ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့်ကိစ္စ နိုဝင်ဘာ ၂၃ ရက်တွင် အစိုးရနှင့် ညှိနှိုင်းရန် SSPP/SSA ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့်ကိစ္စ နိုဝင်ဘာ ၂၃ ရက်တွင် အစိုးရနှင့် ညှိနှိုင်းရန် SSPP/SSA ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ
Published 22 November 2015

ရှမ်းပြည်နယ် အတွင်း၌ အစိုးရ တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲနိုင်ရေး ညှိနှိုင်းရန် SSPP/SSA မှ ဗိုလ်မှူးကြီး စိုင်းလဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၂၂ ရက်တွင် ထွက်ခွာသွားပြီဖြစ်ကြောင်း SSPP/SSA ဗဟိုရုံးမှ ဗိုလ်မှူး စိုင်းခမ်းက ပြောကြားသည်။ဗိုလ်မှူးစိုင်းခမ်းက “ညှိနှိုင်းဖို့က ဒီနေ့ ကိုယ်စားလှယ်တွေ နေပြည်တော်ကို သွားလိုက်ပြီ။ ဒီကနေတော့ ကိုယ်စားလှယ်ငါးဦး ထွက်သွားတာ။ ဗိုလ်မှူးကြီး စိုင်းလပဲ ဦးဆောင်သွားပါတယ်” ဟု နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ပြောကြားသည်။ရှမ်းပြည်နယ် အတွင်း၌ အစိုးရ တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေမှုများနှင့် ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် SSPP/SSA ဗဟို ကော်မတီဝင် ဦးစဝ်နော်လိတ်တို့ နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သေးသည်။ထိုသို့တွေ့ဆုံစဉ် အစိုးရဘက်မှ SSPP/SSA အနေဖြင့် ကော်မတီ အဖွဲ့တစ်ခု ဖွဲ့စည်းပြီး နိုဝင်ဘာ ၂၃ ရက်တွင် တွေ့ဆုံ ဆွေးနွေးရန် ဆွေးနွေးခဲ့ကြောင်း၊ SSPP/SSA ဘက်မှလည်း ပြည်သူများသာ ဒုက္ခရောက်ပြီး အကျိုးမရှိသည့် စစ်ပွဲများ ရပ်တန့်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်ပေးရန် တင်ပြ ဆွေးနွေးခဲ့သည်။ဦးစဝ်နော်လိတ်က “မနက်ဖြန် ဆွေးနွေးမှာပါ။ ဟိုဘက်က တပ်ဘက်ကလည်း ပါမယ်။ မနက်ဖြန် ရန်ကုန်မှာ လုပ်မယ်လို့ ပြောတယ်။ ရန်ကုန် ဘယ်နေရာမှာ လုပ်မယ်ဆိုတာကိုတော့ သူတို့ မပြောပြသေးဘူး။လက်ရှိ တိုက်ပွဲအခြေအနေကတော့ ဆိုးတုန်းပဲ။ ကျွန်တော်တို့ မေတ္တာရပ်ခံလည်း လက်မခံဘူး။ သူတို့ဖိတ်တာဆိုတော့ သူတို့ဘယ်လို စဆွေးနွေမယ်ဆိုတာ စောင့်ကြည့်မယ်လေ” ဟု နိုဝင်ဘာ ၂၂ရက်တွင် ပြောကြားသည်။အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) အလုပ်အဖွဲ့ဖြစ်သည့် Myanmar Peace Center မှ တာဝန်ရှိသူ တစ်ဦးထံ ဆက်သွယ် မေးမြန်းရာ ၎င်းတို့အနေဖြင့် ဆွေးနွေးပွဲ ကိစ္စနှင့် ပတ်သက်ပြီး မသိရှိသေးကြောင်းနှင့် SSPP ဘက်သို့သာ မေးမြန်းရန် ပြန်လည် ဖြေကြားသည်။တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ် မထိုးသေးသည့် SSPP နှင့် အစိုးရ တပ်မတော်အကြား ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှ စတင်ကာ ပြင်းထန်သည့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်သား အများအပြား ထိခိုက် သေဆုံးခဲ့ပြီး တိုက်ပွဲများကြောင့် ဒေသခံ တစ်သောင်းကျော် စစ်ဘေးဒုက္ခ ကြုံတွေ့နေကြရကာ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေသည်။

Most Read

Most Recent