လက်ရှိ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကျပ်ဘီလျံ ၈၁၀ ကျော် ကောက်ခံရရှိရန် လျာထားသော်လည်း ကျပ်ဘီလျံ ၇၄၀ ကျော် ရရှိပြီး လျာထားချက်ထက် လျော့နည်း

လက်ရှိ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကျပ်ဘီလျံ ၈၁၀ ကျော် ကောက်ခံရရှိရန် လျာထားသော်လည်း ကျပ်ဘီလျံ ၇၄၀ ကျော် ရရှိပြီး လျာထားချက်ထက် လျော့နည်း
Published 28 November 2015
မျိုးမင်းထက်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်၌ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ကောက်ခံသည့် ကုန်သွယ် လုပ်ငန်းခွန်နှင့် ပတ်သက်ပြီး အခွန်ငွေ ကျပ်ဘီလျံ ၈၁၀ ကျော် ကောက်ခံ ရရှိရန် လျာထားသော်လည်း ဘီလျံ ၇၄၀ ကျော် ရရှိခဲ့ကာ လျာထားချက်ထက် လျော့နည်း ရရှိခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဝန်ကြီးဦးဝင်းရှိန်က နေပြည်တော်တွင် နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် ပြည်ထောင်စု၏ အခွန် ကောက်ခံ ရရှိမှုနှင့် ပတ်သက်ပြီး လွှတ်တော်သို့ ရှင်းလင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနက ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်အတွက် လက်ရှိ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်၌ ကျပ် ၈၁၃ ဒသမ ၅၉၇ ဘီလျံ ကောက်ခံ ရရှိရန် လျာထားသော်လည်း ရရှိမှုမှာ ကျပ် ၇၄၉ ဒသမ ၀၇၂ ဘီလျံဖြစ်ပြီး အကောင်အထည် ဖော်နိုင်မှုမှာ ၉၂ ဒသမ ၀၇ ရာခိုင်နှုန်း ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်က ဆိုသည်။“လျာထားချက်ထက် လျော့နည်းရခြင်းမှာ နိုင်ငံပိုင် ကဏ္ဍနဲ့ သမဝါယမ ကဏ္ဍတို့မှ ပေးသွင်းရမယ့် ကုန်သွယ် လုပ်ငန်းခွန်တွေဟာ ဘဏ္ဍာရေးနှစ်ကုန်မှ စုပေါင်းပေးသွင်းမှာ ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါတယ်” ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၊ ပထမ ခြောက်လပတ်၌ ဘဏ္ဍာရေး ဝန်ကြီးဌာနက ကောက်ခံသည့် အခွန်ငါးမျိုးအတွက် အခွန်ရငွေ လျာထားချက်မှာ ကျပ် ၁၇၆၆ ဒသမ ၂၂၀ ဘီလျံဖြစ်ပြီး ကောက်ခံရရှိမှုမှာ ကျပ် ၂၀၂၅ ဒသမ ၀၁၅ ဘီလျံ ဖြစ်သည့်အတွက် အကောင်အထည် ဖော်နိုင်မှုမှာ ၁၁၄ ဒသမ ၆၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သတင်းရရှိသည်။ယခု ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်တွင် လျာထားချက်ထက် ကျော်လွန်ကာ ကောက်ခံနိုင်သည့် အခွန် ၁၃ မျိုးရှိပြီး လျာထားချက်ထက် လျော့နည်း ကောက်ခံရရှိခဲ့သည့် အခွန် ငါးမျိုးရှိကြောင်း သိရကာ လျော့နည်းခဲ့သည့် အခွန် အမျိုးအစားများမှာပြည်ထဲရေး ဝန်ကြီးဌာနမှ ကောက်ခံသည့် ဓာတ်သတ္တု ပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန်၊ ဘဏ္ဍာရေး ဝန်ကြီးဌာနက ကောက်ခံသည့် ကုန်သွယ် လုပ်ငန်းခွန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ကောက်ခံသည့် ကြက်ပေါင်စေးခွန်၊ စွမ်းအင် ဝန်ကြီးဌာနက ကောက်ခံသည့် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန်နှင့် နေပြည်တော် ကောင်စီက ကောက်ခံသည့် ရေခွန်တို့ ဖြစ်ကြောင်း  ဝန်ကြီး ဦးဝင်းရှိန်က ဆိုသည်။စွမ်းအင် ဝန်ကြီးဌာန၊ စွမ်းအင် စီမံရေး ဦးစီးဌာနက ကောက်ခံသည့် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ထုတ်ယူသည့်အပေါ် ကောက်ခံသည့် အခွန်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် လျာထားချက်မှာ ကျပ် ၁၄၆ ဒသမ ၄၁၃ ဘီလျံဖြစ်ပြီး ကောက်ခံ ရရှိမှုမှာ ကျပ် ၁၃၇ ဒသမ ၂၆၄ ဘီလျံ ဖြစ်သည့်အတွက် အကောင်အထည် ဖော်နိုင်မှုမှာ ၉၃ ဒသ မ ၇၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ လျော့နည်းရခြင်းမှာ အမှန်ထုတ်လုပ်မှု အ နည်းငယ် လျော့နည်းခြင်းကြောင့် ဖြစ်ကြောင်း ဝန်ကြီး ဦးဝင်းရှိန်က ရှင်းလင်းပြောကြားသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်၌ အခွန်ကျပ် ၂၀၂၇ ဒသမ ၆၄၂ ဘီလျံရရှိရန် လျာထားခဲ့ပြီး အခွန်ကောက်ခံရရှိမှုမှာ ကျပ် ၂၃၅၇ ဒသမ ၈၀၅ ဘီလျံ ဖြစ်သည့်အတွက် အကောင်အထည် ဖော်နိုင်မှုမှာ ၁၁၆ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်ကြောင်း သတင်းရရှိသည်။  

Most Read

Most Recent