သီလဝါအကွက် အမှတ်(၂၈)တွင် နိုင်ငံတကာ အဆင့်မီ ကောက်ပဲသီးနှံ ကုန်တင်/ကုန်ချ တံတားနှင့် သိုလှောင်ရုံ တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၆ ခုနှစ် ပွင့်လင်းရာသီတွင် စတင်လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်းလီမိတက် (MAPCO)မှ သိရသည်။
“သီလဝါမှာ အကွက်အမှတ်(၂၈) မှာ ဆန်အပါအဝင် လယ်ယာပို့ကုန်သီးနှံတွေကို Loading၊ Unloading လုပ်ဖို့ အဓိက,က တတ်နိုင်သမျှပေါ့လေ။ ကျွန်တော်တို့ တိုင်းပြည်ကနေ ပြည်ပကိုတင်ပို့တဲ့ ပို့ကုန်ပမာဏ တိုးမြှင့်ဖို့ ရှိပါတယ်။ ဥပမာ-ဆန်ဆိုရင် တန်ချိန်နှစ်သန်းကနေ သုံးသန်းပို့မယ်၊ လေးသန်းပို့မယ် စသဖြင့် ဒီလိုတင်ပို့မှု ပမာဏတွေကို တိုးမယ်ဆိုရင် ပို့တဲ့လုပ်ငန်းတွေကိုလုပ်မယ့် ဆိပ်ကမ်းတွေ ကောင်းဖို့လိုတယ်။ အခုဖြစ်နေတာက ဒီကဆိပ်ကမ်းတွေက မိုးတွင်းမှာ ဆောင်ရွက်နိုင်ခြင်း မရှိဘူး။ ဒါကြောင့်မို့ ဇွန်၊ ဇူလိုင်၊ သြဂုတ် စတဲ့ မိုးတွင်းကာလတွေမှာ တင်ပို့တဲ့ လုပ်ငန်းတွေလည်း လုပ်နိုင်အောင်၊ နောက်တစ်ခါ လယ်ယာပို့ကုန် သီးနှံကို အဓိကဦးစားပေးတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်အောင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမှာပါ။ နိုင်ငံတကာမှာရှိတဲ့ လယ်ယာသီးနှံ ဆိပ်ကမ်းတွေရဲ့ အနေအထားကို လေ့လာပြီးတော့ ကျန်တဲ့ Container တွေလည်း လုပ်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့က လယ်ယာပို့ကုန်တင်ပို့တဲ့ လုပ်ငန်းကို အဓိက လုပ်ကိုင်သွားမှာပါ” ဟု MAPCO ၏ Managing Director ဖြစ်သူ ဦးရဲမင်းအောင်က ပြောကြားသည်။
အဆိုပါ ကုန်တင်ကုန်ချ တံတားနှင့် သိုလှောင်ရုံများအတွက် ဒေါ်လာ သန်း ၇၀ နီးပါး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် Phase-1 ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ ကုန်သွယ်မှုတွင် အဓိက အသက်သွေးကြောဖြစ်သည့် လမ်းကြောင်းမှာ ရေကြောင်းကုန်သွယ်မှု ဖြစ်သည်။ ရေကြောင်း ကုန်သွယ်မှုတွင် ဆိပ်ကမ်းများမှာ အရေးကြီးသော အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆန်စပါး ပြည်ပတင်ပို့မှုတွင် ဆိပ်ကမ်းများ၏ အရေးပါမှုသည် အဓိကကျပြီး နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းများ ပေါ်ပေါက်လာမှသာလျှင် ပြည်ပသို့ တင်ပို့တွင် ပိုမိုအဆင်ပြေလာမည် ဖြစ်သဖြင့် ထိုက်သင့်သော ဈေးနှုန်းများ ရရှိပြီး ပို့ကုန်ပမာဏလည်း တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။
MAPCO ၏ ပြည်ပပို့ကုန်များနှင့် သွင်းကုန်များကို ကိုယ်ပိုင်ဆိပ်ကမ်းမှ တင်ပို့လုပ်ကိုင် နိုင်မည်ဖြစ်ပြီး အခြားဆိပ်ကမ်းဆိုင်ရာ နဝလီလုပ်ငန်းများကိုပါ လုပ်ကိုင်ရန် သီလဝါ အကွက်အမှတ် (၂၈) တွင် Port & Grain Terminal Project ကို အကောင်အထည်ဖော် ဆောင်ရွက်သွားလျက်ရှိကြောင်း သိရသည်။
MAPCO ၏ နိုင်ငံတကာအဆင့်မီ ကောက်ပဲသီးနှံ ကုန်တင်ကုန်ချတံတားနှင့် သိုလှောင်ရုံလုပ်ငန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနတို့၏ ခွင့်ပြုချက်နှင့်အညီ တည်ထောင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လုပ်ငန်းစတင် ဝန်ဆောင်မှု ပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သီလဝါအကွက် အမှတ် (၂၈) တွင် နိုင်ငံတကာ အဆင့်မီ ကောက်ပဲသီးနှံ ကုန်တင်/ကုန်ချ တံတားနှင့် သိုလှောင်ရုံ တည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၆ ပွင့်လင်းရာသီတွင် စတင်လုပ်ကိုင်မည်