မြန်မာနိုင်ငံမှ ဆေးယဉ်ပါး တီဘီပိုး အမျိုးအစား ၂၀ တို့၏ မျိုးဗီဇ တစ်ခုလုံးကို နယူးဇီလန်နိုင်ငံ၊ University of Otago တွင် ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ရာ တီဘီဆေး ယဉ်ပါးမှုဆိုင်ရာ မျိုးဗီဇ ပြောင်းလဲမှုများအပြင် ရှားပါးမျိုးဗီဇ ပြောင်းလဲမှုများပါ တွေ့ရှိခဲ့ကြောင်း သိရသည်။အဆိုပါ သုတေသနကို ဆေးတက္ကသိုလ် (၁)ရန်ကုန်၊ အနောက်ပိုင်းဆေးရုံကြီးနှင့် University of Otago တို့ ပူးပေါင်းသုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတီဘီရောဂါပိုးများသည် ပင်မဗီဇမျိုးကွဲသုံးမျိုး (Lineage 2,3,4) တို့တွင် ပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံမှ ဆေးယဉ်ပါး တီဘီပိုးများ၏ မျိုးဗီဇ တစ်ခုလုံးကို ပထမဦးဆုံး အကြိမ်အဖြစ် လေ့လာခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့်နှစ် အတွင်းက မြန်မာနိုင်ငံတွင် ဆေးယဉ်ပါးတီဘီလူနာ (MDR နှင့် XDR-TB) များပြားလာခြင်းကြောင့် ရောဂါကုသရာ၌ အသုံးပြုသည့် ဆေးဝါးများအပေါ် ယဉ်ပါးမှုနှင့် ဗီဇပြောင်းလဲမှု ရှိ မရှိကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းနှင့် ဆေးသုတေသန ဦးစီးဌာန၊ အဆင့်မြင့် မော်လီကျူး သုတေသနဌာနတို့ ပူးပေါင်း သုတေသန ပြုလုပ်ခဲ့ကြသည်။မြန်မာနိုင်ငံသည် တီဘီရောဂါ ဖြစ်ပွားမှုနှုန်းများသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆေးယဉ်ပါးတီဘီ ဖြစ်ပွားမှုနှုန်း များပြားလျက်ရှိကြောင်း၊ လက်ရှိ ဆေးယဉ်ပါး တီဘီလူနာများကို ပထမတန်းစား တီဘီဆေးနှင့် ကုသရာတွင် မပျောက်ကင်းနိုင်သည့်အတွက် အာနိသင်သက်ရောက်မှု နည်းသော ဒုတိယတန်းစား တီဘီဆေး (SLDs) နှင့် အနည်းဆုံး နှစ်နှစ်ကြာ ကုသရကြောင်း၊ အလွန် ဆေးယဉ်ပါးတီဘီ (XDR-TB) လူနာများသည် Fluoro quinolone (FQ) ဆေးတစ်မျိုးမျိုးနှင့် ဒုတိယတန်းစား တီဘီထိုးဆေးဖြစ်သည့် Amikacin (AMK)၊ Kanamycin (KM)၊ Capreomycin (CAP) ဆေးတစ်မျိုးမျိုးကို ယဉ်ပါးနေခြင်းဖြစ်ပြီး ကုသရာတွင် အောင်မြင်မှု နည်းပါးသည့် ရောဂါတစ်ခုဖြစ်ကြောင်းနှင့် Pyrazinamide (PZA) ဆေးသည် ဆေးယဉ်ပါးတီဘီ၊ အလွန်ဆေးယဉ်ပါးတီဘီ (MDR/XDR-TB) ကုထုံးနှစ်မျိုးလုံးတွင် အရေးပါသည့် ဆေးဖြစ်ကြောင်း သိရသည်။သုတေသန ပြုလုပ်ရာတွင် စုစုပေါင်း ဆေးယဉ်ပါး တီဘီရောဂါပိုး ၃၀ ကို ပဏာမ အနေဖြင့် စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး PZA အပါအဝင် ဒုတိယတန်းစား တီဘီဆေးယဉ်ပါးမှုတို့နှင့် သက်ဆိုင်သည့် တီဘီရောဂါပိုး၏ ဗီဇပြောင်းလဲမှုများကို ဖော်ထုတ်နိုင်သည့် (DNA Sequencing) DNA အစီအစဉ် တိုင်းတာခြင်း နည်းပညာကို မြန်မာနိုင်ငံတွင် တည်ထောင်ရန်နှင့် ယင်းနည်းပညာ အသုံးပြု၍ ဆေးယဉ်ပါး တီဘီရောဂါပိုးများတွင် PZA၊ FQ၊ AMK၊ KM၊ CAP ဆေးယဉ်ပါးမှုတို့ကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။သုတေသန ပြုလုပ်မှုများအရ စမ်းသပ်စစ်ဆေးခဲ့သည့် ဆေးယဉ်ပါး တီဘီရောဂါပိုး ၃၀ အနက် PZA ယဉ်ပါးစေသည့် PncA ဗီဇပြောင်းလဲမှုကို ပိုးငါးခုတွင် တွေ့ရကြောင်း၊ FQ ဆေးယဉ်ပါးမှုနှင့် သက်ဆိုင်သည့် gyrA ဗီဇပြောင်းလဲမှု အများစုကို Condon အမှတ် ၉၄ တွင် လည်းကောင်း၊ AMK ဆေးယဉ်ပါးမှု ဖြစ်စေသည့် rrs ADZ ဗီဇ ပြောင်းလဲမှုကို ပိုးအမှတ်စဉ် ၁၄၀၁ နေရာတွင် လည်းကောင်း တွေ့ရှိခဲ့ရပြီး စမ်းသပ်ထားသော ဆေးယဉ်ပါးတီဘီ လူနာများတွင် Pre-XDR (အလွန် ဆေးယဉ်ပါးမှု) ဆက်လက်ဖြစ်ပွားမှု အလားအလာရှိသည့် ပိုးရှိသူသုံးဦးနှင့် XDR+PZA ယဉ်ပါးမှုရှိသူ တစ်ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ်အတွင်းက မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး တီဘီဆေးများနှင့် ထိုးဆေးများပါ ယဉ်ပါးသည့် ဆေးယဉ်ပါးတီဘီထက် ပိုဆိုးသော XDR-TtB လူနာများပင် တွေ့ရှိနေခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့သို့ သတင်းပေးပို့ခဲ့သည်။
မြန်မာနိုင်ငံမှ ဆေးယဉ်ပါး တီဘီပိုးများ၏ မျိုးဗီဇ တစ်ခုလုံးကို နယူးဇီလန်နိုင်ငံတွင် ပထမဆုံးအကြိမ် စမ်းသပ်ရာ ရှားပါး မျိုးဗီဇ ပြောင်းလဲမှုများပါ တွေ့ရှိခဲ့









