ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် အတွင်းရှိ မြေ ၇၆ ဒသမ ၃၆ ဧကအား Natural World ကုမ္ပဏီသို့ ငှားရမ်းရာတွင် တစ်ဧကလျှင် တစ်လ ကျပ် ၃၅၀၀၀ (၀ ဒသမ ၀၃၅ သန်း) သာ ရရှိသဖြင့် လာမည့် ဧပြီတွင် ငှားရမ်းခ တိုးမြှင့်၍ စာချုပ်သစ် ပြန်လည် ချုပ်ဆိုမည်ဟု သိရသည်။ယင်းသို့ မြေဧက များစွာကို တစ်ဧကလျှင် တစ်လကျပ် ၃၅၀၀၀ (၀ ဒသမ ၀၃၅ သန်း) သာ ရရှိသဖြင့် နိုင်ငံတော်အတွက် နစ်နာနေကြောင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။ယင်းမြေ ၇၆ ဒသမ ၃၆ ဧကအား ၁.၄.၂၀၀၉ တွင် စာချုပ်ချုပ်ဆို၍ နှစ် ၃၀ နှစ်ရှည် ငှားရမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ရင်ပြင်နှင့် မျက်နှာချင်းဆိုင် ပြည်လမ်းတွင်ရှိသည့် မြေကွက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၃ ခုနှစ်တွင် စတင်ငှားရမ်းစဉ်က တစ်ဧကလျှင် တစ်လအတွက် ကျပ် ၆ ဒသမ ၁ သန်း ရရှိသဖြင့် ယခု Natural World ကုမ္ပဏီသို့ ငှားရမ်းထားသော မြေ ၇၆ ဒသမ ၃၆ ဧကဖြင့် တွက်ချက်ပါက တစ်လလျှင် ကျပ် ၄၆၃ ဒသမ ၁၂၃ သန်း၊ တစ်နှစ်လျှင် ကျပ် ၅၅၅၇ ဒသမ ၄၈၀ သန်း (ကျပ် ၅ ဒသမ ၅ ဘီလျံနီးပါး) ရရှိနိုင်သဖြင့် နိုင်ငံတော်အတွက် နစ်နာနေကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာက ဖော်ပြခဲ့သည်။Natural World ကုမ္ပဏီသို့ ပြည်သူ့ရင်ပြင်အား စတင်ငှားရမ်းခဲ့သည့် ၁.၄.၂၀၁၉ ရက်မှ ယခု ၂၀၁၆ ခုနှစ်မတ် ၃၁ ရက် စာချုပ် ချုပ်ဆိုထားသည့် အချိန်အထိ နိုင်ငံတော်မှ ငွေကျပ် ၁၈၉ ဒသမ ၇၄၃ သန်း ရရှိထားကြောင်း သိရသည်။သို့ဖြစ်၍ ပြည်သူ့ရင်ပြင်အား ငှားရမ်းထားမှုနှင့် ပတ်သက်၍ ဒုတိယ ငါးနှစ်သက်တမ်း စာချုပ်အား ဧပြီ ၁ ရက်တွင် ချုပ်ဆိုမည်ဖြစ်ရာ ယင်းအချိန်တွင် နိုင်ငံတော်အတွက် နစ်နာမှု မရှိစေရေးအတွက် ငှားရမ်းခနှုန်းထား တိုးမြှင့်သတ်မှတ်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြအတည်ပြုချက် ရယူ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ယင်းသို့ ငှားရမ်းခ တိုးမြှင့်နိုင်ရေး စိစစ်ရာတွင် တစ်ရက်ပျှမ်းမျှ လူဝင်ရောက်နှုန်းများအား စိစစ်ခြင်း၊ ပြည်သူ့ရင်ပြင် အတွင်းရှိ ကစားနည်းများသို့ တစ်ရက်ပျှမ်းမျှ လူဝင်နှုန်း ကောက်ခံခြင်းအား စိစစ်စစ်ဆေးခြင်း၊ ပြည်သူ့ရင်ပြင် အတွင်းရှိ ဈေးဆိုင်များ၊ ဆိုင်ခန်းများ ငှားရမ်းထားရှိမှုနှင့် ဝင်ငွေရရှိမှု အခြေအနေများကို စစ်ဆေးခြင်း၊ Natural World ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုများ၊ ဝန်ထမ်းလစာ အပါအဝင် သုံးစွဲငွေများ၊ နိုင်ငံတော်သို့ အခွန်အခ ပေးဆောင်နေမှုများအား စစ်ဆေးခြင်း၊ ငှားရမ်းမြေဧက ၇၆ ဒသမ ၃၆ ဧကအား အများပြည်သူအတွက် အသုံးပြု ဧရိယာ၊ စီးပွားရေးအရ ဆောင်ရွက်သော ဧရိယာများ ပြန်လည်၍ အသေးစိတ် စစ်ဆေးခြင်း စသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ရင်ပြင် အတွင်းရှိ မြေ ၇၆ ဧကကျော်အား Natural World ကုမ္ပဏီသို့ ငှားရမ်းရာတွင် တစ်ဧကလျှင် တစ်လကျပ် ၃၅၀၀၀ သာ ရရှိသဖြင့် လာမည့် ဧပြီတွင် ငှားရမ်းခ တိုးမြှင့်မည်ဟုဆို