အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲတွင် အင်္ဂလိပ်တို့က မြန်မာတို့ကို အပြင်းထန်ဆုံး အခက်ခဲဆုံးနှင့် နောက်ဆုံးတိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲနှစ်ခုမှာ မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းတို့တွင် ဓားလွယ်ခုတ် အနေအထားရှိနေသည့် ဂွေးချောင်းခံတပ်နှင့် မင်းလှခံတပ်တို့မှာ ဖြစ်ပွားသွားခဲ့သည် ဆိုသည်ကို မြန်မာကသိသလို ကမ္ဘာကလည်း သိနေသည်။ဧရာဝတီမြစ်ရဲ့ နောက်ဘက် မြစ်ဆိပ် မတ်စောက်လှသည့် ကမ်းပါးကနေ တက်သွားပြီးရင်တော့ မင်းလှမြို့ဆိုသည့် ဆိုင်းဘုတ်ကြီးကို တွေ့ရပြီး ဘေးချင်းကပ်လျက်မှာတော့ ကြီးမားခန့်ထည် ရှေးကျသည့် အုတ်ရိုးနီနီ အဆောက်အအုံကြီး ထီးထီးမားမား ရပ်တည်နေသည်ကို ဘွားခနဲ တွေ့လိုက်ရမည် ဖြစ်သည်။ တရုတ်ပြည်က ဂရိတ်ဝေါ အဆောက်အအုံကြီးလိုမျိုး အီဂျစ်နိုင်ငံက သဲကန္တရများ အတွင်းက အဆောက်အအုံကြီးများလို ကြီးမားခံ့ထည်မှုရှိနေသည်။ထက်အောက်ဝဲယာ မြင်မြင်သမျှကို မျှော်ကြည့်မော်ကြည့် နေရသည်မှာ ဇက်ညောင်းသွားမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ရှားပါးလှသည့် ရှေးဟောင်း အဆောက်အအုံကြီးဆိုသည့် အသိစိတ်က စိတ်ထဲကျေနပ်မှုကို ရရှိခံစားသွားရမည်မှာ အသေအချာပင်။တကယ်ဆိုတော့ ဟောင်းနွမ်းနေသည့် အုတ်ရိုးနီနီ အဆောက်အအုံကြီးရဲ့နောက်တွင် ခမ်းနားထည်ဝါလှသည့် အဖြစ်အပျက်ဇာတ်ကြောင်းများ ရှိနေသည်။ မင်းလှခံတပ်ဟု နာမည်ကြီးလောက်အောင်ပင် အဖြစ်အပျက်တို့က ဖြစ်ပွားသွားခဲ့သည် မဟုတ်လား။ မြန်မာနိုင်ငံရဲ့နောက်ဆုံး ခံတပ်ကြီး၊ နောက်ဆုံး ဇာတိမာန်ကို ပြသခဲ့ရာ ခံတပ်ကြီး။ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်စေရန် သင်ခန်းစာ ပေးသွားခဲ့သည့် ခံတပ်ကြီး။ ရင်နင့်ဖွယ်ရာ ကောင်းလှအောင် သူ့ကျွန်မခံလိုသော စိတ်ဓာတ်တို့ဖြင့် အစွမ်းကုန် ကြိုးစားခုခံ ကာကွယ်ခဲ့မှုများ။ တောက်ခေါက်သံ၊ ကြုံးဝါးအော်ဟစ်သံ၊ ခံပြင်းဒေါသသံများနှင့် ဓားသံ၊ လှံသံ၊ အမြောက်သံများကို နားထဲတွင် လတ်လတ်ဆတ်ဆတ် ကြားလိုက်မိသည်ဟု ခံစားလိုက်ရသည်။ တိုက်ခတ်လာသော မြစ်လေနုတွင် သွေးညှီနံ့တို့ ရောထွေးပါလာခဲ့သည်လား၊ နေရောင်အောက်တွင် သစ်ပင်တို့ လှုပ်ရှားသွားသည့် အရိပ်တို့က အောင်လံတံခွန် လွှင့်ထူမော်ကြွားခဲ့မှုများလား ထင်မှားသွားအောင်ပင် အုတ်ရိုးနီနီကြီး၏ လှည့်စားမှုက ကြက်သီးထသွားလောက်အောင် ခံစားလိုက်ရသည်။ခုနှစ်သက္ကရာဇ်တို့က ပြောင်းလဲမှုများစွာ ဖြစ်ပွားသွားခဲ့ပြီ။ ဆရာကြီး ဒေါက်တာ သန်းထွန်းစကားကို အမြဲနာယူ မှတ်သားထားမိသည်။ သမိုင်းကို မအအောင် ကျွန်တော်တို့ သင်ယူကြရမည်။ သမိုင်းတို့က သင်ခန်းစာများစွာ ပေးသည်မဟုတ်လား။ ကျွန်တော်တို့နိုင်ငံတွင် သမိုင်းများစွာ၊ အထောက်အထားများစွာ၊ ခေတ်အဆက်ဆက် ရှေးဟောင်း လက်ရာများစွာ ကျန်ရှိနေသေးသည်။ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်မှု နည်းပါးခဲ့ရာက ယနေ့အချိန်တွင်တော့ ယခင်လောက်မဆိုးတော့ဟု ပြောလို့ရသော်လည်း ပြောင်းလဲနေသည့် ခုနှစ်များထဲမှာပဲ ရှေးဟောင်းလက်ရာ သမိုင်းအထောက်အထားများက တစ်ခုပြီးတစ်ခု ပျောက်ကွယ်လို့ နေဆဲပင်။မကွေးတိုင်း ဒေသကြီးအတွင်း ကွေ့ချောင်းခံတပ်နှင့် မင်းလှခံတပ်ကို သွားမည်ဆိုလျှင် လွယ်ကူချောမွေ့သည့် လမ်းကြောင်းကတော့ ရန်ကုန်-ပြည်၊ ပြည်မြို့မှ မကွေးမြို့သို့ သွားရာလမ်းအတိုင်း အောင်လံ၊ ကိုးပင်မှတစ်ဆင့် တောင်တွင်းကြီးမြို့သို့ မသွားတော့ဘဲ သစ်ရာကောက်သို့ ဖြတ်ထွက်သွားရာလမ်းက ခရီးမိုင် တိုသလို လမ်းလည်းကောင်းလှသည်။ သစ်ရာကောက်အကျော် မနီးမဝေး အဝေးပြေး လမ်းမကြီးကနေ မိချောင်းရဲ လမ်းခွဲမှတစ်ဆင့် မိချောင်းရဲမြို့ထဲသို့ မဝင်တော့ဘဲ ကွေ့ချောင်းခံတပ်ကို သွားမည်ဆိုလျှင် မလွန် ဧရာဝတီ မြစ်ကူးတံတားအစ ချဉ်းကပ်လမ်းမှ မြစ်ကိုဖြတ်မကူးတော့ဘဲ ပဌနဂိုရ်သို့ သွားရာလမ်းအတိုင်း လိုက်သွားကာ ပထမဆုံး တွေ့ရသည့် မြန်မာ့ရေနံရုံး ဝင်းဂိတ်ပေါက်ကနေ ဖြတ်သန်းကာ မြေနီကျောက်လမ်းအတိုင်း တောလမ်းကြမ်းကြမ်းကို ဆက်လက်မောင်းနှင်ကာ ဘယ်ဘက်မြစ်ဘက်ကို လိုက်သွားပါက ကွေ့ချောင်းခံတပ်ကြီးကို မြင်တွေ့ရမည်ဖြစ်သည်။ လမ်းတစ်လျှောက် လမ်းညွှန် ဆိုင်းဘုတ်လေးများကို စိုက်ထူပေးထားသည်။ ပြည်မြို့မှ စတင်ရေတွက်မည် ဆိုလျှင်တော့ ကွေ့ချောင်းခံတပ်အရောက် မိုင် ၁၀၀ စွန်းစွန်းလေး