ထောင်ဒဏ် ချမှတ်ခံရသည့် အနိုင်ရ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အမှုမှာ အယူခံကာလ ရှိသေးသဖြင့် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိဟု ပြောကြား၍ မရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ပြောကြား

ထောင်ဒဏ် ချမှတ်ခံရသည့် အနိုင်ရ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အမှုမှာ အယူခံကာလ ရှိသေးသဖြင့် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိဟု ပြောကြား၍ မရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ပြောကြား
Published 2 February 2016
ကျော်ဇင်ဝင်း

ရခိုင်အမျိုးသားပါတီမှ ထောင်ဒဏ်ချမှတ် ခံထားရသည့် အနိုင်ရ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အမှုမှာ အယူခံကာလ ရှိသေးသဖြင့် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိဟု ပြောကြား၍မရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သော မင်းပြားမြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်အား မင်းပြားမြို့ အောက်ရွာပိုင်းမှ ဒေါ်ဦးမြကြည်က ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုများဖြင့် ရွေးကောက်ပွဲမတိုင်မီကာလ မဲဆွယ်စည်းရုံးရေး ကာလအတွင်းက တရားစွဲဆိုထားမှုအား မြေပုံမြို့နယ် တရားရုံးမှ  ဇန်နဝါရီ ၂၈ ရက်က ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲဥပဒေ ပုဒ်မ(၁၁) ပုဒ်မခွဲ (ဃ)တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရပြီးနောက် တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ ထောင်ဒဏ်ကျခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းထားသဖြင့် ၎င်း၏ လစ်လပ်သွားသည့် နေရာအား မည်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“သာမန်အားဖြင့်တော့ ပြစ်မှုကျူးလွန်ထားလို့ရှိရင် ပြစ်ဒဏ်ပေးခြင်း ခံရရင်တော့ ဥပဒေအရတော့ ကိုယ်စားလှယ်အဖြစ် ရပ်တည်ပိုင်ခွင့် မရှိတော့ဘူး။ သို့သော် ဟိုဘက်က ပြစ်မှုကြောင်းမှာဖြစ်တဲ့ တရားရုံးနဲ့ဆိုင်တဲ့ အပိုင်းတွေမှာကျတော့ တရားရေးမှာက သက်ဆိုင်ရာ အောက်ရုံးက ချလိုက်တာကို အပေါ်ရုံးကို အယူခံတက်လို့ရသေးတယ်။ အပေါ်ရုံးအယူခံတက်လို့ အပေါ်ရုံးက ပြင်ဆင် ဆုံးဖြတ်လိုက်လို့ ဆုံးဖြတ်ချက်က တစ်မျိုးပြောင်းသွားရင် သူကကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိမယ့် သဘောလည်း ရှိနိုင်တယ်။ ဒါတရားရုံးတွေရဲ့ဆင့်ကဲဆင့်ကဲ ဆုံးဖြတ်ချက်တွေရှိတယ်။ သူကအပြီး ခေါ်တာပေါ့။ အယူခံကာလ ရှိသေးတယ်။ ကျွန်တော်တို့ကတော့ အပြတ်မပြောနိုင်ဘူး” ဟု ဦးသောင်းလှိုင်က ပြောကြားသည်။
ထို့ပြင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၉ အရ လွှတ်တော်တွင် တစ်စုံတစ်ရာသော အကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ် နေရာလစ်လပ်ခဲ့လျှင် ဥပဒေနှင့်အညီ အစားထိုး ရွေးကောက် တင်မြှောက်ရမည်ဟု ပြဋ္ဌာန်းထားသည်။
အကယ်၍ အယူခံလုပ်ငန်းစဉ်များ ပြီးဆုံးပြီးနောက် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ခဲ့ပါက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပချိန်တွင် လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရွေးချယ်ရမည်ဖြစ်သည်။
“မတရားအလုပ်ခံရတယ်လို့ ထင်ပါတယ်။ အခုက လွှတ်တော်အမတ်ဖြစ်လို့ ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်တယ်လို့ မြင်ပါတယ်။ ကယ်ဆယ်ရေးပေးတာကို ဟန့်တားတယ်လို့ စွပ်စွဲတယ်။ အိမ်ကိုခေါ်တာကလည်း အမျိုးသမီးတစ်ဦး ကိုယ်တိုင် ခေါ်တာပါ။ ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုနဲ့ ထောင်ချတာပါ။ အခုက အသိသက်သေတွေရဲ့ထွက်ဆိုချက်ကိုလည်း ဖော်ပြခြင်းမရှိဘူး။ တရားစွဲသူရဲ့သမီးကိုယ်တိုင် ထွက်ဆိုချက်တွေ အသိအမှတ် မပြုခဲ့ဘူး။ အဲဒါကြောင့် ကျွန်မတို့ကတော့ မကျေနပ်ဘူး။ ဆက်လက် အယူခံဝင်သွားမှာပါ”ဟု ဦးလှအောင်ညွန့်၏ ဆွေမျိုးတော်သူ ဒေါ်အေးမေက ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဦးလှအောင်ညွန့်သည် မဲရလဒ် ၂၀၈၁၅ မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာစံရွှေအောင်မှာ မဲရလဒ် ၁၄၇၂၀ ဖြင့် ဒုတိယ မဲအများဆုံး ရရှိခဲ့သည်။
ရခိုင်အမျိုးသားပါတီအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၁၂ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၀ နေရာ၊ ပြည်နယ်လွှတ်တော်တွင် ၂၂ နေရာနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ရခိုင်တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် တစ်နေရာ စုစုပေါင်း ၄၅ နေရာ အနိုင်ရရှိထားသည်။
ထို့အတူ ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၆)မှ အနိုင်ရရှိထားသော ဦးအေးသာအောင်ကို  ဒုတိယအကြိမ် အမျိုးသား လွှတ်တော်သက်တမ်းတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် NLD ပါတီ က ရွေးချယ်လျာထားလျက် ရှိသည်။

Most Read

Most Recent