NLD ပါတီ၏ နိုင်ငံခြားရေး မူဝါဒကို လေ့လာ ဆန်းစစ်ခြင်း

NLD ပါတီ၏ နိုင်ငံခြားရေး မူဝါဒကို လေ့လာ ဆန်းစစ်ခြင်း
Published 22 November 2015
မင်းလွင် (ဆေး-၂)

အခုတော့ အားလုံးသိကြတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အများမျှော်လင့်တဲ့အတိုင်း အပြတ်အသတ် အနိုင်ရခဲ့ပါပြီ။ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ် အရေအတွက်ကိုလည်း ကျော်လွန်သွားခဲ့ပါတယ်။ ဒါပေမဲ့ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပုဒ်မ ၅၉(စ) အရ သမ္မတဖြစ်ခွင့် ပိတ်ပင်ထားဆဲပါပဲ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က “သူဟာ သမ္မတအထက်ကနေ ရှိနေမယ်” လို့ ပြောခဲ့တဲ့အတွက် ဝေဖန်သံတွေလည်း သောသောညံခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် NLD ပါတီ အစိုးရဖွဲ့ပြီးခဲ့ရင် အဲဒီ အစိုးရအဖွဲ့ရဲ့ မူဝါဒက ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာပဲ မူတည်နေလိမ့်မယ်လို့ အများက တွက်ဆထားပြီးသားပါ။■ ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သံအမတ်ကြီး တွေ့ဆုံဒီလို အနေအထားမှာ အထူးသဖြင့် တရုတ်နိုင်ငံ အနေနဲ့ သူရဲ့ အကျိုးစီးပွားက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အနေအထားနဲ့ အများကြီး ဆက်စပ်နေတာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို အခုကတည်းက တီးခေါက်ကြည့်တာတွေ လုပ်လာရပါတော့တယ်။ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း NLD ပါတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီ သတင်းထုတ်ပြန်ချက်ထဲမှာ တရုတ်သံအမတ်ကြီးနဲ့ အဖွဲ့က နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အဆောင်အမှတ် အိုင်-၁၂ မှာ လာရောက် တွေ့ဆုံခဲ့တယ်လို့သာ ရေးသားထားပြီး တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာတွေကိုတော့ ဖော်ပြမထားပါဘူး။■ ဆင်ဟွာ သတင်းဌာန၏ ဖော်ပြချက်နိုဝင်ဘာ ၁၇ ရက်က နေပြည်တော်မှာ တရုတ်အစိုးရအာဘော် သတင်းဌာနဖြစ်တဲ့ ဆင်ဟွာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံမှုလည်း ရှိခဲ့ပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရစဉ်ကတည်းက ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေး မူဝါဒဟာ နိုင်ငံအတွက် အင်မတန် သင့်တော်တယ်လို့ ထင်မြင်တဲ့ အကြောင်းနဲ့ အဲဒီ မူဝါဒကို အောင်အောင်မြင်မြင် ဆက်ပြီး ကျင့်သုံးသွားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။“ကျွန်မတို့ကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ် ကတည်းက သုံးခဲ့တဲ့ နိုင်ငံခြားရေး မူဝါဒက မှန်ကန်တယ်လို့ပဲ သဘောထားပါတယ်။ အဲဒီ မူဝါဒအရ ကျွန်မတို့ အိမ်နီးချင်းတွေနဲ့လည်း ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ အဝေးက မိတ်ဆွေတွေနဲ့လည်း ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဆက်ဆံတယ်။ ဘယ်သူ့ကိုမှ ရန်သူလို မထားဘူး။ အားလုံးကို မိတ်ဆွေလိုထားတယ်။ ဒီလိုကြောင့် မြန်မာနိုင်ငံဟာ အဲဒီတုန်းက ကမ္ဘာမှာရှိတဲ့ နိုင်ငံ အတော်တော်များများရဲ့ စေတနာကို ရရှိခဲ့တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။တရုတ်နိုင်ငံအပေါ် ထားရှိတဲ့ NLD ပါတီရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့ အခါမှာ “တရုတ်ပြည်ဆိုတာ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်တယ်လို့ အားလုံးက သိပြီးသားပါ။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆက်ဆံရေး ဆိုတာဟာ အဝေးနိုင်ငံများရဲ့ ဆက်ဆံရေးထက် အများကြီးပိုပြီး သိမ်မွေ့ပါတယ်။ သိမ်မွေ့တဲ့ အလျောက် ကျွန်မတို့ဟာ ဒီဆက်ဆံရေးကို သိပ်ပြီးတော့ အလေးထားပြီးတော့ ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် တိတိကျကျ ဆက်ဆံသွားမှာပါ။ မိတ်ဆွေဖြစ်တယ်ဆိုတာ ဟိုဘက် ဒီဘက် နှစ်ဖက်စလုံးက လိုလားလို့ရှိရင် မဖြစ်နိုင်စရာအကြောင်း မရှိပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်းလည်း ဆင်ဟွာက ဖော်ပြပါတယ်။မြန်မာနိုင်ငံမှာ ထိထိရောက်ရောက် အောင်အောင်မြင်မြင် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဘယ်နိုင်ငံမဆို အလိုအပ်ဆုံး ကိစ္စက ပြည်သူတွေရဲ့ ယုံကြည်မှုကို ရယူဖို့ဖြစ်ပြီး ပြည်သူတွေက အဲဒီနိုင်ငံတွေနဲ့ စီးပွားရေးအရ ဆက်ဆံရေးဟာ မိမိတို့နိုင်ငံကို အကျိုးပြုပါလားဆိုတာ သဘောပေါက်သွားရင် သဘောပေါက်တဲ့အလျောက် တိုးတက်ပြီး ဆက်ဆံရေးတွေ ပိုမိုနွေးထွေးလာမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။■ တရုတ်-မြန်မာ ဆက်ဆံရေးဒုတိယ ကမ္ဘာစစ်ပြီးကာလ တရုတ်-မြန်မာ ဆက်ဆံရေးက ရှုပ်ရှုပ်ထွေးထွေးပါပဲ။ နွေးထွေးတဲ့ ဆက်ဆံရေးကနေ ရန်လိုတဲ့ ဆက်ဆံရေးအထိ အနေအထားက အမျိုးမျိုးပါ။ ၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို အသိအမှတ်ပြုခဲ့တဲ့ထဲမှာ မြန်မာနိုင်ငံဟာ ပထမဆုံး ကွန်မြူနစ်မဟုတ်တဲ့ နိုင်ငံပါပဲ။ ဒါပေမဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေ အတွင်းမှာ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေ ဖြစ်ပွားပြီးတဲ့နောက် မြန်မာနိုင်ငံက တရုတ်လူမျိုးတွေ အများအပြားကို မောင်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့ ၁၉၈၈ ခု ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ မြန်မာအစိုးရ ကိုယ်တိုင်က ဆက်ဆံရေးကို မြှင့်တင်ဖို့ လိုလားခဲ့တာမို့ တရုတ်နဲ့ ဆက်ဆံရေးက ပိုမိုနီးကပ်လို့ သွားပါတယ်။ ဒီကနေ့မှာ မြင်ရတဲ့ အားကောင်းတဲ့ အပြန်အလှန် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေကိုကြည့်ရင် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေး အနေအထားကို အလွယ်တကူ မြင်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာလည်း တခြားအရှေ့တောင်အာရှ နိုင်ငံတွေလိုပါပဲ၊ ဒေသတွင်းမှာ တရုတ်ရဲ့ အင်အားနဲ့ သြဇာ အလွန်အမင်း ကြီးထွားလာတာကို စိုးရိမ်နေပါတယ်။■ ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံအခု ရွေးကောက်ပွဲ မတိုင်မီ အနေအထား အရကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးက ကောင်းမွန်တဲ့ အနေအထားမှာ မရှိပါဘူး။ မြန်မာနိုင်ငံ အနေနဲ့ တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ အပြန်အလှန် မှီခိုမှု ကြီးထွားလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရေး လမ်းကြောင်းဟာ နောက်ပြန်ဆွဲသလို ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ ခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ တရုတ်နဲ့ ပလူးပလဲလုပ်တဲ့ ကိစ္စတွေကနေ ခပ်ဝေးဝေး နေခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ကြောင့် ဖြစ်လာတဲ့ ပြည်တွင်းဝေဖန်မှုတွေကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်ရဲ့ အကျိုးစီးပွားဘက်ကို ယိမ်းသွားတယ်လို့ ယူဆခံရတုန်းက ဝေဖန်တုံ့ပြန် ခံရမှုတွေက သူ့အတွက် အတိတ်သင်ခန်းစာတွေ အနေနဲ့ ရှိခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူရဲ့ နိုင်ငံရေး သြဇာကို ဖြန့်ကြက်ရာမှာ တရုတ်နဲ့ ဆက်ဆံရေးကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာက သိပ်ကိုအရေးကြီးတဲ့ အကြောင်းဖြစ်ရပ်တွေက သက်သေပြထားနှင့်ပြီးပါပြီ။ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ နိုဝင်ဘာ ၁၈ ရက် နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ-NLD Chairperson Facebook)
၂၀၁၂ ခုနှစ်မှာ နိုင်ငံ အနောက်မြောက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း ကိစ္စမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ လက်ပံတောင်းတောင် စီမံကိန်းကို မြန်မာတပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံရဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်နေတာပါ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ သဘာ၀ ပတ်ဝန်းကျင်ကို ပျက်စီးစေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြေအသိမ်းခံရတဲ့ ပြည်သူတွေကို လုံလောက်တဲ့ လျော်ကြေးငွေ မပေးဘူးဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။အကြမ်းဖက် နှိမ်နင်းခဲ့မှုနဲ့ စီမံကိန်း ဆက်လုပ်သင့် မသင့် ကိစ္စတွေ စုံစမ်းစစ်ဆေးဖို့ သမ္မတ ဦးသိန်းစိန်က တာဝန်ပေးတဲ့ ကော်မရှင် တစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် မတ်လမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး အစိုးရ အနေနဲ့ ကြေးနီစီမံကိန်းကို ဆက်ပြီး ခွင့်ပြုသင့်တယ်လို့ အကြံပြုထားပါတယ်။ အဲဒီအချိန်မှာ တုံ့ပြန်ဝေဖန်မှုတွေ အလျင်အမြန် ပေါ်ထွက်လာခဲ့ပါတယ်။ ဖြစ်ရပ်တစ်ခုလုံးကို မြန်မာပြည်သူတွေရဲ့ တရုတ်ကို ဆန့်ကျင်တဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး စမ်းသပ်ချက် တစ်ရပ်အဖြစ် ရှုမြင်နိုင်သလို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ပွင့်လင်းမြင်သာမှုတွေ မရှိခဲ့လို့ လို့လည်း မြင်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာက အဲဒီ ကြေးနီစီမံကိန်းကို ဆန့်ကျင်သူတွေကြားက ဒေါသကို ပိုပြီး မြင့်တက်သွားစေခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်က ထိုးကျွေးလို့ရတဲ့ နယ်ရုပ်လေး တစ်ရုပ်လား၊ သူတို့စီးပွားရေး အကျိုးစီးပွားအတွက် ချနင်းစရာ နေရာတစ်ခုလားရယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်အစိုးရကို