ဆန်တန်ချိန်တစ်သိန်း တရုတ်သို့ တရားဝင်တင်ပို့ရန် ချုပ်ဆိုထားမှု လာမည့် မတ်၊ ဧပြီတွင် အပြီးတင်ပို့နိုင်ဖွယ်ရှိ

ဆန်တန်ချိန်တစ်သိန်း တရုတ်သို့ တရားဝင်တင်ပို့ရန် ချုပ်ဆိုထားမှု လာမည့် မတ်၊ ဧပြီတွင် အပြီးတင်ပို့နိုင်ဖွယ်ရှိ
Published 7 January 2016
နီလာ

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တန် ချိန်တစ်သိန်းကို တရားဝင်တင်ပို့ရန်  စာချုပ် ချုပ်ဆိုထားမှုမှာ လာမည့်မတ်နှင့် ဧပြီလအတွင်း အပြီးတင်ပို့နိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
“တရုတ်ကို မြန်မာ့ဆန်တင်ပို့တာက လက်ရှိမှာ တန်ချိန်သောင်းနဲ့ချီ ရှိနေပါပြီ။ ကျွန်တော်တို့ အနေနဲ့လည်း ဆက်တိုက်ပဲ တရုတ်ကို အများစုပို့နေပါတယ်။ ကျွန်တော်တို့ လက်မှတ်ထိုးထားတဲ့ တန်ချိန်တစ်သိန်းကလည်း လာမယ့် မတ်လ၊ ဧပြီလလောက်မှာ ကုန်သွားမယ်ထင်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းဖြင့် ဆန်တရားဝင် တင်ပို့ရောင်းချနိုင်ရေးအတွက် အကောင်အထည် ဖော်နိုင်ခဲ့ပြီး နှစ်နိုင်ငံ အစိုးရကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့  တန်ချိန်တစ်သိန်း တင်ပို့ရန် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ တင်ပို့ရာတွင် တရုတ်ပြည်မှ သတ်မှတ်ထားသောစံချိန်စံညွှန်းများအတိုင်း တင်ပို့သွားရန်ကိုလည်း နှစ်နိုင်ငံတာဝန်ရှိသူများမှ သဘောတူညီခဲ့ကြပြီး  ကနဦးတင်ပို့မှုအဖြစ် နှစ်နိုင်ငံအစိုးရကိုယ်စား တရုတ်ပြည်မှ တင်သွင်းကုမ္ပဏီအဖြစ် COFCO နှင့် မြန်မာနိုင်ငံဘက်မှ တင်ပို့မှု ကုမ္ပဏီအဖြစ် MAPCO အများပိုင် ကုမ္ပဏီတို့အကြား အရောင်းအဝယ်စာချုပ် ထပ်မံချုပ်ကာ အရည်အသွေးမြင့် ဧည့်မထ ၂၅ မှတ်ဆန်တန်ချိန် ၃၀၀၀ ကို တင်ပို့ရောင်းချသွားခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့ ရောင်းချနိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ် သြဂုတ်တွင် စတင်ခဲ့ပြီး စက်တင်ဘာလကုန်ပိုင်း မြန်မာ-တရုတ် နှစ်နိုင်ငံ MoU ရေးထိုးခဲ့သည်။
တရုတ်သို့ ဆန်တင်ပို့ရာ၌ တင်ပို့သော ဆန်အားလုံးကို တရုတ်စစ်ဆေးရေး အဖွဲ့အစည်းဖြစ်သည့် CCIC မှသာ စစ်ဆေးပြီး မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ MoU ရေးထိုးပြီးချိန်မှစတင်၍ MoU နှင့်ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စများ၊ MoU တွင် မပါဝင်သော်လည်း ပြင်ဆင်ရန် လိုအပ်သောကိစ္စများ၊ အခြားလိုအပ်သော ကိစ္စများအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Most Read

Most Recent