ဦးသိန်းစိန် နောက်သက်တမ်းတစ်ခု ဆက်ယူရင် မြန်မာ့စီးပွားရေး ဘာဖြစ်သွားမလဲ ခန့်မှန်းပေးပါ

ဦးသိန်းစိန် နောက်သက်တမ်းတစ်ခု ဆက်ယူရင် မြန်မာ့စီးပွားရေး ဘာဖြစ်သွားမလဲ ခန့်မှန်းပေးပါ
Published 11 October 2015
နေထွန်းနိုင်

ဆရာကြီး ဦးမြင့် ခင်ဗျာ...ပြီးခဲ့တဲ့ မတ်လတုန်းက ကျွန်တော် ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်ပြီး ဆရာကြီးနဲ့ ကျွန်တော် အပြန်အလှန် ပေးစာတွေနဲ့ ရေးဖြစ်ခဲ့ပါတယ်။‘မြန်မာ့ စီးပွားရေး ပြိုလဲသွားနိုင်လား’ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် ရေးခဲ့တယ်။ ဒါကို ဘဝင်မကျတဲ့ အတွက် ဆရာကြီးက ကျွန်တော့်ကို အိတ်ဖွင့်ပေးစာ တစ်စောင် ရေးတယ်။ ကျွန်တော်က အကြောင်းပြန်စာ နှစ်စောင် ရေးခဲ့တယ်။ ကျွန်တော့်ရဲ့ အကြောင်းပြန်စာကို ဧပြီ ၁၁ ရက်စွဲနဲ့ ဆရာကြီး ထပ်ရေးခဲ့ပါတယ်။ ဒီနောက်ပိုင်း ကျွန်တော်လည်း ဆရာကြီးဆီ ဘာမှ ပြန်မရေးဖြစ်ခဲ့ပါဘူး။အခုတော့ ဆရာကြီးကို ကျွန်တော် သတိရပါတယ်။ သမ္မတ ဦးသိန်းစိန် နောက်သက်တမ်း တစ်ခု ဆက်ယူရင် မြန်မာ့စီးပွားရေး ဘာဖြစ်မလဲ ဆိုတာ ခန့်မှန်းရင်း သတိရခဲ့တာပါ။ ဆရာကြီးရော ဘယ်လို ခန့်မှန်းမိမလဲ။ဒီကြားထဲမှာ မြန်မာငွေ တန်ဖိုး ဆိုးဆိုးရွားရွား ကျဆင်းခဲ့တာနဲ့ ပတ်သက်လို့ ဇူလိုင်လထဲမှာ ဆရာကြီး စာတမ်းတစ်စောင် ရေးခဲ့တာကို ဖတ်ရပါတယ်။ ဒီစာတမ်းထဲမှာပဲ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ လေးလလောက်ပဲ လိုတော့မယ့် အချိန်မှာ ဘဏ်အကျပ်အတည်းနဲ့ ဘဏ္ဍာရေးစနစ် ဖရိုဖရဲ ဖြစ်သင့်တဲ့ အချိန် မဟုတ်ဘူးလို့ ဆရာကြီး သတိပေးခဲ့တာ ဖတ်ရပါတယ်။နောက်ပြီး မဖြစ်သင့်တာတွေ မဖြစ်အောင် ဘာတွေ လုပ်သင့်တယ် ဆိုတဲ့ အချက် ရှစ်ချက်ကိုလည်း ပြောခဲ့ပါသေးတယ်။ ဆရာကြီး ပြောတဲ့အတိုင်း လုပ်၊ မလုပ်တော့ မသိပါဘူး။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်ရဲ့ စာတမ်းတစ်စောင် ထွက်လာတာ ဖတ်လိုက်ရပါတယ်။ဆရာကြီးရေ...ကျန်တာတွေ မပြောခင်မှာ ကျွန်တော့် မှန်းဆချက်ကို ရှင်းရှင်းပဲ ပြောပြချင်ပါတယ်။ ရာခိုင်နှုန်း ၃၀ ပဲ အာမခံထားတဲ့ မဲစာရင်းနဲ့ နောက်သက်တမ်း တစ်ခုကို မတရားသဖြင့် ဆက်ယူခဲ့ရင် မြန်မာ့ စီးပွားရေးဟာ နာလန်မထူ ကျဆုံး ဝဲဂယက်ကနေ ဘယ်တော့မှ တက်လာမှာ မဟုတ်တော့ပါဘူး။ အခု အခြေအနေ ကောင်းပါတယ်လို့ ပြောနေတဲ့ ခရိုနီ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ ဆက်စပ် လုပ်ငန်းတွေလည်း စုံးစုံး မြုပ်သွားပါလိမ့်မယ်။        
 
