ယခုနှစ်အပါအဝင် လာမည့်နှစ်နှစ်တွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ နိုင်ငံများ၌ မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှု ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်မည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

ယခုနှစ်အပါအဝင် လာမည့်နှစ်နှစ်တွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ နိုင်ငံများ၌ မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှု ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်မည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
Published 8 January 2016
ဇော်ဝေ

ယခုနှစ် အပါအဝင် လာမည့်နှစ်နှစ်တွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ နိုင်ငံများ၌ မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးဖြစ်နိုင်ကြောင်း ဇန်နဝါရီ ၇ ရက်တွင် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် “Global Economic Prospects” အစီရင်ခံစာအရ သိရသည်။
နိုင်ငံအနှံ့ ရေကြီးနစ်မြုပ်မှု သဘာဝဘေးကြောင့် ၂၀၁၅ ခုနှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင်လည်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အသီးသီး တိုးတက်မှု ရှိမည်ဖြစ်ကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများအတွင်း မြန်မာနိုင်ငံသည် တိုးတက်မှုအမြင့်ဆုံး နိုင်ငံအဖြစ် ခန့်မှန်းထားသည်။
ဒေသတွင်းနိုင်ငံများ၏ ပျမ်းမျှစီးပွားရေး တိုးတက်မှု အနေဖြင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကြားတွင် ပျမ်းမျှစီးပွားရေး တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းသာ ရှိမည်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနောက်တွင် ဒုတိယမြောက်စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားမည်ဟုလည်း ခန့်မှန်းထားသည်။
မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များတွင် စီးပွားရေးတိုးတက်မှုနှုန်းကို အထူးသဖြင့် ကုန်ပစ္စည်းနှင့် ကုန်စည်များထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများက စီးပွားရေး တိုးတက်မှုကို အဓိကမောင်းနှင်မည် ဖြစ်ကြောင်းလည်း သိရသည်။
အဓိကဒေသတွင်း အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်နှင့် ဂျပန်နိုင်ငံတို့၏ စီးပွားရေးကျဆင်းမှု ပြဿနာကြောင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း နိုင်ငံများအပေါ် အနည်းငယ်ရိုက်ခတ်မှု ရှိလာနိုင်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
ကမ္ဘာ့ဘဏ် အနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက ခန့်မှန်းချက်ထက် ၂၀၁၅ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်အောက် နှစ်ရာခိုင်နှုန်းနှင့် ၂၀၁၆ ခုနှစ်တွင် သုည ဒသမ ၄ လျှော့ချခန့်မှန်း ခဲ့ခြင်းလည်းဖြစ်သည်။
အစိုးရအဖွဲ့ အနေဖြင့်လည်း ယခုနှစ်တွင် လယ်ယာကဏ္ဍတွင် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၁၈ ဒသမ ၈ ရာ ခိုင်နှုန်းဖြင့် ယခင်နှစ်ထက် နှစ်ဆမှ ခုနစ်ဆအထိ ယင်းကဏ္ဍများတွင် တိုးတက်ရန် မျှော်မှန်းထားသော်လည်း တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်းကို ၇ ဒသမ ၈ ရာခိုင်နှုန်း ရရှိရန် မျှော်မှန်းထားကြောင်းလည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းအရ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်းကို ၉ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးတက်ရန် မျှော်မှန်းခဲ့ရာမှ လာမည့်နှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်းလျှော့ ချကာ ၇ ဒသမ ၈ ရာခိုင်နှုန်း ရရှိမည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လယ်ယာကဏ္ဍတွင် ယခင်နှစ်တိုးတက်မှုနှုန်း ၂ ဒသမ ၅ မှ ၅ ဒသမ ၄ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ယခင်နှစ် တိုးတက်မှုနှုန်း ၂ ဒသမ ၆ ရာခိုင်နှုန်းမှ ၁၈ ဒသမ ၈ ရာခိုင် နှုန်းသို့ တိုးတက်လာရန် မျှော်မှန်းထားသော်လည်း ယခုနှစ်တွင် တိုးတက်မှု အများဆုံးရရန် မျှော်မှန်းခဲ့သည့် ဆက်သွယ်ရေးကဏ္ဍ၊ ငွေကြေးကဏ္ဍနှင့် သားငါးကဏ္ဍတို့ကို လျှော့ချတိုးတက်မှုနှုန်း နှစ်ဆမှ သုံးဆအထိ လျှော့ချခန့်မှန်းထားသည်။
ကုန်သွယ်မှု အနေဖြင့် လာမည့်နှစ်တွင် ယခုနှစ်ကဲ့သို့ပင် ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်းထားပြီး လာမည့်နှစ်တွင် ကျပ်ဘီလျံ ၄၀၃၀၀ ကျော်အထိရှိရန်နှင့် ကုန်သွယ်မှုလိုငွေ ကျပ် ၄၀၀၀ ဘီလျံဝန်းကျင် အထိရှိမည်ဟု ခန့်မှန်းထားကြောင်းလည်း သိရသည်။ ယခု ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ကျပ်ဘီလျံ ၃၀၀၀၀ ကျော်နှင့် ကုန်သွယ်မှု လိုငွေ ကျပ်ဘီလျံ ၄၀၀၀ ဝန်းကျင် ခန့်မှန်းခဲ့သော်လည်း ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၈ ရက် အထိ ကုန်သွယ်မှု ဒေါ်လာ ၁၉ ဘီလျံကျော်နှင့် ကုန်သွယ်မှုလိုငွေ လေးဘီလျံရှိလာပြီ ဖြစ်ကြောင်းလည်း သိရသည်။        

Most Read

Most Recent