အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေချိုးဖောက်ခြင်း၊ အဂတိလိုက်စားခြင်းတို့ လုပ်ဆောင်ပါက ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူခံရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေချိုးဖောက်ခြင်း၊ အဂတိလိုက်စားခြင်းတို့ လုပ်ဆောင်ပါက ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူခံရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 29 November 2015
ကျော်ဇင်ဝင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ ဥပဒေချိုးဖောက်ခြင်းနှင့် အဂတိလိုက်စားခြင်းတို့ လုပ်ဆောင်ပါက ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူခံရမည်ဖြစ်ကြာင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အောက်မြန်မာပြည် တိုင်းနှင့်ပြည်နယ် ခုနစ်မှ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
 
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်စိစစ်ရေးအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့ကိုယ်စားလှယ် ဖြစ်ထိုက်၊ မဖြစ်ထိုက်အား ငါးနှစ်သက်တမ်းအတွင်း သက်သေပြနိုင်ရမည်ဖြစ်ပြီး စိစစ်ရေးအဖွဲ့က စောင့်ကြည့် စိစစ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု ဒဂုံမြို့နယ်တွင် အနိုင်ရရှိထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။
 
“အဓိကပြောတာတော့ ကိုယ့်လူတွေ ဖြစ်တဲ့ပေါ့နော်။ နိုင်ငံတော်ရဲ့တာဝန်နဲ့ ပတ်သက်ပြီးတော့မှ အဖွဲ့ချုပ်ကနေပြီးတော့ အချင်းချင်းမို့လို့ သက်ညှာမှာ မဟုတ်ဘူး။ နောက်ဆုံးပြောသွားတာလေးက တော်တော် သဘောကျတာတော့ အကူအညီလိုရင် မသိရင် လာမေးပါ။ မတတ်ရင် လာမေးပါ။ အကူအညီလိုရင် လာတောင်းပါ။ တိုးတိုးတိတ်တိတ်ပြောလည်း ရတယ်။ ကူညီဖို့ အဆင်သင့်ရှိတယ်။ ဒါပေမဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မှန်တာ ထင်တာဖြေရှင်းလိုက်ပြီးတော့မှ အမှားဖြစ်တယ်ဆိုရင်တော့ အမှားကို အမှန်ပြောင်းလဲပေးမှာ မဟုတ်ဘူး။ ဥပဒေကိုချိုးဖောက်ရင် ဥပဒေအတိုင်းပဲ အရေးယူမယ်။ ဒါပေမဲ့ ဘာတစ်ခုရှိလဲဆိုရင် ကိုယ့်ရဲ့အဖွဲ့အစည်းကလူဖြစ်တဲ့အတွက် နောက်ဆုံး ထောင်ကျသွားရင်တော့ ထောင်ဝင်စာတော့ လာတွေ့မယ်။ ဥပဒေအရတော့ သက်ညှာမှာ မဟုတ်ဘူးလို့ အန်တီစုက ပြောပြီးတော့ နိဂုံးချုပ်တယ်ပေါ့”ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စည်းကမ်းဖောက်ဖျက်ပါက ပါတီ စည်းမျဉ်းစည်းကမ်းများဖြင့် အရေးယူခံရမည့်အပြင် ပါတီသို့ ချိပ်ပိတ်တင်ပြထားသော ပိုင်ဆိုင်မှုထက် တိုးပွားကြောင်း စစ်ဆေးတွေ့ရှိရပါက ပါတီမှ ကတိဖောက်ဖျက်မှုဖြင့် ဦးစွာတရားစွဲဆို ပြီးနောက် အဂတိလိုက်စားမှု ဥပဒေဖြင့် ဆက်လက်အရေးယူမည်ဖြစ်သည်ဟု သတိပေးခဲ့ကြောင်း သိရသည်။
 
“NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်ပြီဆိုတာနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးမခံရသေးဘူးနော်။ အားလုံးက ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို ဖော်ပြပြီးတော့ စာချုပ်မှာ ခံဝန်ကတိ ထိုးထားရတယ်။  အဲဒီစာချုပ်ဆိုတာကလည်း ရိုးရိုးပါတီရဲ့ရုံးစာနဲ့ လုပ်ထားတာမဟုတ်ဘူး။ သုံးရာတန် တံဆိပ်ကောင်း ကပ်ထားတယ်။ ဆိုလိုတဲ့  သဘောကတော့ တရားရုံးမှာ တရားစွဲလို့ရတယ်။ ဥပဒေအရ ခိုင်လုံအောင်လုပ်ထားတာ။ အဲဒီတော့ပြဿနာတစ်ခုခုဖြစ်လာရင် ပါတီစည်းကမ်းထိန်းသိမ်းရေးက ဒါကိုဖွင့်ပြီးတော့ စစ်လိုက်မယ်။ စစ်လိုက်တဲ့အခါ မှာ မတန်တဆ တိုးပွားနေတဲ့အနေအထားမျိုး တွေ့ရှိမယ်ဆိုရင် ကတိခံဝန်ချက် ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုလို့ရတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ဆိုရင်မှ ကြာနေဦးမယ်။ ပါတီစည်းကမ်းထိန်းသိမ်းရေးက ပါတီကနေ ကိုင်နိုင်အောင် ကိုယ်စားလှယ်တွေ အကုန်လုံးကို အဂတိကင်းစင်တဲ့ လွှတ်တော်၊ အဂတိကင်းစင်တဲ့ အစိုးရဖြစ်အောင်လို့ နဂိုတည်းက ကြိုတင်စီမံထားတာပါ”ဟု ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒ နယ်(၃)တွင် အနိုင်ရရှိထားသည့် ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။
 
ထို့ပြင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် အနိုင်ရရှိခဲ့သည့်  လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့ရရှိမည့် လစဉ်ချီးမြှင့်ငွေထဲမှ အနည်းဆုံး ၂၅ ရာခိုင်နှုန်းမှ အများဆုံး ရာခိုင်နှုန်း ၅၀ အထိ ပါတီရန်ပုံငွေအဖြစ် ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
 
“လက်ရှိလည်း ဆရာတို့အနေနဲ့ ချီးမြှင့် ငွေ ၁၀ သိန်း ခံစားခွင့်ရတယ်။ နှစ်သိန်းခွဲက လစဉ် ပါတီရန်ပုံငွေအနေနဲ့ ပြန်လှူရတယ်။ အခုဟာက လူပိုများလာပြီ။ ဒီပုံစံအတိုင်းပဲ ဆက်ကျင့်သုံးမယ်ဆိုတာကိုပြောတာ။ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ကတော့ နည်းမယ်။ ချီးမြှင့်ငွေ နည်းတဲ့အတွက်ကြောင့် အတိအကျတော့ မသိဘူး။ အဲဒါလည်း လက်ရှိ ကိုယ်စားလှယ်နှစ်ယောက်ရှိတယ်။ သူတို့လည်း ပါတီကို ပြန်လှူတာပဲ။ တိုင်းရင်းသားရေးရာဝန်ကြီးတွေရှိတယ်။ သူတို့ဆို ချီးမြှင့်ငွေသိန်း၂၀ ရတော့ သူတို့ဆို များသွားပြီ။ များတာနဲ့အမျှ ဖြတ်တဲ့ရာခိုင်နှုန်း တိုးသွားမယ်။ ဒါကိုပြောတာ။ ချီးမြှင့်ငွေများတာနဲ့ အမျှရာခိုင်နှုန်းတိုးသွားမယ်”ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။
 
ထို့အတူ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ကျေညက်အောင် လေ့လာထားရန်၊ ပါတီစည်းကမ်းများနှင့် မူဝါဒများကို ရင်းနှီးကျွမ်းဝင်မှုရှိအောင် လေ့လာထားရန်တို့ကို လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်တွင် အနိုင်ရရှိထားသည့် ဦးခင်မောင်ဝင်းက ပြောကြားသည်။         

Most Read

Most Recent