■ လွန်ခဲ့တဲ့ ခြောက်လနဲ့ အခု အခြေအနေ‘မြန်မာ့ စီးပွားရေး ပြိုလဲသွားနိုင်လား’ ဆောင်းပါးကို မတ်လတုန်းက ကျွန်တော် ရေးခဲ့တာပါ။ မေးခွန်း ထုတ်ပြောထားတဲ့ အဲဒီ ဆောင်းပါးမှာ မြန်မာ့ စီးပွားရေး အခြေမဟန်ဘူးဆိုတာ ထောက်ပြခဲ့ပါတယ်။ထောက်ပြခဲ့တဲ့ အချက် သုံးချက်ပဲ ရှိပါတယ်။ ပထမ အချက်က ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးကို ရောက်လာနိုင်တာပါ။ ဒုတိယ တစ်ချက်က အစိုးရ အသုံးစရိတ် အများဆုံး ဖြစ်လာပြီး ဘတ်ဂျက်လိုငွေ ပိုများလာတာ ဖြစ်ပါတယ်။ တတိယ တစ်ချက်က ပို့ကုန်ထက် သွင်းကုန် ပိုများနေတယ်။ ဒီအချက်က မြန်မာငွေတန်ဖိုး ကျမှုကို ပိုရိုက်ခတ်လာပြီး ကုန်သွယ်မှု လိုငွေ ပမာဏကြီးလာမယ့် အချက် ဖြစ်ပါတယ်။ ဒီသုံးချက် မတည်ငြိမ်ရင် တိုင်းပြည်ရဲ့ စီးပွားရေး ကမောက်ကမ ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ငွေဖောင်းပွမှုနှုန်း ကိစ္စကို အရင်ပြောပါမယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်မှာ နိုင်ငံရဲ့ ငွေဖောင်းပွမှုနှုန်း နှစ်ရာခိုင်နှုန်းနဲ့ လေးရာခိုင်နှုန်း ကြားမှာပဲ ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာ ခြောက်ရာခိုင်နှုန်း နီးပါး၊ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ၇ ဒသမ ၀၆ ရာခိုင်နှုန်း ဖြစ်လာပါတယ်။ ၂၀၁၅ ခုနှစ် ဧပြီမှာ ၈ ဒသမ ၁၈ ရာခိုင်နှုန်း ဖြစ်နေပါပြီ။ ဇူလိုင်မှာတော့ ငွေကြေးဖောင်းပွမှု နှုန်းဟာ ၁၀ ရာခိုင်နှုန်းကို ရောက်လာခဲ့ပါတယ်။ ဒီအတိုင်း ဆက်သွားရင် ၂၀၁၆ ခုနှစ်မှာ ငွေကြေး ဖောင်းပွနှုန်းက two digit အထက်မှာပဲ ရှိနေနိုင်ပါတယ်။ မြန်မာနိုင်ငံလို အနေအထားမျိုးမှာ ငွေကြေး ဖောင်းပွမှုနှုန်း ငါးရာခိုင်နှုန်း ကျော်တာနဲ့ အန္တရာယ်ရှိပြီလို့ စီးပွားရေး ပညာရှင်တွေ သုံးသပ်ပါတယ်။ဒုတိယ အချက်က အစိုးရ အသုံးစရိတ် အများဆုံး ဖြစ်လာတာပါ။ ဒါကိုလည်း အချိန်မီ လျှော့ချခြင်း မရှိခဲ့ပါဘူး။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာချိန်မှာ အစိုးရရဲ့ ရငွေ ကျပ် ၆၄၅၃ ဒသမ ၆၆ ဘီလျံ ရှိခဲ့ပါတယ်။ သုံးငွေ ကျပ် ၈၀၈၃ ဒသမ ၃၀၄ ဘီလျံ ဖြစ်တာကြောင့် ဘတ်ဂျက်လိုငွေ ကျပ် ၁၆၂၉ ဒသမ ၆၆ ဘီလျံပဲ ရှိခဲ့ပါတယ်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ အစိုးရရဲ့ အသုံးစရိတ် အများဆုံး ဖြစ်လာပါတယ်။ တစ်နှစ်တာအတွင်း ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၃၆၀၀ ကျော် ရှိလာပြီး သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း တစ်ခုလုံးအတွက် အစိုးရ ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၁၀၀၀၀ ကျော် ရှိလာပါတယ်။ဒီအချိန်မှာ မြန်မာငွေတန်ဖိုး ကျဆင်းမှုက ဆက်တိုက် ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာ မြန်မာငွေတန်ဖိုး ကျဆင်းမှုဟာ အမေရိကန် ဒေါ်လာနဲ့ ယှဉ်ရင် ၃၅ ရာခိုင်နှုန်းအထိ ကျသွားပါတယ်။ အဲဒီ ပမာဏ၊ အဲဒီ အချိန်က ဖြစ်နေတဲ့ အနေအထားကို မူတည်ပြီး မြန်မာငွေတန်ဖိုး ရာခိုင်နှုန်း ၄၀ အထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ လက်တွေ့မှာ အဲဒီ ခန့်မှန်းချက်ထက် ပိုဆိုးခဲ့ပါတယ်။မြန်မာငွေတန်ဖိုး ကျဆင်းမှုဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ အမြင့်ဆုံး ဖြစ်သွားပြီး ရာခိုင်နှုန်း ၆၀ အထိ ကျဆင်း သွားပါတယ်။ အဲဒီ အချိန်တုန်းက ဗဟိုဘဏ်ရဲ့ ကိုင်တွယ်မှုကို စီးပွားရေး လောကအတွင်း စိုးရိမ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အခုလည်း ရာခိုင်နှုန်း ၆၀ အထိ ကျနေတုန်းပါပဲ။တိုင်းပြည်မှာ ပို့ကုန်ထက် သွင်းကုန် ပိုများနေတဲ့အတွက် ကုန်သွယ်မှု မညီမျှရာက ကုန်သွယ်မှု လိုငွေ ပမာဏ ကြီးလာတာဟာ စိုးရိမ်စရာ ကောင်းပြီး ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေတာ အန္တရာယ်ရှိကြောင်း မတ်လ ကတည်းက ထောက်ပြပါတယ်။ ဒါပေမဲ့ ဆရာကြီး ဦးမြင့်က ဒါကို လက်မခံခဲ့ပါဘူး။“ကျပ်ငွေတန်ဖိုး ကျဆင်းတာဟာ သွင်းကုန်ဈေးနှုန်း မြင့်မားစေပြီး ပို့ကုန်ဈေးနှုန်း သက်သာစေတယ်။ သွင်းကုန်ဈေး မြင့်တဲ့အတွက် ကုန်ပစ္စည်း တင်သွင်းမှု လျော့ကျပြီး တင်ပို့မှု ပိုမို များပြားလာစေတယ်” လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ ဆိုလိုတာက ကျပ်ငွေတန်ဖိုး ကျဆင်းတာကို စိုးရိမ်စရာ မလိုဘူး၊ ကျပ်ငွေတန်ဖိုး ကျတော့ ပို့ကုန် ပိုများလာလိမ့်မယ်၊ စောင့်ကြည့်ပြီးမှ ပြောပါဆိုတဲ့ သဘောပါ။ဆရာကြီး ဦးမြင့် ဖြစ်စေချင်သလို စောင့်ကြည့်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် နောက်ပိုင်း ဖြစ်ခဲ့တဲ့ အစဉ်အလာအတိုင်း သွင်းကုန်ပဲ ပိုများခဲ့ပါတယ်။ မြန်မာငွေတန်ဖိုး ကျလို့ သွင်းကုန် အလိုအလျောက် လျော့ပြီး ပို့ကုန် ပိုများလာမယ်ဆိုတာ လုံး၀ မဟုတ်ခဲ့ပါဘူး။ဒီအချက်ကို ဘဏ္ဍာနှစ် ကာလတူချင်းပဲ နှိုင်းယှဉ် ပြချင်ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အောက်တိုဘာမှာ ပို့ကုန် ပမာဏ အမေရိကန်ဒေါ်လာ ၅၉၂၆ ဒသမ ၆၁၇ သန်း ရှိပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အောက်တိုဘာမှာ ပို့ကုန် ပမာဏ အမေရိကန်ဒေါ်လာ ၅၅၃၀ ဒသမ ၉၂၇ သန်း ရှိပါတယ်။ ကာလတူချင်း ယှဉ်ရင် အမေရိကန်ဒေါ်လာ ၃၉၅ ဒသမ ၆၉၀ သန်း လျော့ပြီး တင်ပို့ပါတယ်။သွင်းကုန်ပိုင်းမှာလည်း ထူးခြားတယ် မဆိုနိုင်ပါဘူး။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အောက်တိုဘာမှာ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၇၈၉၆ ဒသမ ၂၁၇ သန်း ရှိပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၈၃၇၃ ဒသမ ၂၀၂ သန်း တင်ပို့ခဲ့ပါတယ်။ ကာလတူချင်း ယှဉ်ရင် အမေရိကန်ဒေါ်လာ ၄၇၆ ဒသမ ၉၈၅ သန်း လျော့ပြီး တင်သွင်းခဲ့ပါတယ်။ဒါကို ကြည့်ရင် ကျပ်ငွေတန်ဖိုး ကျလာလို့ ပို့ကုန် ပမာဏ ပိုပြီး ပို့ခဲ့တာ (ကာလတူချင်း လျော့ကျသွား) မရှိသလို သွင်းကုန် ပမာဏ သိသိသာသာ လျော့နည်းသွားတာ မရှိဘူးဆိုတာ မြင်နိုင်ပါတယ်။  အရင်ထက်စာရင် ကုန်သွယ်မှု ပမာဏ တိုးလာတာ မှန်ပါတယ်။ ဒါပေမဲ့ ကုန်သွယ်မှု လိုငွေ ပမာဏ တစ်စထက်တစ်စ ကြီးလာတာဟာ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ပိုဖြစ်လာတာပါ။ လေးနှစ်တာ ကာလမှာ ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၉၅၅၆ ဒသမ ၅ သန်းအထိ ရှိလာမှာပါ။၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် မူလ လျာထားချက် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၄၁၀၀ သန်း ဖြစ်ပါတယ်။ ဘဏ္ဍာနှစ် စလို့ ငါးလကျော် ကာလမှာ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၁၉၁ ဒသမ ၀၀၈ သန်း ဖြစ်သွားပါပြီ။ ဒီအတိုင်းဆို လျာထားချက်ထက် ကျော်နိုင်ပါတယ်။  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ငါးလကျော် ကာလကို ကြည့်ရင်လည်း ပို့ကုန် ပမာဏဟာ သွင်းကုန်ကို ကျော်လွှားနိုင်ခြင်း မရှိခဲ့ပါဘူး။ ပို့ကုန် ပမာဏ အမေရိကန်ဒေါ်လာ ၅၂၉၅ ဒသမ ၅၆၂ သန်းပဲ ရှိချိန်မှာ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာ ၇၄၈၆ ဒသမ ၅၇၀ သန်းအထိ ရောက်ရှိခဲ့ပါတယ်။မတ်လက ရေးခဲ့တဲ့ ဆောင်းပါးမှာ အဆိုး သံသရာ လည်မှုတွေကို ရပ်တန့်ဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချနိုင်အောင် လုပ်ရမယ်။ အစိုးရ အသုံးစရိတ် လျှော့ချပြီး ဘတ်ဂျက်လိုငွေ လျှော့ချရမယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းနေချိန်မှာ သွင်းကုန် လျှော့ချရမယ် ဆိုတဲ့ အချက် သုံးချက်ကို ဖြေရှင်းဖို့ သတိပေးခဲ့ပါတယ်။ဒါပေမဲ့ အချက် သုံးချက်မှာ အစိုးရက တစ်ခုမှ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါဟာ လွန်ခဲ့တဲ့ ခြောက်လနဲ့ နှိုင်းယှဉ်ရင် ပိုဆိုးတဲ့ အနေအထား တစ်ခုကို ရောက်နေပြီ ဆိုတာ သေချာပါတယ်။ 
သဘာဝဓာတ်ငွေ့ဈေးနှုန်း ပြောင်းလဲမှု (Source: IMF)
မြန်မာနိုင်ငံ၏ ပို့ကုန်အနေအထားနှင့် ပမာဏ (Source: ကမ္ဘာ့ဘဏ်)
 
■ အန္တရာယ်ဇုန်ထဲ ရောက်နေပြီ
ဆရာကြီး ဦးမြင့်ခင်ဗျာ...အခု လက်ရှိ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေကို ဆရာကြီး ဘယ်လို ပြောမလဲ မသိပါဘူး။ကျွန်တော်ကတော့ အန္တရာယ်ဇုန်ထဲကို ရောက်နေပြီလို့ ပြောချင်ပါတယ်။အစိုးရ ဘတ်ဂျက်လိုငွေကို လျှော့ချတာ မရှိခဲ့ဘူး။ ကုန်သွယ်မှုလိုငွေ ပမာဏကို မလျော့ခဲ့ဘူး။ ငွေကြေးဖောင်းပွမှုနှုန်းက အမြင့်ဆုံးကို ရောက်နေတယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို မထိန်းညှိနိုင်ဘူး။ ဒီကြားထဲမှာ နိုင်ငံခြား အရန်ငွေ သိပ်မကျန်တော့ပါဘူး။စီးပွားရေး ပညာရှင်တွေကတော့ တိုင်းပြည်ရဲ့ နိုင်ငံခြား အရန်ငွေဟာ သွင်းကုန် ပမာဏရဲ့ ခြောက်လစာ ရှိရမယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ အခု မြန်မာနိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေက သွင်းကုန်ပမာဏရဲ့ သုံးလစာ မပြောနဲ့ နှစ်လစာတောင် ကျန်သေးရဲ့လား မသိဘူးလို့ မေးခွန်းထုတ်သူတွေ ရှိနေပါပြီ။ ဗဟိုဘဏ်က အသိဆုံး ဖြစ်ပါမယ်။     ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မြန်မာနိုင်ငံမှာ နိုင်ငံခြား အရန်ငွေ နည်းလာတာကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးခဲ့ပါတယ်။ မြန်မာငွေတန်ဖိုး ကျပြီး ဒေါ်လာဈေး မြင့်တက်လာလို့ စက်သုံးဆီနဲ့ သွင်းကုန်တစ်ချို့ကို ကာကွယ်ဖို့ ဗဟိုဘဏ်က နိုင်ငံခြား လေလံက တစ်ဆင့် အမေရိကန်ဒေါ်လာတွေ ထုတ်ရောင်းခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးဆက်က နိုင်ငံခြား အရန်ငွေ ပိုနည်းလာတာပါပဲ။ဒီကြားထဲမှာပဲ ကာလတို/ကာလရှည် ပြည်ပကြွေးမြီ ပမာဏက ကျပ် ၂၅၂၀၅ ဘီလျံ အထိ ရှိနေပါတယ်။ ဒီပမာဏဟာ တိုင်းပြည် ဂျီဒီပီရဲ့ ရာခိုင်နှုန်း ၃၀ အထက်မှာ ရှိနေပါတယ်။တစ်ဖက်မှာလည်း ဒီငွေတွေကို ချေးယူတဲ့ အခါ အမေရိကန်ဒေါ်လာနဲ့ ချေးယူခဲ့တဲ့ ပြည်ပကြွေးမြီတွေ ပါဝင်ပါတယ်။ ဒါကြောင့် အမေရိကန် ဒေါ်လာတန်ဖိုး တက်လာနဲ့အမျှ တက်လာတဲ့ ပမာဏအတိုင်း ပေးဆပ်ရတော့မှာပါ။ ရာခိုင်နှုန်း ၅၀ တက်ရင် ရာခိုင်နှုန်း ၅၀ ပိုပေးရမှာဖြစ်ပြီး ရာခိုင်နှုန်း ၆၀ တက်ရင် ရာခိုင်နှုန်း ၆၀ ပိုပေးရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ အတိုးငွေကိုလည်း တက်လာတဲ့ ပမာဏအတိုင်း ပေးရပါမယ်။ ဒီအခါ ငွေကြေး အလေအလွင့်နဲ့ ဆုံးရှုံးမှုတွေ ပိုဖြစ်လာပါတယ်။အခုချိန်မှာ အရေးကြီးဆုံးက တိုင်းပြည် စီးပွားရေး အခြေအနေပါ။ စက်တင်ဘာမှာ ထုတ်ပြန်ခဲ့တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အစီရင်ခံစာမှာ အချက် သုံးချက်ကို သတိပေးထားပါတယ်။ ကြွေးမြီ များပြားလာတာ၊ အစိုးရ အသုံးစရိတ် များလာတာနဲ့ ကုန်သွယ်မှုလိုငွေ များလာတာကို သတိပြုဖို့ပါ။အောက်တိုဘာ လဆန်းမှာ ထွက်ရှိလာတဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ မြန်မာ့စီးပွားရေး ကျဆင်းလာတာကို ထောက်ပြထားပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ စီးပွားရေး တိုးတက်မှုနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် အခု ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ဒါဟာ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ စီးပွားရေး တိုးတက်မှု နောက်ပြန်ဆုတ်သွားပြီလို့ ပြောလိုက်တာပါပဲ။ တစ်ဖက်မှာလည်း စီးပွားရေး တိုးတက်မှုနှုန်းဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရအပေါ် မူတည်နေပါတယ်။ ဒါကို အခြားသော စီးပွားရေး ဆိုင်ရာ အစီရင်ခံစာတွေမှာ သတိပေးထားပါတယ်။ 
ဂျီဒီပီတိုးတက်နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း (Source: IMF)
အစိုးရပြုပြင်ပြောင်းလဲရေး မလုပ်မီနှင့် လုပ်ပြီးကာလ နှိုင်းယှဉ်ချက် (Source: IMF)
အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်မှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှု (Source: ကမ္ဘာ့ဘဏ်)
 
■ ဘယ်သူတွေက ဘာပြောထားလဲပြီးခဲ့တဲ့ သုံးလ အတွင်းမှာ မြန်မာ့စီးပွားရေး အခြေအနေကို ခန့်မှန်းထားတဲ့ အရေးကြီး အစီရင်ခံစာ သုံးစောင် ရှိခဲ့ပါတယ်။ပထမ တစ်ခုက ဗြိတိန် အခြေစိုက် Economist Intelligence Unit အဖွဲ့က ထုတ်ဝေခဲ့တဲ့ မြန်မာ့စီးပွားရေးဆိုင်ရာ အစီရင်ခံစာ ဖြစ်ပါတယ်။ ဒုတိယ တစ်ခုက အောက်တိုဘာမှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ Myanmar Economic Monitor အစီရင်ခံစာပါ။ တတိယ တစ်ခုက စက်တင်ဘာမှာ IMF က ထုတ်ပြန်ခဲ့တဲ့ Article IV Consultation ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ ADB က ထုတ်ပြန်တဲ့ အာရှဖွံ့ဖြိုးမှု အလားအလာ ၂၀၁၅ မွမ်းမံ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံအကြောင်း ပါဝင်ခဲ့ပါတယ်။Economist Intelligence Unit (EIU) က မြန်မာ့ စီးပွားရေးကို နိုင်ငံရေး အခြေအနေတွေနဲ့ ရောယှက်ပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ထိ ဖြစ်နိုင်ခြေတွေကို ဟောကိန်း ထုတ်ထားပါတယ်။ IMF အစီရင်ခံစာမှာလည်း နိုင်ငံရေး အနေအထားကို အခြေပြုခဲ့ပါတယ်။ ဆိုလိုတာ ၂၀၁၅ ခုနှစ်အလွန် မြန်မာ့စီးပွားရေး ကောင်းဖို့ဆိုတာ နိုင်ငံရေး အခြေအနေပေါ် မူတည်နေတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ရင် အားလုံးက အခြေအနေ နှစ်ခုပေါ် မူတည်ပြီး တွက်ချက်ပါတယ်။ပထမ တစ်ခုက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) ဖြစ်ပါတယ်။ ဒုတိယ တစ်ခုက နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ EIU က ထည့်သွင်း စဉ်းစားခဲ့တဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ အဲဒါက အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။EIU အစီရင်ခံစာ ထွက်ချိန်မှာ NCA နဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေ မသိရသေးပါဘူး။ သူတို့က အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ အခု အခြေအနေက သူတို့ မျှော်လင့်သလို မဟုတ်ပါဘူး။ရွေးကောက်ပွဲက တရားမျှတမှု ရှိခဲ့ရင်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နေရာ အများစု နိုင်လိမ့်မယ်လို့ EIU က ခန့်မှန်းပါတယ်။ ဒါ့အပြင် သန့်ရှင်းတဲ့ ရွေးကောက်ပွဲကသာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအတွက် တွန်းအား ဖြစ်စေပြီး အစိုးရ အဖွဲ့သစ် အတွက်လည်း နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ရာမှာ အခြေခိုင်မှု ဖြစ်စေမယ်၊ အထူးသဖြင့် အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့တာတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။  