ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်အများစု ပါဝင်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ငါးနှစ်တာ သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ကုန်ဆုံးခဲ့သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပထမ ပုံမှန်အစည်းအဝေးမှ ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေးအထိ ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်မှ ဥပဒေစုစုပေါင်း ၉၉ ခု ထုတ်ပြန် ပြဋ္ဌာန်းနိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်မှ ဥပဒေစုစုပေါင်း ၉၅ ခုနှင့် ပြည်ထောင်စု လွှတ်တော်မှ ဥပဒေ ၃၅ခု၊ စုစုပေါင်း ဥပဒေ ၂၂၉ ခု ပြဋ္ဌာန်းနိုင်ခဲ့သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ နောက်ဆုံးရက် ပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ အပါအဝင် (၁၆) ပါတီနှင့် တပ်မတော်မှ ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်တွင် နှုတ်ဆက်စကား ပြောကြားခဲ့ကြသည်။
“ကိုယ်စားလှယ် အဟောင်းများအတွက် ပြန်လမ်းသာပြီး လွှတ်တော်ကိုယ်စားလှယ် အသစ်များအတွက် လာလမ်းဝင်လမ်း ဖြောင့် ဖြူးပါစေ။ ထိုနည်းစွာ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ကျန်းမာချမ်းသာကြပါစေ၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာကြပါစေ၊ တိုးတက် ထွန်းကားပါစေ၊ လွှတ်တော်များလည်း နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေ”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နှုတ်ဆက်စကား ပြောကြားသည်။
ထို့အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အားလုံး နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးကို ဆက်လက် သယ်ပိုးနိုင်ကြပါစေကြောင်းနဲ့ ချမ်းသာကိုယ်စိတ် မြဲကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးကို ပိတ်သိမ်းကြောင်း ကြေညာပါတယ်”ဟု ပြောကြားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌဦးဌေးဦးက “မကြာမီရက်အတွင်းမှာ ပြည်သူများက ယုံကြည်ရွေးချယ်ထားသူ ကိုယ်စားလှယ်များနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် လွှတ်တော်ဆိုင်ရာ အရေးပါတဲ့ တာဝန်များကို ပြောင်းလဲ ဆောင်ရွက်ကြရတော့မှာ ဖြစ်ပါတယ်။ စတင်ဆောင်ရွက်စမှာ အခက်အခဲမရှိအောင် လွှတ်တော်အပိုင်းက ဆောင်ရွက်ပေးနေသလို၊ ကော်မတီများကလည်း ပြင်ဆင် ပေးထားတဲ့အတွက် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်”ဟု ပြည်သူ့လွှတ်တော်တွင် နှုတ်ဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
ထို့အတူ လွှတ်တော်အတွက် လိုအပ်မှု ရှိလာပါကလည်း ကူညီဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ဦးဌေးဦးက ပြောကြားသည်။
ပထမအကြိမ် လွှတ်တော် အစည်းအဝေးများတွင် ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ် ၃၀၇ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်တွင် ရွေးကောက်ခံ ၁၅၉ ဦးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး တက်ရောက်ခဲ့သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် စုစုပေါင်း ၆၃၂ ဦးအနက် ပြည်ခိုင်ဖြိုးပါတီမှ ၃၃၀ ဦး ပါဝင်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အများစု ပါဝင်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ငါးနှစ်သက်တမ်း ကုန်ဆုံး