ကျော်လွန်မည် ဖြစ်သည်။ မင်းလှခံတပ်သို့ ဆက်သွားမည် ဆိုလျှင်တော့ မလွန် ဧရာဝတီ မြစ်ကူးတံတားကြီးကို ဖြတ်သန်းကာ မလွန်၊ ယင်းမှတစ်ဆင့် မင်းလှမြို့သို့ ဆက်လက်လိုက်သွားရမည် ဖြစ်သည်။မင်းလှခံတပ်နှင့် ကွေ့ချောင်းခံတပ်တို့ကို မြန်မာသက္ကရာဇ် ၁၂၂၂-၂၃ ခုနှစ် (ခရစ်သက္ကရာဇ် ၁၈၆၀-၆၃) တွင် စတင်တည်၍ ၁၂၂၅ ခုနှစ်တွင် ပြီးစီးခဲ့၏။ ထိုသို့ တည်ဆောက်ရာ၌ ပြင်သစ်အီတာလျံလူမျိုးများ ဖြစ်ကြသည့် ကိုမိုဟိုပယ်ရီ၊ မိုလီနာရီတို့မှ မြန်မာစစ်ဘက် အင်ဂျင်နီယာများနှင့် ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကွေ့ချောင်းခံတပ်တွင် မြေတွင်းနှစ်ဆင့်၊ ကုန်းပေါ်တစ်ဆင့်ဖြစ်ကာ၊ မင်းလှခံတပ်ကတော့ ကုန်းပေါ်ခံတပ်ကြီးဖြစ်သည်။ ခံတပ်တွင် အရာရှိခန်း၊ ရဲမတ်များနေခန်း၊ ဆင်ကျုံး၊ လက်နက်ခဲယမ်း ထားသိုရာ နေရာများကို စနစ်တကျ အခန်းများဖွဲ့စည်း တည်ဆောက်ထားသည်။ ကွေ့ချောင်းခံတပ်တွင်တော့ မြေတွင်းရေ သိုလှောင်နိုင်ရန် ရေကန်ကြီးများကို မြေတွင်းတူးထားပေးသည်။မင်းလှခံတပ်၏ အလျားမှာ (အပြင်မှ) ၁၇၃ ပေ ၇ လက်မ၊ ခံတပ်၏ အပြင်အနံမှာ ၁၃၁ ပေ ၄ လက်မ ဖြစ်သည်။ ခံတပ်၏ အတွင်းအလျားမှာ ၁၀၈ ပေ ၈ လက်မ၊ အတွင်းအနံမှာ ၈၈ ပေ ၄ လက်မဖြစ်၏။ ခံတပ်အတွင်း တောင်ဘက်နှင့် မြောက်ဘက်နံရံများမှ ခံတပ်အပေါ် စင်္ကသြို့တက်သော အုတ်လှေကားနှစ်စင်း ရှိသည်။ အပေါ်စင်္ကလြမ်း အကျယ် ၂၁ ပေ ၆ လက်မဖြစ်၍ စင်္ကလြမ်းမှ အပြင်အုတ်ရိုး၏ အမြင့် ၄ ပေ ၅ လက်မဖြစ်သည်။ မြောက်ဘက်မျက်နှာတွင် ထူးထူးခြားခြား ပထမနံရံ အုတ်ရိုးကို အပြင်မှ အတန်ခွာ၍ အုတ်ရိုးတစ်ထပ်ထပ်၍ ကာရံထား၏။ ခံတပ်မြောက်ဘက်မျက်နှာ အုတ်ရိုးနှစ်ထပ်စလုံး၏ နံရံထုမှာ ၁၇ ပေ ၃ လက်မ၊ အုတ်ရိုးနှစ်ခုကြားရှိ မြေဖို့ထားသည့် မြေသားထုမှာ ၉ ပေ ၁၀ လက်မရှိ၏။ အရှေ့ဘက် မျက်နှာတွင် နံရံမှာ အတော်ပင် ပြိုကျပျက်စီးနေ၍ လူသွားစင်္ကမြျှသာ ကျန်ရှိတော့သည်။ ခံတပ်အပေါ်ထပ် စင်္ကမြှ စင်္ကအြုတ်ရိုးပေါ်သို့တက်ရာ လှေကားကလေးများ ထောင့်တိုင်းတွင်ရှိသည်။ ထိုအုတ်ရိုးပေါ်တွင် ကင်းစောင့်စစ်သား၏ နေရာနှင့် အလံတိုင်ရှိသည်။
