ပြည်တွင်းပြည်ပမှ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ပညာရှင်များအား အဖွဲ့ဝင်အဖြစ် လိုအပ်သလို ခန့်ထားနိုင်မည့် အချက်ဖြင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအား မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၃/၂၀၁၅ ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် အာဏာကို ကျင့်သုံးလျက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်းရာတွင် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဟန်စိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးတင့်က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။ အတွင်းရေးမှူးအဖြစ် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ချိုက တာဝန်ယူသွားမည်ဖြစ်ပြီး တွဲဖက်အတွင်းရေးမှူးအဖြစ် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဌာနခွဲ အင်ဂျင်နီယာ ဦးတင်ကိုကိုက တာဝန်ယူသွားမည်ဖြစ်သည်။အဖွဲ့ဝင်များအဖြစ် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့မှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ပြည်တွင်း ပြည်ပမှ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ပညာရှင်များအား အဖွဲ့ဝင်အဖြစ် လိုအပ်သလို ခန့်ထားနိုင်မည့် အချက်ဖြင့် အဖွဲ့ဝင်များအဖြစ် တာဝန်ယူ ဆောင်ရွက်သွားရမည် ဖြစ်သည်။ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတွင် ပါဝင်မည့် One Stop Service Centre ၏ ကိုယ်စားလှယ်များအဖြစ် အကောက်ခွန် ဦးစီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကိုယ်စားလှယ်များက အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သွားရမည်ဖြစ်သည်။ထားဝယ် အထူးစီးပွားရေးဇုန်၏ လုပ်ငန်းကော်မတီများအဖြစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေတွင် ပြဋ္ဌာန်းထားသည့် စီမံခန့်ခွဲမှု ကော်မတီ၏ လုပ်ငန်းတာဝန်များအတိုင်းဖြစ်ပြီး ယခု ထုတ်ပြန်ချက်ဖြင့် မြန်မာအထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်း အဖွဲ့မှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၃ ကို ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်တွင်းပြည်ပမှ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ပညာရှင်များအား အဖွဲ့ဝင်အဖြစ် လိုအပ်သလို ခန့်ထားနိုင်ရန် အချက်များဖြင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ပြင်ဆင် ဖွဲ့စည်း










