အစိုးရပိုင် သတင်းစာများသည် ဒီမိုကရေစီနှင့် သင့်လျော်သော ကိစ္စများ မဟုတ်သောကြောင့် ဒီမိုကရေစီ နည်းလမ်းကျအောင် အမြန်ဆုံး လုပ်ဆောင်မည်ဟု ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒီဇင်ဘာ ၃၁ ရက်က RFA သတင်းဌာနက ထုတ်လွှင့်သည့် ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရပိုင် မီဒီယာများ၏ အနာဂတ်အား မည်သို့ သဘောထားပါသလဲ ဟူသည့် RFA သတင်းဌာန၏ မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “အစိုးရပိုင် သတင်းစာတွေ၊ ဘာတွေဆိုတာဟာ ဒါဒီမိုကရေစီနဲ့ သင့်လျော်တဲ့ ကိစ္စတွေ မဟုတ်ဘူးလို့ ထင်တယ်လေ။ ဒါပေမဲ့ ဒါ နေ့ချင်းညချင်း အစ်မတို့ မလုပ်ပါဘူး။ ဒါ သေချာတိုင်ပင်ပြီးတော့မှ လုပ်မှာပါ။ ဒါပေမဲ့ သိပ်လည်း အချိန်မဆွဲချင်ဘူး။ ဒီမိုကရေစီ နည်းလမ်းကျအောင်လို့ အမြန်ဆုံး လုပ်မှပဲ ဒီနိုင်ငံဟာ အဆင်ချောသွားမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ရေဒီယိုနဲ့ ရုပ်မြင်သံကြားဆိုရင် ဥပမာဆိုရင် အမေရိကားတို့ အင်္ဂလန်တို့မှာလည်း တကယ်တော့ နိုင်ငံက ထောက်ပံ့ထားတဲ့ ရုပ်မြင်သံကြားတို့ ရေဒီယိုတို့ ဘာတို့ဆိုတာ ရှိတာပဲလေ။ ဥပမာ ဗွီအိုအေတို့ ဘီဘီစီတို့လိုဟာ။ သို့သော်ငြားလည်း သူတို့ရဲ့လွတ်လပ်မှု ရှိတယ်။ သူတို့ Charter နဲ့ သူတို့ အလုပ်လုပ်နိုင်တယ်။ အဲဒီတော့ ထောက်ပံ့ထားတဲ့ဟာ ရှိလို့ရှိရင်တောင်မှ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့က အရေးကြီးတာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် လွှတ်တော်အမတ်များအား ပင်စင်ချီးမြှင့်ငွေ ပေးအပ်မည့်ကိစ္စနှင့် ပတ်သက်၍ မိမိတို့ NLD လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လစာငွေ ရရှိပြီး ဖြစ်သည့်အတွက် တစ်လုံးတစ်ခဲတည်း နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေကို နိုင်ငံအကျိုးရှိမည့် စီမံကိန်းတစ်ခုအတွက် လှူဒါန်းမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“အဲဒီဟာတော့ အစ်မတို့ ယူမယ်လေ။ အားလုံးက ဥပဒေအရ ရတယ်ဆိုတော့ အစ်မတို့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ရတယ်။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအားလုံး သဘောတူပြီးပြီ။ ဒီငွေတွေကို ပူးပေါင်းပြီးတော့ နိုင်ငံကို အကျိုးဖြစ်မယ့် စီမံကိန်း တစ်ခုအတွက် လှူဖို့ဆိုပြီးတော့ အစ်မတို့ ဆွေးနွေးထားပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် အစိုးရတာဝန် လွှဲပြောင်းရေး လုပ်ငန်းစဉ်များမှာ လက်ရှိအချိန်အထိ ချောချောမွေ့မွေ့ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ငြိမ်းချမ်းရေး ညီလာခံကိုလည်း လွှတ်တော် တာဝန်များ ရှိနေသည့်အတွက် တက်ရောက်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် လူသတ်မှုနှင့် စွဲချက်တင်ခံရပြီး သေဒဏ်ပေးခံရသည့် လူငယ်နှစ်ယောက်အမှုနှင့် ပတ်သက်၍ RFA ၏ မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က “ဒါဟာ သူတို့ရဲ့တရားဥပဒေ လမ်းကြောင်းအရ သွားရမှာပဲ။ သူတို့ကနေပြီးတော့ ဒီအမှုနဲ့ ပတ်သက်လို့ ဆုံးခန်းတိုင်အောင်လို့ပေါ့ အဆင့်ဆင့် အယူခံ တင်ပိုင်ခွင့်တွေ ပေးထားတယ်ဆိုတော့ အဲဒီအခွင့်အရေးတွေကို အပြည့်အ၀ ရအောင်လို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေက လုပ်ပေးရမှာပေါ့”ဟု ပြောကြားသည်။
ထို့ပြင် အစိုးရသစ် လက်ထက်တွင် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ပြန်ဆောက်မလားဟူသည့် မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က “ဒီသမဂ္ဂ အဆောက်အအုံ ဆောက်တာဟာ ပြည်သူက လည်း လိုလားကြတယ်။ ဘာမှလည်း ဒါတကယ်ဆိုရင် အန္တရာယ်လည်း မရှိပါဘူး။ ဖြစ်နိုင်လို့ရှိရင် လုပ်သင့်တဲ့ကိစ္စပါ”ဟု ပြောကြားသည်။
ကျောင်းသား သမဂ္ဂများ ပေါ်ထွန်းရေးနှင့် ပတ်သက်၍လည်း ပညာရေးဥပဒေထဲတွင် ပါထားပြီး ဖြစ်ကြောင်းနှင့် အဆင့်မြင့် ပညာရေး ဥပဒေရရှိပါက ကျောင်းသား သမဂ္ဂ ပေါ်ပေါက်ရေးဆိုသည်မှာ တက္ကသိုလ်များက ၎င်းတို့၏ ပဋိညာဉ်စာတမ်းအရ သတ်မှတ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ပြောင်းလဲချိန်တွင် အသက်ရှင် နေထိုင်ခွင့်ရပြီး တိုင်းပြည်အတွက် လုပ်ပေးနိုင်သည့် အခွင့်အရေးတစ်ခု ရရှိသည်ကို ဝမ်းမြောက်ကြပါဟုလည်း နှစ်သစ်ဆုမွန်ကောင်း စကား ပြောကြားသည်။
“ဒီနှစ်အတွက် ကျေပွန်ပြီ။ ဒါပေမဲ့ နောက်နှစ်တွေ၊ နောက်နှစ်တွေရှိတယ်။ တာဝန်ဆိုတာ ဘယ်တော့မှ ဆုံးတာမဟုတ်ပါဘူး။ လူဆိုတာ အသက်ရှင်နေသရွေ့ တာဝန်တွေဆိုတာ ရှိတာပဲ။ အဲဒီတော့ တာဝန်ကို မကြောက်စေချင်ဘူး။ တာဝန်ကလည်း ရှိဦးမှာလားဆိုတဲ့ စိတ်နဲ့ မဟုတ်ဘဲနဲ့ ငါတို့မှာ တာဝန်ရှိတယ် ဆိုပြီးတော့ တက်တက်ကြွကြွနဲ့ ဆက်ပြီးတော့ လုပ်စေချင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အစိုးရပိုင် သတင်းစာများသည် ဒီမိုကရေစီနှင့် သင့်လျော်သော ကိစ္စများ မဟုတ်သောကြောင့် ဒီမိုကရေစီ နည်းလမ်းကျအောင်အမြန်ဆုံးလုပ်ဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား















