ကျောက်ကြီးမြို့နယ်တွင် ဒေသခံတစ်ဦး တောလည်ထွက်ရင်း မြေမြှုပ်မိုင်းနင်းမိသဖြင့် ဘယ်ခြေကျင်းဝတ်တစ်ဖက်ပြတ်ပြီး အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရ

ကျောက်ကြီးမြို့နယ်တွင် ဒေသခံတစ်ဦး တောလည်ထွက်ရင်း မြေမြှုပ်မိုင်းနင်းမိသဖြင့် ဘယ်ခြေကျင်းဝတ်တစ်ဖက်ပြတ်ပြီး အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရ
Published 1 January 2016
ဇော်ဝင်းချစ် (တောင်ငူ)

တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် မုန်းအရှေ့ဘက်ရှိ ဘိုဟဲယားကုန်းခေါ် တောင်ပေါ်ဒေသတွင် တောလည်ထွက်ရင်း မြေမြှုပ်မိုင်း နင်းမိသောကြောင့် ဘယ်ခြေထောက် ခြေကျင်းဝတ်ပြတ်ထွက်သွားခဲ့ပြီး တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှုခံခဲ့ရကြောင်း သိရသည်။ဖြစ်စဉ်မှာ ကျောက်ကြီးမြို့နယ် မုန်းဒေသနေကိုဂျိုးမင်း ၂၈ နှစ် (ဘ) ဦးသန်းထွန်းသည် ဒီဇင်ဘာ ၃၀ ရက်ခန့်က မုန်းဒေသ အရှေ့ဘက်သို့ သားကောင်ရှာရန် တောလည်ထွက်ခဲ့ကြောင်း သိရသည်။ထိုသို့ ထွက်လာစဉ် ဇန်နဝါရီ ၁ ရက်က မုန်းဒေသအရှေ့ဘက်ရှိ ဘိုဟဲယားကုန်း တောင်ကြောထဲသို့ ရောက်ရှိခဲ့ပြီး တောတွင်း၌ ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးအား နင်းမိကာ ဘယ်ဘက်ခြေ ကျင်းဝတ် ပြတ်ထွက်ပြီး ညာလက်၌ ဒဏ်ရာရရှိပြီး တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှုခံခဲ့ရခြင်းဖြစ်သည်။“ဖြစ်တာကမနက် ၆ နာရီလောက်မှ ဖြစ်တာ မိုင်းနင်းမိတဲ့နေရာကို လူလေးယောက်နဲ့ သွားခေါ်ခဲ့တာ တောင်ငူဆေးရုံကြီးကို ရောက်တော့ နေ့လယ်တစ်နာရီကျော်နေပြီ။ ဘယ်ခြေထောက် ခြေကျင်းဝတ်ကနေ ပြတ်သွားတယ်။ ညာဘက်လက်ကို နည်းနည်းထိတယ်။ ကျန်တာကတော့ ဘာမှမဖြစ်ပါဘူး” ဒဏ်ရာရရှိသူ ကိုဂျိုးမင်း၏ဖခင် ဦးသန်းထွန်းက ပြောကြားသည်။“မိုင်းဟောင်းလို့တော့ ပြောကြတာပဲ။မိုင်းဟောင်းလား မိုင်းသစ်လားဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ မိုင်းက ဘာလို့ထောင်တာလဲလို့  ကေအင်ယူကအဖွဲ့တွေကိုမေးတော့ သစ်ခိုးတဲ့လူတွေကို ထောင်တာတဲ့။ ငြိမ်းချမ်းရေး ယူထားတယ်ဆိုပြီး ဘာလို့ မိုင်းတွေထောင် နေသေးတာလဲ။ ဟိုတစ်လောကပဲ မုန်းက လူတစ်ယောက် မိုင်းထိလို့ သေသွားတယ်။ သူတို့ဗုံးထောင်တယ်ဆိုရင် မြေပုံတွေနဲ့ ထောင်တာလေ။ ဘယ်နားမှာ ဘာတွေရှိတယ်။ မိုင်းတွေ ရှိလား မရှိဘူးလားဆိုတာ သိတယ်။ သူတို့သိတဲ့ အမှတ်အသား ရှိကို ရှိရမယ်။ ငြိမ်းချမ်းရေး အရဆိုရင် ဒီမိုင်းတွေကို ဖယ်ပေးရမှာပေါ့။ ကျွန်တော်တို့ မုန်းဒေသကလူတွေ ဒီလိုပဲ ခဏခဏ မိုင်းထိလို့ ဒုက္ခရောက်နေရတဲ့ သူတွေအများကြီးပဲ”ဟု မိုင်းထိဒဏ်ရာရရှိသွားသူအား တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးသူ မုန်းဒေသခံတစ်ဦးက ပြောကြားသည်။ကျောက်ကြီးမြို့နယ် မုန်းမြို့တွင် မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိသော ခြေပြတ်လက်ပြတ်ဒုက္ခသည် ၃၅၀ ဝန်းရှိနေပြီး မုန်းဒေသခံ မြေမြှုပ်မိုင်းထိပြည်သူများအား ကူညီထောက်ပံ့ရေး လုံလောက်မှုမရှိဟု မုန်းဒေသခံဒုက္ခသည်တစ်ဦးက ဆိုသည်။မြေမြှုပ်မိုင်းများသည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နေထိုင်ရသူများအပေါ် အကျိုးဆက်များစွာ ဖြစ်ပေါ်နေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ထုတ်ပြန်ချက်များအရ သိရပြီး မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တတိယ အများဆုံးနိုင်ငံဖြစ်ကြောင်း အပြည်ပြည်ဆိုင် မြေမြှုပ်မိုင်း အသုံးပြုမှု တားဆီးရေး လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။                     

Most Read

Most Recent