ပွေ့ဖက်ကြိုဆို ရမလား၊ ဒါမှမဟုတ် ဆက်ပြီးတော့ပဲ ခပ်ခွာခွာ နေရမလားဆိုတဲ့ အကျပ်အတည်းထဲကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီ အကျပ်အတည်းကို သတိပြုမိလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆင်ဟွာသတင်းဌာနနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ထိထိရောက်ရောက် အောင်အောင်မြင်မြင် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဘယ်နိုင်ငံမဆို အလိုအပ်ဆုံး ကိစ္စက ပြည်သူတွေရဲ့ ယုံကြည်မှုကို ရယူဖို့ဖြစ်ပြီး ပြည်သူတွေက အဲဒီနိုင်ငံတွေနဲ့ စီးပွားရေးအရ ဆက်ဆံရေးဟာ မိမိတို့နိုင်ငံကို အကျိုးပြုပါလားဆိုတာ သဘောပေါက်သွားရင် သဘောပေါက်တဲ့အလျောက် တိုးတက်ပြီး ဆက်ဆံရေးတွေ ပိုမိုနွေးထွေးလာမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါလိမ့်မယ်။ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နဲ့ ဆက်ဆံရေး ပြေလည်ဖို့က ရှောင်လွှဲလို့ မရသလို၊ NLD ပါတီကို တစ်ခဲနက် မဲပေးလိုက်ကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုလည်း လျစ်လျူပြုလို့ မရနိုင်ပါဘူး။ အဲဒီတော့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ NLD ရဲ့ မူဝါဒဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရေးသမား တစ်ဦးအဖြစ် ဘယ်လောက်ပါးနပ်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး စမ်းသပ်ချက် တစ်ရပ်လည်း ဖြစ်လာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အစောကြီး ကတည်းက လက်ဦးမှု ရယူထားတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု နေရာတွေကို အနောက်တိုင်းနဲ့ အစားထိုးလို့ မရတော့ဘူး ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်ထားပြီး ဖြစ်ပါတယ်။■ အာရှ-ပစိဖိတ်ဒေသ၌ ပြိုင်ဆိုင်မှုအာရှ-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အင်အားနဲ့ သြဇာ ကြီးထွားလာနေတာနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ ဒေသတွင်းနိုင်ငံတွေထက် ပိုလို့တောင် စိုးရိမ်နေတယ်လို့ ဆိုနိုင်ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အေပက် ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဘာရက်အိုဘားမား တက်ရောက်ခဲ့သလို တရုတ်သမ္မတ ရှီကျင်းပင်းလည်း တက်ရောက်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၂၁ နိုင်ငံ ပါဝင်တဲ့ အေပက် ထိပ်သီးဆွေးနွေးပွဲဟာ ကုန်သွယ်ရေး မြှင့်တင်ဖို့အတွက် နှစ်စဉ်ကျင်းပတာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ကမ္ဘာ့အရေးကြီးဆုံး ရေကြောင်းလမ်းတွေ ပါဝင်နေတဲ့ တောင်တရုတ်ပင်လယ် ကိစ္စက လွှမ်းမိုးခဲ့ပါတယ်။အခု အေပက် ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဖိလစ်ပိုင်နိုင်ငံ အပါအဝင် ဒေသတွင်းက ပိုမိုသေးငယ်တဲ့ နိုင်ငံတွေဟာ တရုတ်က မဟာဗျူဟာမြောက် ရေကြောင်းလမ်းတွေကို အပိုင်စီးမှုနဲ့ ပတ်သက်ပြီး အပြင်းအထန် အငြင်းပွားလျက် ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အာရှနိုင်ငံ များစွာတို့က အမေရိကန်ရဲ့ ကူညီထောက်ခံမှုကို မျှော်လင့်နေကြနေကြပါတယ်။ အဲဒီ မျှော်လင့်ချက်ကို နိုဝင်ဘာ ၁၇ ရက်မှာ အမေရိကန်က အာမခံခဲ့ပါတယ်။ နိုဝင်ဘာ ၁၈ ရက်မှာတော့ တရုတ်နိုင်ငံပိုင် မီဒီယာက အမေရိကန်ကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး အမေရိကန်က တောင်တရုတ်ပင်လယ် ကိစ္စမှာ ဝင်ပြီး ခြေရှုပ်နေတယ်လို့ တရုတ်နိုင်ငံပိုင် China Daily သတင်းစာက မှတ်ချက် ရေးသားခဲ့ပါတယ်။လက်ရှိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်နေတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကိုလည်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားနဲ့ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းတို့ တက်ရောက်နေပါတယ်။ အမေရိကန်က အရှေ့တောင်အာရှ နိုင်ငံတွေ အပါအဝင် အာရှ-ပစိဖိတ်ဒေသမှာ ကြီးမားတဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး သဘောတူညီချက်ကြီးတစ်ရပ် ရရှိဖို့ ကြိုးပမ်းနေပါတယ်။ ဒါကို တရုတ်က အကြီးအကျယ် ဆန့်ကျင် တားဆီးနေပါတယ်။ အဲဒီလို နိုင်ငံရေး အရနဲ့ စီးပွားရေးအရ တရုတ်နဲ့ အမေရိကန်တို့ အကြီးအကျယ် အားပြိုင်နေမှုက မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ 
■ မြန်မာ-အမေရိကန် ဆက်ဆံရေး၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အမေရိကန်နဲ့ မြန်မာတို့ရဲ့ ဆက်ဆံရေးဟာ ဆိုးရွားလာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ခြင်း အပါအဝင် စစ်အစိုးရရဲ့ မြန်မာပြည်သူအတွေအပေါ် ဆက်လက်ဖိနှိပ်မှုတွေကြောင့် မြန်မာ-အမေရိ ကန်ဆက်ဆံရေးဟာ ဆိုးရွားသည်ထက် ဆိုးရွားလာပါတယ်။ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမယ့် အရိပ်အယောင်တွေ ပြသလာခဲ့တာမို့ အမေရိကန် အစိုးရက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို တိုးတက်အောင်လုပ်ရေး လုပ်ငန်းစဉ် စတင်လာပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ အိမ်ဖြူ တော်ဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအဖြစ် သံအမတ်ကြီး ခန့်အပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန် ၂၉ ရက်မှာ အမေရိကန် ဆီးနိတ်လွှတ်တော်က ဒဲရစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခန့်အပ်ဖို့ အတည်ပြုခဲ့ပါတယ်။ 
■ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝါရှင်တန်ပို့စ် အင်တာဗျူးဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နဲ့ မြန်မာဆက်ဆံရေးကို မေးတဲ့အခါ ကောင်းပါတယ်လို့ပဲ တိုတိုတုတ်တုတ် ဖြေခဲ့တာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ အနိုင်ရတဲ့ ကိစ္စမှာ အမေရိကန် အစိုးရကို အမှတ်ပေးချင်တာ ရှိလားလို့ မေးတဲ့အခါ ကျွန်မတို့ ရွေးကောက်ခံရတဲ့ အကြောင်းရင်းက ကျွန်မတို့ ပြည်သူတွေကြောင့်ပါ၊ တခြား ဘယ်သူကြောင့်မှ မဟုတ်ပါဘူးလို့ ဖြေခဲ့တာကိုကြည့်ရင် ဒီနေရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါးနပ်မှုကို တွေ့ရမှာ ဖြစ်ပါတယ်။ဝါရှင်တန်ပို့စ်က စီးပွားရေး လုပ်ငန်းတွေ လာစေချင်တယ်လို့ ထင်တဲ့အကြောင်း ပြောတဲ့အခါ “သေချာတာပေါ့။ ကျွန်မ လိုချင်တာက ကောင်းမွန် မှန်ကန်တဲ့ သဘောထားနဲ့ ကောင်းမွန်မှန်ကန်တဲ့ စီးပွားရေးမျိုးပေါ့။ ကျမအမြဲတမ်း ပြောပါတယ်။ စီးပွားရေး လုပ်ငန်းတွေ အောင်မြင်စေချင်တယ်။ တစ်ဖက်မှာလည်း ကျွန်မတို့အတွက် အကျိုးအမြတ်လည်း ရှိရမယ်။ တစ်ဖက်သတ် စီးပွားရေး မဖြစ်စေချင်ဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေခဲ့ပါတယ်။ဟိုက “အမေရိကန်ရဲ့ ပိတ်ဆို့မှု ကျန်နေသေးတာတွေ ဖယ်ရှားသွားစေချင်သလား” လို့ မေးတဲ့အခါ “စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရ အာဏာရပြီ ဆိုရင်တော့ ပိတ်ဆို့ အရေးယူမှုတွေ ဘာလို့ ဆက်ထားနေဦးမှာလဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့ပါတယ်။နိုဝင်ဘာ ၂၂ ရက်မှာတော့ AP သတင်းဌာနက မြန်မာနိုင်ငံမှာ လက်ရှိ အာဏာရ ပါတီက ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာပြီး အာဏာ လွှဲပြောင်းပေးမယ်ဆိုရင် အမေရိကန်က မြန်မာနိုင်ငံအပေါ် ထားရှိဆဲဖြစ်တဲ့ ပိတ်ဆို့မှု တချို့ကို လျှော့ချပေးဖို့ အမေရိကန် ဆီးနိတ်လွှတ်တော် အမတ်နှစ်ဦးဖြစ်တဲ့ မစ်ချ်မက်ကွန်နယ်နဲ့ ဂျွန်မက်ကိန်းတို့က တိုက်တွန်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (Photo:AFP)
နောက်ဆုံးတော့ ဝါရှင်တန်ပို့စ်ဟာ မြန်မာနဲ့ တရုတ် ဆက်ဆံရေးကို တီးခေါက်လာပါတော့တယ်။“ကောင်းပါတယ်။ ကျွန်မတို့ဟာ အိမ်နီးချင်းနိုင်ငံ အားလုံးနဲ့ ဆက်ဆံရေး ကောင်းဖို့ပဲ ရည်ရွယ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ဝါရှင်တန်ပို့စ်က “ဘက်မလိုက်တဲ့ အနေအထားပေါ့” လို့ ထောက်တဲ့ အခါမှာလည်း “ဟုတ်ပါတယ်။ ဒီနိုင်ငံခြားရေး မူဝါဒဟာ ကျွန်မတို့ လွတ်လပ်ရေးရပြီး ကတည်းက အင်မတန်ကို အောင်မြင်ခဲ့တဲ့မူ ဖြစ်ပါတယ်” လို့ပဲ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။တရုတ် အစိုးရရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး တောင်တရုတ်ပင်လယ် ကိစ္စကို မေးတဲ့အခါ “သေချာတာကတော့ တရုတ်အပေါ် အမေရိကန် ပြည်ထောင်စုရဲ့ အမြင်က အခြားသူတွေရဲ့ အမြင်နဲ့တော့ တူမှာမဟုတ်ပါဘူး။ ကျွန်မအမြင်မှာက တရုတ်ပြည်ဟာ အိမ်နီးချင်း ဖြစ်တယ်။ ကျွန်မတို့ အိမ်နီးချင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့ ရည်ရွယ်ပါတယ်” လို့ ဖြေပါတယ်။ 
■ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဆက်ဆံရေးဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အမတ်နေရာ ရာခိုင်နှုန်း ၈၀ နီးပါး အနိုင်ရပြီး အစိုးရအဖွဲ့ ဖွဲ့ဖို့ အရေအတွက် ပြည့်မီသွားပြီဆိုတဲ့ သတင်း ထွက်ပေါ်လာတဲ့ နိုဝင်ဘာ ၁၃ ရက်မှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအတွက် အမေရိကန် အစိုးရက နိုးနိုးကြားကြား ဖြစ်လာပါတယ်။မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာက ညီညွတ်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ချက် တစ်ရပ်ကို ဖြစ်စေတယ်လို့ အမေရိကန် သမ္မတ ဘားရက်အိုဘားမားက နိုဝင်ဘာ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။အမေရိကန် သမ္မတ အိုဘားမားက အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားခဲ့ရာမှာ “ကျွန်တော်တို့ အနေနဲ့ မြန်မာပြည်သူတွေနဲ့ ဆက်ဆံရေးကို ဆက်လက်တည်ဆောက်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့မှုဟာ မြန်မာအတွက် ငြိမ်းချမ်းစွာနဲ့ အားလုံးပါဝင်ပြီး ညီညွတ်တဲ့ ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ချက် တစ်ခုပါပဲ” လို့ ဆိုပါတယ်။လက်ရှိ အနေအထားမှာ အမေရိကန်မှာရော မြန်မာနိုင်ငံမှာပါ အစိုးရအဖွဲ့သစ် လက်အောက်က မြန်မာနိုင်ငံကို ထောက်ပံ့ကူညီမှုတွေ မြှင့်တင်ဖို့ ပြောဆိုနေကြတာတွေ ရှိပါတယ်။ စစ်တပ်အချင်းချင်း အပြန်အလှန် ဆက်ဆံရေးကို မြှင့်တင်ဖို့နဲ့ ဒေါ်လာ ၅၁ သန်းကျော် တန်ဖိုးရှိတဲ့ မထိတွေ့ရသေးတဲ့ ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ရာအတွက် အမေရိကန်က ပုဂ္ဂလိက ကုမ္ပဏီတွေကို တိုက်တွန်းဖို့တွေ ပါဝင်ပါတယ်။စစ်အစိုးရနဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ လက်ထက်တွေမှာ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် တရုတ်တစ်နိုင်ငံတည်းကိုပဲ အဓိက အားပြုခဲ့ရတဲ့ အနေအထားကို အစိုးရအဖွဲ့သစ် လက်ထက်မှာ အထိုက်အလျောက် ပြောင်းလဲနိုင်ဖို့တော့ လိုအပ်ပါတယ်။ အဲဒီလို ပြောင်းလဲနိုင်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီအနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးကို ပါးပါးနပ်နပ် ကိုင်တွယ်ဖို့လည်း လိုအပ်လာပြန်ပါတယ်။ တရုတ်တစ်နိုင်ငံတည်းကို အားထားနေရတဲ့ အနေအထားဟာ အလွန်အန္တရာယ်ကြီးကြောင်းကို ဒေါ်အောင်ဆန်းစုကြည် သဘောပေါက် နားလည်ထားပြီး ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တဲ့ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရ အာဘော် သတင်းဌာနဖြစ်တဲ့ ဆင်ဟွာနဲ့ အမေရိကန်ရဲ့ ဝါရှင်တန်ပို့စ် သတင်းစာတွေက အပြိုင်အဆိုင် တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့တာကတော့ဖြင့် တကယ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့မှုက တရုတ်နဲ့ အမေရိကန်နိုင်ငံတွေအပေါ် သက်ရောက်မှု ရှိသလိုပဲ တရုတ်နဲ့ အမေရိကန်တို့ရဲ့ စီးပွားရေးအရနဲ့ နိုင်ငံရေးအရ အားပြိုင်မှုဟာ မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့သစ်အပေါ် အကြီးအကျယ် ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။ဒီတော့ အစိုးရအဖွဲ့သစ်လက်ထက် တရုတ်-မြန်မာ ဆက်ဆံရေးရော အမေရိကန်-မြန်မာ ဆက်ဆံရေးပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာမှာ ဖြစ်သလို အစိုးရအဖွဲ့သစ်ရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး ပထမဆုံး နိုင်ငံရေး စမ်းသပ်ချက်လည်း ဖြစ်လာနိုင်ပါတယ်။ လာမယ့် အစိုးရအဖွဲ့သစ် အနေနဲ့ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေဇာပင်ပဲ ဖြစ်မလား၊ သူတို့ရဲ့ အားပြိုင်မှုကနေ နိုင်ငံရဲ့ အကျိုးစီးပွားကို ပြည်သူ့ဆန္ဒနဲ့ အညီ ပါးပါးနပ်နပ်နဲ့ ဖော်ဆောင်နိုင်မလား ဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ 
 
ဝါရှင်တန်ပို့စ် သတင်းဌာနတွင် ဖော်ပြခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးမှ ကောက်နုတ်ဖော်ပြချက်
http://goo.gl/gqBYkF

Most Read

Most Recent