ကွေ့ချောင်း ခံတပ်ကတော့ အလျား ၂၇၅ ပေ၊ အနံ ၉၁၅၅ ပေ၊ အမြင့် ၁၂ ပေ၊ ထုလေးပေ၊ အုတ်တံတိုင်းဖြင့် ကာရံထားကာ၊ နံရံပတ်လည်တွင် သေနတ်ပစ်ပေါက် ၁၅၉ ပေါက်ရှိသည်။ အတွင်းတွင် စစ်သည်တော် တန်းလျားနှစ်ခု၊ အရာရှိဆောင် တစ်ခုထားပြီး အခန်း ၁၃ ခန်း၊ ထို့ပြင် အကျယ် ၁၄ပေ၊ အလျား ၁၆၉ ပေရှိ ဆင်များရှိသည့် ဆင်ကျုံး ဥမင်တစ်ခု၊ မြေကတုတ် လေးဆင့်၊ မြေအောက်ခံတပ်နှစ်ဆင့်တွင် အလယ်တွင် ရေသိုလှောင်ရန် အလျား ၇၂ ပေ၊ အနံ ၁၇ပေ၊ အနက် ၈၅ ပေ၊ မြေအောက်ရေကန်တစ်ခု ရှိသည်။ခံတပ်များ တည်ဆောက်ရာ၌ လိုသောအုတ်များကို မင်းလှမြို့ တောင်ဘက် အင်းဖျားဆိုသော နေရာနှင့် မင်းလှမြို့ အနောက်တောင်ဘက် ကပ်၍တည်ရှိသော လက်လန်ဆိုသော ရွာကလေးအနီးရှိ နေရာများတွင် အုတ်ဖုတ်လုပ်ရာ ယခုတိုင် အင်းကြီးသဖွယ် ဖြစ်နေပြီးလျှင် ရှေးအုတ်ချပ်အချို့ကို တွေ့ရသေး၏။ အင်္ဂတေခင်းရန် သဲကိုင်းလှ အထက်ရှိ မြင်းကျတောင်ကမ်းပါးမှ သယ်ယူပေးကြရကြောင်း၊ မင်းလှခံတပ် ဆောက်ရာ၌ ဖော်စပ်သော အင်္ဂတေတွင် ထုံး၊ သဲ၊ ရေ၊ ထန်းလျက်၊ အုံတုံ၊ ကျွဲကော်များ ရောစပ်၍ မောင်းစင်တွင် ထည့်ထောင်းရာ စေးချွဲမှယူပြီးလျှင် နံရံတွင် ပစ်ကြည့်ကြောင်း၊ ပစ်၍ကွာမကျဘဲ ကပ်နေမှ အင်္ဂတေအဖြစ် အသုံးပြုကြောင်း ဆိုလေသည်။ ခံတပ်နှစ်ခုလုံး၏ တည်ဆောက်မှု ကုန်ကျငွေမှာ ဒေါင်းဒင်္ဂါးကျပ်ပြားရေငွေတော် ခုနစ်သိန်းကျော် ကုန်ကျသည်ဟု သိရသည်။ထိုမျှ ကြီးကျယ်ခမ်းနားလှသည့် ခံတပ်ကြီးများ အတွင်းမှ ကျူးကျော်လာသူ အင်္ဂလိပ်စစ်တပ်များကို ခုခံတော်လှန်ခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် အားမတန် မာန်လျှော့ရသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရလေသည်။ လူအင်အား၊ လက်နက်အင်အား မမျှတခဲ့သည့် တိုက်ပွဲ၊ တိုက်ခိုက်မှုဗျူဟာ မမီနိုင်ခဲ့သည့် တိုက်ပွဲ၊ ဇာတိမာန် မခံချင်မှုကြောင့်သာ အသက်ကို ရင်းခဲ့ကြခြင်းဖြစ်သည်။ ထိုအရာများကိုက သက်ရှိဧရာဝတီသာ စကားပြောတတ်မည်ဆိုလျှင် မမောမပန်းနိုင်စွာ ပြောပြမည်ထင်သည်။ ပြောနေရင်းပင် စိတ်အားတက်ကြွလာမည် ဖြစ်သလို မချိတင်ကဲ ဝမ်းနည်းရမည်ဟုလည်း ထင်သည်။၁၉ ရာစုအတွင်း အင်္ဂလိပ်နှင့် မြန်မာစစ်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ရာ တတိယစစ်ပွဲ၏ နောက်ဆုံးခံတပ် တိုက်ပွဲများတွင် မြန်မာတို့ဘက်မှ သီရိမဟာဇေယျကျော်ထင်ဘွဲ့ရ လှေသင်းအတွင်းဝန် ဦးရွှေမောင် ဦးဆောင်သည့် လူပေါင်း ၃၄၀၀၊ အမြောက် ၁၀ လက်၊ စိန် ၁၀ လုံး အသုံးပြုခဲ့ပြီး အင်္ဂလိပ်တို့ဘက်မှ ဗိုလ်ချုပ်ပရင်ဒါဂတ်စ် ဦးစီးသည့် သင်္ဘော ၂၄ စင်း၊ တွဲသမ္ဗာန် ၂၃ စီး လူအင်အား ၉၄၆၇ ဦး၊ အမြောက် ၇၇ လက် ပါဝင်ပြီး ၎င်းတို့အထဲတွင် ၂၇ လက်မှာ အမြန်ပစ် စက်သေနတ်များ ပါဝင်ခဲ့သည်။အထက်မြန်မာပြည်၏ နယ်စပ်မှ စတင်ပြီး စစ်အောင်ခန်းခံတပ်၊ ထူးပေါက်ခံတပ်၊ ကွေ့ချောင်းခံတပ်၊ မင်းလှခံတပ်နှင့် နောက်ကြောင်း အင်အားဖြည့်တပ်တို့ ဖြစ်ကြကာ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် အထက်မြန်မာနိုင်ငံ၏ နယ်စပ်ဖြစ်သော နယ်ခြားကျောက်တိုင်ကို ဖြတ်ကျော် ချီတက်လာသည်။ ၎င်းနောက် စစ်အောင်ခန်း ခံကတုတ်ကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်။ ယင်းမှတစ်ဆင့် နိုဝင်ဘာ ၁၆ ရက်တွင် ဧရာဝတီမြစ် ဝဲယာရှိ ဆင်ပေါင်ဝဲနှင့် ညောင်ပင်မှော် ခံတပ်များကို ဖြတ်ကျော်ချီတက်ပြီး နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဇောင်ခြမ်းရွာရောက်ကာ အင်္ဂလိပ်တပ်များသည် သင်္ဘောပေါ်မှ ကမ်းသို့တက်သည်။ ၁၁ နာရီ ၁၅ မိနစ်တွင် ထူးပေါက်ခံကတုတ်သို့ ရောက်ရှိကာ သုံးနာရီခန့်ခုခံပြီး နောက်အင်အားချင်း မမျှသဖြင့် ပန်းတော်ပြင် ကတုတ်သို့ဆုတ်ကာ မင်းရဲညွန့်တပ်နှင့် ပေါင်းရသည်။ အင်္ဂလိပ်တို့က ထူးပေါက်ခံ ကတုတ်ကို သိမ်းယူကာ မီးရှို့ဖျက်ဆီးပစ်ရုံ သာမက၊ မြန်မာတို့၏ ကြေးနန်းရုံကိုပါ သိမ်းပိုက်လိုက်သည်။နိုဝင်ဘာ ၁၇ ရက် နံနက် ၈ နာရီတွင် အင်္ဂလိပ် ရေတပ်သည် ပဌနဂိုရ်ရွာ၏ အထက်နားတွင် တပ်စွဲကာ ကုန်းပေါ်သို့ တက်ရောက်တိုက်ခိုက်ရန် စီစဉ်ကာ တိုက်ပွဲဖြစ်ပွားသည်။ အပြန်အလှန် ပစ်ကြခတ်ကြသော အမြောက်စိန်ပြောင်းတို့ အသံကား မိုးပြိုသကဲ့သို့ပင် လွန်စွာကျယ်လောင်လွန်းလှသည်ဟု ဆိုကြပြီး လက်နက်အင်အား မမျှတခြင်း၊ ကျွမ်းကျင်မှု အင်အားမမျှတသော မြန်မာတို့မှာ အရေးမသာတော့ချေ။ တတ်နိုင်သမျှ ခုခံကြသော်လည်း နေ့လည် ၁ နာရီတွင် ကွေ့ချောင်းခံတပ် ကျဆုံးရသည်။ ထိုတိုက်ပွဲတွင် မြန်မာတို့ဘက်မှ တပ်မှူး မင်းကျော်သိဒ္ဓိရန်အောင် ကျဆုံးရလေသည်။မင်းလှခံတပ် တိုက်ပွဲတွင်တော့ အင်္ဂလိပ်တို့ဘက်မှ အမှတ် ၁၁ ဘင်းဂေါလ်ခြေလျင်တပ်က ခံတပ်၏ အနောက်ဘက် တံခါးမကြီးဘက်မှ တိုက်ခိုက်ကာ ခံတပ်အပေါ်သို့ ခက်ခဲစွာ တက်ရောက်ကြပြီး ရေတပ်မှလည်း ခံတပ်သို့ အမြောက်များဖြင့် ပစ်ကူချေမှုန်းခဲ့သည်။ တိုက်ပွဲဖြစ်ပွားမှုမှာ ပြင်းထန်လှပြီး အင်္ဂလိပ် ခြေလျင်တပ်မှ ခံတပ်တံခါးမကြီးများကို လှည့်ပတ်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရသည်။ အနီးကပ် တိုက်ပွဲများဖြစ်ပြီး လမ်းခရီးကွေ့ကောက်လှသည့် အတွက်ကြောင့် အင်္ဂလိပ်တပ်များ အခက်ကြုံခဲ့ရသေးသည်။ မည်သို့ပင် ခက်ခဲခဲ့သော်လည်း ဆိုခဲ့သလိုပင် အင်အားချင်း မမျှတသောကြောင့် ညနေ ၃ နာရီ ၁၅ မိနစ်တွင် မင်းလှခံတပ်မှာ အင်္ဂလိပ်တို့ လက်အောက်သို့ ကျဆုံးခြင်း ခံလိုက်ရလေသည်။ ထိုတိုက်ပွဲတွင် မြန်မာတို့ဘက်မှ တပ်သား ၁၇၀ ခန့်ကျဆုံးပြီး ၂၇၆ ဦးခန့် အဖမ်းခံရလေသည်။ဤနေရာတွင် ကွေ့ချောင်းခံတပ် တိုက်ပွဲဖြစ်ပွားနေစဉ်တွင် မန္တလေးလွှတ်တော်မှ အင်္ဂလိပ်တပ်များအား ခုခံမတိုက်ခိုက်ရ၊ ခုခံလျှင်သူပုန်ဟူသော ကြေးနန်းရောက်လာခဲ့ပြီး ထိုနောက်တစ်ဖန် ရန်သူအင်္ဂလိပ်တို့အား ဆက်တိုက် နောက်ထပ်စစ်ကူများ ပို့ပေးသည်ဟူသော ကြေးနန်းရောက်လာပြန်သည်။ သူ့ကျွန်မခံချင်စိတ် ဇာတိမာန်စိတ်များကြောင့် အမိန့်အာဏာကို ဖီဆန်ကာ တိုက်ခဲ့သည့် တိုက်ပွဲများဖြစ်သည်။ ခံတပ်တိုက်ပွဲများ အပြီးတွင်တော့ နောက်ပိုင်းတိုက်ပွဲများမှာ ပြင်းထန်ခြင်း မရှိတော့သလို မြန်မာနိုင်ငံအထက်ပိုင်း မြို့များကို ဆက်တိုက်သိမ်းယူခဲ့ကာ မန္တလေးနန်းတော်အရောက် အင်္ဂလိပ်များ ချီတက်သွားကြသည်။ နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာများ အပြီးတိုင် လက်နက်ချလိုက်ရသည်။အဖြစ်အပျက်တို့က အဝေးတွင် ကျန်ခဲ့ပြီ။ ယခုတော့ သမိုင်းပြယုဂ် အနေဖြင့်သာ ခံတပ်ကြီးများ ရှိနေတော့သည်။ နိုင်ငံခြားသား ခရီးသွားများက တအံ့တသြ လာကြည့်ကြသည်။ မြန်မာစိတ်ဓာတ်ကို သိမြင်ခွင့် ရခဲ့သည်။ မင်းလှခံတပ်ဆီသို့ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွား ၃၂၀၀ ကျော် လာရောက် လည်ပတ်ခဲ့သည်ဟု ယဉ်ကျေးမှု ဝန်ကြီးဌာနက သိရသည်။ မင်းလှခံတပ်ကြီး၏ မြစ်ဘက်ခြမ်းတွင်တော့ မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ခံတပ်အစိတ်အပိုင်းအချို့ ပြိုကျပျက်စီးခဲ့ရပြီး အရုပ်ဆိုး အကျည်းတန်မှုကို ဖြစ်ပေါ်နေစေတော့သည်။ ထိန်းသိမ်းမှုများမှာလည်း ယူနက်စကိုနည်းကျ မထိန်းသိမ်းနိုင်ခြင်းအတွက် ယခုခေတ်ပေါ် အုတ်များနှင့် ယခင်လက်ရာများ ရောနှောထားမှုကြောင့် ရှေးဟောင်းလက်ရာများ ထိခိုက်မှုများရှိနေသည်။ မြန်မာနိုင်ငံအတွင်း ရေကြောင်းခရီးဖြင့် လာရောက်လည်ပတ်သူ ကမ္ဘာလှည့် ခရီးသွားများ၏ ခရီးတွင် မင်းလှခံတပ်မှာ မဝင်မဖြစ် ဝင်ရောက်ကြည့်ရှုရမည့် နေရာဖြစ်သည့်အတွက် ဂရုပြု ထိန်းသိမ်းထားသင့်သည်။ကွေ့ချောင်းခံတပ်ကိုတော့ ရေကြောင်းခရီးမှ ဝင်ရောက်ရသည်မှာ မလွယ်ကူခြင်း ကုန်းလမ်းမမှာလည်း လမ်းကြမ်းနှင့် အစိုးရရုံးဝင်းအတွင်းမှ ဖြတ်သန်းသွားရသည့်အတွက် လူသူအရောက်အပေါက် နည်းလှသည် မင်းလှခံတပ်လိုမျိုး အစောင့်များမရှိ။ တောထဲတွင် ထီးထီးမားမား သီးသန့်ရှိနေသည်။ ကွေ့ချောင်းခံတပ်မှာ မင်းလှခံတပ်ထက် ပိုမိုကြီးမားသလို ပျက်စီးမှုလည်း နည်းပါးခြင်း မြေအောက်ဥမင် ရေကန်များလည်းရှိရာ ကမ္ဘာလှည့် ခရီးသွားများအတွက် ပိုမိုလေ့လာစရာ ဖြစ်သော်လည်း အများစုမှာ မင်းလှခံတပ်တွင်သာ ခရီးပြီးသည်။ ရေလမ်းခရီးမှ အလွယ်တကူ တက်ရောက်နိုင်သည့် လမ်းမျိုးကို အကောင်အထည် ဖော်ပေးကာ ရှေးဟောင်းသုတေသန ရုံးတစ်ခုလည်း အနီးတွင် ရှိနေသင့်သည်။အဓိကအားဖြင့်တော့ ဇာတိမာန် စိတ်ဓာတ်ကို ပြသရာ ဧရာဝတီ၏ နောက်ဆုံးခံတပ် တိုက်ပွဲများ ဖြစ်ပွားသွားရာ နေရာများကို ယခုထက် ပိုမိုထိန်းသိမ်းစောင့်ရှောက်ကာ အနာဂတ်နိုင်ငံ့မျိုးဆက်များအတွက် မအစေရန် ပြသရမည့် နေရာဖြစ်သည်။ ရှေးဟောင်း ဗိသုကာ လက်ရာများအဖြစ်ရော စိတ်ဓာတ်ရေးရာအရ သမိုင်းမှတ်တမ်းများ အပါအဝင် အဘက်ဘက်မှ တန်ဖိုးရှိလှသည့် ခံတပ်ကြီးများကို ထိန်းသိမ်းမှု အားမနည်းစေချင်ပါ။ ယနေ့အချိန်ထိတော့ ခံတပ်နှစ်ခုက မြစ်ဧရာဘေးတွင် ထီးထီးမားမား ရှိနေသေးသည်။ နောင်ဘယ်အချိန်ထိများ ရှိနေဦးမည်လဲ ဆိုတာကတော့…။