ရွေးကောက်ပွဲ အပြီး NLD နေရာ အများစု နိုင်ခဲ့ရင် နိုင်ငံတကာနဲ့ ချိတ်ဆက်မှု ပိုတိုးမြင့်စေပြီး အခု တံခါးဖွင့်ထားတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ထိန်းထားနိုင်စွမ်း ရှိမယ်လို့ EIU က ခန့်မှန်းပါတယ်။ အထူးသဖြင့် NLD ဦးဆောင်တဲ့ အစိုးရ အဖွဲ့ရဲ့ ဘဏ္ဍာရေး မူဝါဒက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ဘဏ္ဍာရေး မူဝါဒထက် ပိုပြီး လူးသာလွန့်သာ ရှိမယ်လို့ ဆိုပါတယ်။တိုင်းပြည်ရဲ့ GDP က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၄ ရာခိုင်နှုန်းပဲ ရှိပေမယ့် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ၇ ဒသမ ၄ ရာခိုင်နှုန်း ရှိလာမယ်လို့ EIU က ခန့်မှန်းပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးတက်ဖို့ ဆိုတဲ့ အချက်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ရွေးကောက်ပွဲပေါ် မူတည်နေတာကို သူတို့က သတိပေးပါတယ်။သမ္မတ ဦးသိန်းစိန် ဖျက်သိမ်းခဲ့တဲ့ စီမံကိန်းတွေထဲမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိတဲ့ ဒဂုံစီးတီး-၁ စီမံကိန်း ပျက်သွားတဲ့ အချက်ကိုလည်း EIU က ပြောထားပါသေးတယ်။ ဒီစီမံကိန်း နောက်ကွယ်မှာ မဘသအဖွဲ့ ပါဝင်ပတ်သက် နေတာကို ထောက်ပြပြီး ဒဂုံစီးတီး-၁ လို စီမံကိန်း ဖျက်သိမ်းခံရတာမျိုးက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုအပေါ် ရိုက်ခတ်မှု ရှိစေခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ဒါ့အပြင် လက်ရှိ အခြေအနေတိုင်း ဆိုရင် ၂၀၁၉ ခုနှစ်ထိ ငွေကြေး ဖောင်းပွမှုနှုန်း ဆက်တက်နေမှာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ တန်ဖိုးက ၂၀၁၉ ခုနှစ်မှာ ပျှမ်းမျှ ကျပ် ၁၃၀၀ ကျော်အထိ ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်း ညွှန်းကိန်း (CPI) အမြင့်ဆုံး (၉ ဒသမ ၄ ရာခိုင်နှုန်း) ကို ရောက်နေတာ၊ မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန် ဝင်ငွေဖြစ်တဲ့ သဘာဝဓာတ်ငွေ့ ဈေးနှုန်း ကျဆင်းနေတာကို စိုးရိမ်စရာအဖြစ် သတိ ပေးထားပါတယ်။EIU က လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ပြီး သူတို့ရဲ့ အစီရင်ခံစာတွေကို စီးပွားရေးနဲ့ ဆက်နွှယ်သူတိုင်း အလေးထားပါတယ်။သူတို့ရဲ့ သြဂုတ် အစီရင်ခံစာ အနှစ်ချုပ်က အနာဂတ် မြန်မာ့စီးပွားရေးဟာ နိုင်ငံရေးပေါ် မူတည်နေပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာရင် ရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားမှာ ဖြစ်သလို မြန်မာနဲ့ နိုင်ငံတကာ အကြား ပူးပေါင်းဆောင်ရွက်မှု လျော့နည်းသွားနိုင်တာကို သတိ ပေးထားပါတယ်။ 
ဗီယက်နမ်နှင့် မြန်မာအကြား ဆန်ဈေးနှုန်း နှိုင်းယှဉ်ချက် (Source: IMF)
