အာရဗီပြက္ခဒိန် ရိုက်နှိပ်သည့် ကျော်ပုံနှိပ်တိုက်အမှု ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၁ ရက်က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ရာ ပုဇွန်တောင်မြို့မ ရဲစခန်းမှူးက တရားစွဲဆို ခံထားရသူများအနက် တစ်ဦးလွတ်မြောက်နေကြောင်း လာရောက်ထွက်ဆိုခဲ့သည်။
ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော်၊ မန်နေဂျာ ဦးရဲသူအောင်၊ အလုပ်သမားများ ဖြစ်သော ဦးဝင်းနိုင်၊ ဦးဇော်မင်းဦး၊ ဦးဝင်းထွေးတို့ ငါးဦးနှင့် ပြက္ခဒိန်ရိုက်နှိပ်ရန် အလုပ်အပ်သည့် ဦးအောင်ခင်ဆိုသူတို့ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်လတ်က တရားလို ပြုလုပ်၍ တရားစွဲဆိုထားခြင်း ဖြစ်သည်။
အဆိုပါ တရားစွဲဆို ခံထားရသူများအား တရားရုံး ဖမ်းဝရမ်းဖြင့် ဖမ်းဆီးရာတွင် ရွှေပြည်သာမြို့နယ်၊ ၁၉ ရပ်ကွက်နေ ဦးအောင်ခင်ဆိုသူမှာ နေအိမ်တွင်ရှိမနေဘဲ ထွက်ပြေး လွတ်မြောက်နေကြောင်းကို ပုဇွန်တောင် မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဆန်းဦးက သက်သေအဖြစ် ထွက်ဆိုခြင်းဖြစ်သည်။
ယင်းနောက် အမှုစစ်တရားသူကြီးက အမှုကို ဆက်လက် စစ်ဆေးခဲ့ပြီး တတိယအကြိမ် ရုံးချိန်းကို ဒီဇင်ဘာ ၉ ရက်သို့ ချိန်းဆိုခဲ့သည်။
ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော် အပါအဝင် အမျိုးသားငါးဦးသည် ၎င်းပြက္ခဒိန် ရိုက်နှိပ်မှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၃ ရက် ကလည်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ ပုဒ်မ၂၀ ဖြင့် ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့ရာ တစ်ဦးလျှင် ဒဏ်ငွေ ၁၀ သိန်းစီ ပေးဆောင်ရန်၊ ပျက်ကွက်ပါက ထောင်ဒဏ်နှစ်နှစ် ကျခံရမည်ဟု အမိန့်ချခဲ့ရာ ၎င်းတို့ငါးဦးစလုံး ငွေဒဏ် ပေးဆောင်ခဲ့ကြပြီး ဦးအောင်ခင်ကိုလည်း တရားစွဲဆိုရန် ပြုလုပ်သော်လည်း ထိုအချိန်ကတည်းက ထွက်ပြေး လွတ်မြောက်နေ ကြောင်း သိရသည်။
ယင်းနောက် နိုဝင်ဘာ ၂၄ ရက်တွင် ၎င်းတို့ငါးဦးနှင့် ဦးအောင်ခင်အား အာရဗီပြက္ခဒိန်ကိစ္စနှင့် ပတ်သက်ပြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ထပ်မံ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
လူမှုကွန်ရက် Facebook တွင် အောင်ခင် (စစ်တွေ) ဆိုသည့် အကောင့်မှ၂၀၁၆ ခုနှစ် မြန်မာ-အင်္ဂလိပ်-အာရဗီ သုံးဘာသာဖြင့် ပြက္ခဒိန် ရိုက်နှိပ်ထားသော အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာများအား နိုင်ငံသားဖြစ် ခွင့်ပြုရေး လှုံ့ဆော်ဖော်ပြမှု ပြက္ခဒိန်များ ရိုက်နှိပ်ထုတ်ဝေကြောင်း သတင်းများအရ နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီခန့်က ဝင်ရောက်ရှာဖွေရာမှ ဖလင်ချပ်များနှင့် ပြက္ခဒိန် စက္ကူများ သိမ်းဆည်း ရမိခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
အာရဗီပြက္ခဒိန် ရိုက်နှိပ်သည့် ကျော်ပုံနှိပ်တိုက်အမှု ဒုတိယအကြိမ် ရုံးချိန်း၌ ပုဇွန်တောင် စခန်းမှူးက တရားစွဲဆို ခံထားရသူများအနက် တစ်ဦး လွတ်မြောက်နေကြောင်း လာရောက်ထွက်ဆို















