ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄ ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်ရရှိခဲ့ပြီး ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်က ရုပ်သံလွှင့် ဝန်ဆောင်မှုလုပ်ငန်း (စီမံကိန်းအဆင့်- ၂) ကို လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေး (၂၃/၂၀၁၅) တွင် အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၄ ခုကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများမှာ လက်ခစားစနစ်ဖြင့် ဆောင်ရွက်မည့် ကုန်ထုတ်လုပ်ငန်းများ၊ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ရောင်းချခြင်းနှင့် အခြားဆက်စပ်လုပ်ငန်း၊ ပုံနှိပ်မင် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ နိုင်ငံတကာ အဆင့်မီ အမျိုးသားနှင့် အမျိုးသမီးစီးဖိနပ်များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ အခြေခံ အဆောက်အအုံများ တည်ဆောက်၍ မြေယာဖော်ထုတ်ခြင်းနှင့် ထပ်ဆင့်ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများ၊ ရုပ်မြင်သံကြားရိုက်ကူး၊ ထုတ်လုပ်၊ ထုတ်လွှင့်ခြင်းနှင့် ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်း (စီမံကိန်းအဆင့်-၂)၊ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာသတ္တု အကြီးစား တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေး (၂၃/၂၀၁၅) မှ ခွင့်ပြုခဲ့သည့် လုပ်ငန်းများတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလေးခု၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုတို့ ပါဝင်ကြောင်း သိရသည်။
ရုပ်မြင်သံကြားရိုက်ကူး၊ ထုတ်လုပ်၊ ထုတ်လွှင့်ခြင်းနှင့် ဆက်စပ်သော ဝန်ဆောင်မှု လုပ်ငန်း (စီမံကိန်းအဆင့်-၂) ကို ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အောက်ပုဇွန်တောင်လမ်း မေယုအိမ်ရာဝင်း အတွင်းရှိ မြေ ၁ ဒသ မ ၆၈၃ ဧက တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေသံလွင်ကုမ္ပဏီမှာ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ရုပ်သံလွှင့်လုပ်ငန်း အပါအဝင် လုပ်ငန်းစုံ လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း ၇၄၀၈ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၄ ခု MIC ခွင့်ပြုချက်ရရှိခဲ့ပြီး ရွှေသံလွင် မီဒီယာကုမ္ပဏီက ရုပ်သံလွှင့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိ