လက်ရှိ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ လျာထားချက် ဒေါ်လာ ၂၅ ဘီလျံကျော် ရှိပြီး ဒီဇင်ဘာ ၂၅ ရက်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ကုန်သွယ်မှု စုစုပေါင်း ဒေါ်လာဘီလျံ ၂၀ နီးပါးပြုလုပ်ထား

လက်ရှိ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ လျာထားချက် ဒေါ်လာ ၂၅ ဘီလျံကျော် ရှိပြီး ဒီဇင်ဘာ ၂၅ ရက်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ကုန်သွယ်မှု စုစုပေါင်း ဒေါ်လာဘီလျံ ၂၀ နီးပါးပြုလုပ်ထား
Published 31 December 2015
ချမ်းမြေ့သူ

လက်ရှိ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ လျာထားချက် ဒေါ်လာ ၂၅ ဘီလျံကျော်ရှိပြီး ဒီဇင်ဘာ ၂၅ ရက်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ကုန်သွယ်မှုပမာဏ စုစုပေါင်း ဒေါ်လာဘီလျံ ၂၀ နီးပါးပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက် မှ ဒီဇင်ဘာ ၂၅ ရက်အထိ ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၇၇၂၂ သန်းကျော်ရှိပြီး သွင်းကုန်တင်သွင်းမှု ပမာဏမှာ ဒေါ်လာ ၁၂၁၀၄ သန်းကျော် ရှိသည်။
 
ကုန်သွယ်မှုလမ်းကြောင်းအလိုက် ကုန်သွယ်မှုအနေဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းမှ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၄၅၁၀ သန်းကျော်ရှိပြီး သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၁၀၁၈၂ သန်းကျော်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၃၂၁၂ သန်းကျော်နှင့် သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၁၉၂၂ သန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စာရင်းများအရ သိရသည်။
 
မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများကို အဓိက တင်သွင်းလျက်ရှိပြီး လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်အုပ်စုများကို အဓိက တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
 
ကုန်သွယ်မှုပြုလုပ်ရာတွင် တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဂျာမနီနှင့် ဗြိတိန်စသည့်နိုင်ငံတို့ဖြင့် အဓိကကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
 
လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လကုန်အထိ စာရင်းများအရ ပုံမှန်ကုန်သွယ်မှု လမ်းကြောင်း မှ ကောက်ခံရရှိသည့် အကောက်ခွန်ပမာဏ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၉၀၄၈၂ ဒသမ ၂ သန်း (ကျပ် ၉၀ ဘီလျံ) ရှိပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ကောက်ခံရရှိသည့် အကောက်ခွန်ပမာဏ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၂၀၈၂၉ ဒသ မ ၇ သန်း(ကျပ် ၂၀ ဘီလျံ) ရှိကြောင်း သိရသည်။
 
နိုင်ငံခြားကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှုဖြင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၈၄၀ ကျော်လျော့နည်းနေပြီး ယခင်ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၂၀ ဒသမ ၆၆၇ ဘီလျံကျော်ရှိပြီး ပို့ကုန်တင်ပို့မှု ပမာဏ ဒေါ်လာ ၈၇၅၄ သန်းကျော်ရှိပြီး သွင်းကုန်တင်သွင်းမှုပမာဏမှာ ဒေါ်လာ ၁၁၉၁၂ သန်းကျော် ရှိကြောင်း သိရသည်။
 

Most Read

Most Recent