှုပ်ရှားသူများအား ယခင်က ဆန္ဒပြခဲ့မှုများကြောင့် ထပ်မံ တရားစွဲဆိုမှုများ ရှိပြီး လက်ရှိတွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၃၀၀ ကျော် တရားစွဲဆို ခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန်ခဲ့သည့် AAPP ၏ ဇန်နဝါရီလအတွင်း နိုင်ငံရေး အကျဉ်းသားများ အခြေအနေပြ လစဉ် အစီရင်ခံစာနှင့် နိုင်ငံရေး အကျဉ်းသားများ စာရင်း ထုတ်ပြန်ချက်အရ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရများထံမှ ဖိအားများ ရရှိခဲ့ပြီး နောက် နိုင်ငံတော် သမ္မတရုံးသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် တစ်စိတ်တစ်ပိုင်း အနေဖြင့် ဇန်နဝါရီ ၂၂ ရက်တွင် နိုင်ငံရေး အကျဉ်းသား ၅၂ ဦးကို လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထိုနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ခဲ့သော်လည်း ယခုလတွင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် တက်ကြွလှုပ်ရှားသူများ ဖမ်းဆီး၊ ပြစ်ဒဏ်ချမှတ် ခံခဲ့ရမှုများ ရှိကြောင်းနှင့် လွန်ခဲ့သော လများစွာက ဆန္ဒပြမှုများအတွက် လက်ပံတန်း ကျောင်းသားများ အပါအဝင် နိုင်ငံရေး လှုပ်ရှားသူများ အမှုဖွင့် ခံခဲ့ရပြီး ထပ်မံ တရားစွဲဆို ခံခဲ့ရကြောင်း ဖော်ပြထားသည်။၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ စုစုပေါင်း ခုနစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ထို့အတွက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၃၉၉ ဦးတို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် တရား ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၈၆ ဦး အကျဉ်းကျခံ နေရဆဲဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ထားသည်။ဇန်နဝါရီ ၂၂ ရက်တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားတချို့ လွတ်မြောက်ခဲ့သော်လည်း နိုင်ငံရေး လှုပ်ရှားသူ ၃၂ ဦးမှာ စွဲချက် အသစ်များဖြင့် ဇန်နဝါရီ ၂၂ ရက်မှ ၃၁ ရက်တွင်း အမှုဖွင့်၊ တရားစွဲဆိုခြင်း ခံခဲ့ရကြောင်း ဖော်ပြထားသည်။ထိုသူများထဲမှ အများစုသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံရခြင်းဖြစ်ပြီး အမျိုးသား ပညာရေး ဥပဒေ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ကျောင်းသားများနှင့် ဝန်းရံသူများ လွတ်မြောက်ရန် ၂၀၁၅ ခုနှစ် မတ်လတွင် တောင်းဆို ဆန္ဒပြခဲ့ခြင်းအတွက် ကိုရဲရင့်ပိုင်မှူး၊ ကိုရှိုင်းမင်းထက်ဇော်နှင့် ကိုကောင်းဇော်ဟိန်းတို့ကို ပုဒ်မ ၁၈ ဖြင့် စွဲချက်တင်ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် ချမ်းအေးသာစံ တရားရုံးမှ ဆုံးဖြတ်ခဲ့ကြောင်း၊ အစိုးရကို ဆန့်ကျင်သောစာများ ရေးသားခဲ့ခြင်းအတွက် ကိုရဲရင့်ပိုင်မှူးသည် ယခုလတွင် ထောင်ဒဏ်ခြောက်လ ချမှတ်ခြင်း ခံခဲ့ရကြောင်း၊ ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ကျောင်းသား ၁၀ ဦးသည် အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ဆန္ဒပြခြင်းအတွက် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် ခံရသည်ကို ဇန်နဝါရီ ၂၆ ရက်တွင် အကြောင်းကြားခြင်း ခံခဲ့ရကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ထို့ပြင် ထောင်ဒဏ် ချမှတ်ခံထားရသော တက်ကြွလှုပ်ရှားသူများ ဖြစ်သည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့သည် ၂၀၁၄ ခုနှစ်၊ သြဂုတ် ၈ ရက်တွင် ကျရောက်သော ၁၉၈၈ အရေးအခင်း၂၆ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ချီတက် ဆန္ဒပြခဲ့ခြင်းအတွက် ပုဒ်မ ၁၈ စွဲချက်များဖြင့်ပင် ဇန်နဝါရီလအတွင်း တရားစွဲဆို ခံခဲ့ရကြောင်းလည်း ဖော်ပြထားသည်။ထို့ပြင် တက်ကြွလှုပ်ရှားသူ ၁၂ ဦး ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး နိုင်ငံရေး အကျဉ်းသား ၆၉ ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ နိုင်ငံရေး အကျဉ်းသား ၁၉ ဦးမှာ ကျန်းမာရေး ဆိုးဝါးလျက် ရှိကြောင်းလည်း ဖော်ပြထားသည်။ သာယာဝတီထောင်တွင် ထိန်းသိမ်းခံထားရသော လက်ပံတန်း ဆန္ဒပြသူ အများအပြား၏ ကျန်းမာရေး အခြေအနေသည်လည်း စိုးရိမ်ဖွယ်ရာအဖြစ် ရှိနေဆဲ ဖြစ်သည်ဟု AAPP ဆိုသည်။AAPP အနေဖြင့် အကျဉ်းထောင်အတွင်းရှိသော နိုင်ငံရေး အကျဉ်းသားများနှင့် အမှုရင်ဆိုင်နေရသူများ စာရင်းကို ၂၀၁၄ သြဂုတ်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အလုပ်ရုံ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ပေါ်တွင် အခြေခံ၍ ပြုစုထားကြောင်း သိရသည်။

Most Read

Most Recent