ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ၁၃၀၉ ကျပ်သို့ ကျဆင်းပြီး ပြင်ပတွင် တစ်ဒေါ်လာ ၁၃၀၂ ကျပ် ဝန်းကျင်သို့ ဆက်လက်ကျဆင်း

ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ၁၃၀၉ ကျပ်သို့ ကျဆင်းပြီး ပြင်ပတွင် တစ်ဒေါ်လာ ၁၃၀၂ ကျပ် ဝန်းကျင်သို့ ဆက်လက်ကျဆင်း
Published 31 December 2015

ဒီဇင်ဘာနောက်ဆုံးရက် ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ၁၃၀၉ ကျပ်သို့ ကျဆင်းခဲ့ပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၂ ကျပ် ဝန်းကျင်သို့ ဆက်လက်ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်ရေး အသိုင်းအဝိုင်းအထံမှ စုံစမ်းသိရသည်။
 
ဒီဇင်ဘာ ၃၁ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၃၀၉  ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၃၀၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၈ ကျပ် ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူတစ်ဒေါ်လာလျှင် ရောင်းဈေး ၉၂၄ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၉၁၇ ကျပ်ဝန်းကျင် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၄၂၃ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၄၁၇ ကျပ်ဝန်းကျင်တွင် ရှိနေသည်။
 
ဒီဇင်ဘာနောက်ဆုံးပတ် ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဆက်တိုက်ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး  ဒီဇင်ဘာ ၂၈ ရက် တစ်ဒေါ်လာလဲနှုန်း ၁၃၀၆ ကျပ်သို့လည်းကောင်း၊ ၂၉ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၅ ကျပ်မှ ၃၀ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၄ ကျပ်ဝန်းကျင်၊ ဒီဇင်ဘာ ၃၁ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ကျပ် ၁၃၀၂ ဝန်းကျင်သို့ တစ်ပတ်အတွင်း လေးကျပ်ဝန်းကျင်သို့ ကျဆင်းခဲ့သည်။
 
ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်း ငွေလဲနှုန်းသည် ဒီဇင်ဘာနောက်ဆုံးပတ် ၂၈ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၃၁၁ ကျပ်အထိ အမြင့်ဆုံး မြင့်တက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၃၁၀သို့ ကျဆင်း ခဲ့ပြီး ဒီဇင်ဘာ နောက်ဆုံးရက် ၃၁ ရက် တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၉ ကျပ်သို့ ဆက်လက်လျော့ချ သတ်မှတ်ခဲ့သည်။
 
ဒီဇင်ဘာ ၃၁ ရက် နိုင်ငံခြားငွေကြေးလေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၁၃၀၉ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ နှစ်သန်းကို ရောင်းချခဲ့သည်။ ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၁၃၁၀ ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၉ ကျပ် ဝန်းကျင်တွင်ရှိနေကြောင်း သိရသည်။

Most Read

Most Recent