မြန်မာနိုင်ငံတွင် လာမည့်ငါးနှစ်အတွင်း နိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှု မြင့်တက်လာမည်ဖြစ်၍ လိုအပ်သည့် လျှပ်စစ်ဓာတ်အားအတွက် ရေအား၊ ကျောက်မီးသွေးအပါအဝင် ရရှိနိုင်မည့် အရင်းအမြစ်များမှ တိုးမြှင့်ထုတ်လုပ်သွားရန် နေပြည်တော်တွင် ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်စိုးက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနေမှုနှင့်ပတ်သက်ပြီး ရေအားလျှပ်စစ်မှ တိုးမြှင့်ထုတ်လုပ်မှု ၆၆၃ မဂ္ဂါဝပ်နှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ထပ်မံ တည်ဆောက်တိုးမြှင့် တည်ဆောက်ကာ ထုတ်လုပ်မှုမှ မဂ္ဂါဝပ် ၁၁၁၄ ကျော်ဖြင့် စုစုပေါင်း မဂ္ဂါဝပ် ၁၇၇၇ ကျော် တိုးမြှင့်ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ထို့ကြောင့် ယခင်က လျှပ်စစ်ဓာတ်အားကို အိမ်ထောင်စု ၂ ဒသမ ၂ သန်းသာ သုံးစွဲနိုင်ခဲ့သော်လည်း ယခုအခါတွင် အိမ်ထောင်စု ၃ ဒသမ ၄ သန်းခန့် ဓာတ်အားရရှိ သုံးစွဲနိုင်ပြီဖြစ်ကြောင်း၊ သို့သော် အိမ်ထောင်စု ၇ ဒသမ ၄၇ သန်းမှာမူ လျှပ်စစ်ဓာတ်အား မရရှိသေးသဖြင့် ဓာတ်အားများ ထပ်မံတိုးမြှင့်၍ ထုတ်လုပ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဆိုသည်။ထို့ပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် JICA တို့၏ ချေးငွေများဖြင့် လာမည့်ငါးနှစ်တာကာလအတွင်း အိမ်ထောင်စု ၂ ဒသမ ၃ သိန်းကို မီးပေးနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ် အားထုတ်လုပ်ရာတွင် ရေအားမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပါက တစ်ယူနစ်လျှင် ၇၀ ကျပ်၊ သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်ရာတွင် တစ်ယူနစ်လျှင် ၁၀၀ ကျပ်ကျော် ကုန်ကျသော်လည်း မြန်မာနိုင်ငံတွင် အခြေခံ ယူနစ် တစ်ယူနစ်ကို ၃၅ ကျပ်ဖြင့်သာ ဖြန့်ဖြူးပေးနေသောကြောင့် နိုင်ငံတော်မှ တစ်နှစ်လျှင် ကျပ် ၃၇၀ ဘီလျံခန့် စိုက်ထုတ် ကျခံပေးနေရ၍ ဝင်ငွေနှင့် ထွက်ငွေ မမျှတဘဲ ဖြစ်နေကြောင်း၊ ဝင်ငွေနည်း၍ ထွက်ငွေများနေပါက ဌာနအနေဖြင့် ရေရှည်ရပ်တည်ရန် ခက်ခဲကြောင်း၊ နောင်ငါးနှစ်ကာလတွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ တိုးမြှင့်လာမည်ဖြစ်၍ လိုအပ်သော လျှပ်စစ် ဓာတ်အားများအား ရေအား၊ ကျောက်မီးသွေး အပါအဝင် ရရှိနိုင်မည့် အရင်းအမြစ်များမှ တိုးမြှင့်ထုတ်လုပ်သွားကြရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။ကမ္ဘာ့နိုင်ငံများတွင် ကျောက်မီးသွေးမှ လောင်စာထုတ်ယူသုံးစွဲမှုကြောင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ရင်ဆိုင်လာရသည့်နည်းတူ ကျန်းမာရေးဆိုင်ရာ ထိခိုက်သက်ရောက်မှုများ ကြုံတွေ့လာရသဖြင့် ကျောက်မီးသွေးသုံးစွဲမှုအား စီမံချက်ဖြင့် လျှော့ချနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့်မူ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ နောက်ထပ်တိုးမြှင့်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။သို့သော်လည်း ဒေသခံများနှင့် ပညာရှင်များကမူ ကျောက်မီးသွေးစက်ရုံ စီမံကိန်းများ တည်ဆောက်ရန် စီစဉ်နေမှုကို အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။
လာမည့်ငါးနှစ်အတွင်း နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာမည်ဖြစ်၍ ရေအား၊ ကျောက်မီးသွေး အပါအဝင် ရရှိနိုင်မည့် အရင်းအမြစ်များမှ တိုးမြှင့်ထုတ်လုပ်သွားရန် လျှပ်စစ်စွမ်းအားဝန်ကြီး ပြောကြား