ဆန်ထုတ်လုပ်မှုနှင့် တင်ပို့မှု နှိုင်းယှဉ်ချက် (Source: ကမ္ဘာ့ဘဏ်)
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမ ၁၁ လ ပို့ကုန်တင်ပို့မှု အခြေအနေ (Source: ကမ္ဘာ့ဘဏ်)
ကဏ္ဍအလိုက် ဂျီဒီပီတိုးတက်မှုနှုန်း  (Source: ကမ္ဘာ့ဘဏ်)
 
■ ကမ္ဘာ့ဘဏ် အစီရင်ခံစာကမ္ဘာ့ဘဏ်ကတော့ အစိုးရနဲ့ ပေါင်းလုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် မြန်မာ့စီးပွားရေး သုံးသပ်တဲ့ အခါ နိုင်ငံရေး အခြေအနေပေါ် မူတည် တွက်ချက်တာကို ရှောင်ခဲ့ပါတယ်။၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ စီးပွားရေး တိုးတက်မှု ၆ ဒသမ ၅ ရာခိုင်နှုန်းထိ ကျဆင်းသွားမှာ ဖြစ်သလို ငွေကြေး ဖောင်းပွမှုနှုန်း ၁၁  ဒသမ ၃ ရာခိုင်နှုန်းထိ ရှိလာမယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးပါတယ်။စီးပွားရေး တိုးတက်နှုန်း ကျဆင်းမှုဟာ ရေလွှမ်းမိုးမှုဒဏ် အပြင် ရင်းနှီးမြှုပ်နှံမှု နှေးကွေးလာခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ရေလွှမ်းမိုးမှု ဒဏ်ကြောင့် လယ်ယာထွက်ကုန် တင်ပို့မှု လျော့ကျသွားနိုင်ပေမယ့် တိုင်းပြည်ရဲ့ အဓိက ပို့ကုန်ဖြစ်တဲ့ ဂတ်စ်တင်ပို့မှုက တစ်ဆင့် ရငွေ လျော့သွားစရာ မရှိသေးဘူး။ ဒါပေမဲ့ နိုင်ငံတကာမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဈေးနှုန်း ကျဆင်းနေတာက ဂတ်စ်တင်ပို့မှုကို ရိုက်ခတ်လာမယ်လို့ ဆိုပါတယ်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကို ပြန်သုံးသပ်တဲ့ အခါ မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန်အဖြစ် ဂတ်စ်တင်ပို့မှုက ၄၂ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်နေပါတယ်။ လယ်ယာနဲ့ သားငါးထုတ်ကုန် တင်ပို့မှုက ဒုတိယ နေရာမှာ ရှိနေပြီး ၂၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ သတ္တုတွင်းထွက် တင်ပို့မှုက ၁၂ ရာခိုင်နှုန်း၊ အဝတ်အထည် တင်ပို့မှု ရှစ်ရာခိုင်နှုန်းပဲ ရှိပြီး အခြား တင်ပို့မှုက ၁၄ ရာခိုင်နှုန်း ရှိပါတယ်။ သစ်တောထွက်ပစ္စည်း တင်ပို့နိုင်မှု တစ်ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ထူးခြားချက် အနေနဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်နဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အစောပိုင်း ကာလမှာ ကျောက်မျက် အပါအဝင် တွင်းထွက် တင်ပို့မှု လျော့ကျသွားခဲ့တာပါ။ ဒီထဲမှာ ကျောက်စိမ်း တင်ပို့နိုင်မှုက အရင်နှစ်ကထက် စာရင် ၃၈ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။သစ်တောထွက် ပစ္စည်း တင်ပို့မှုလည်း ဒီအတိုင်းပါပဲ။ ၂၀၁၄-၂၁၀၅ ဘဏ္ဍာနှစ် ၁၁ လတာ ကာလမှာ သစ်တောထွက်ပစ္စည်း တင်ပို့မှုက တစ်ဆင့် အမေရိကန်ဒေါ်လာ ၆၅ သန်းပဲ ရပါတယ်။ ကာလတူ အရင်နှစ်က အမေရိကန်ဒေါ်လာ သန်း ၇၅၀ ရရှိခဲ့ပါတယ်။ ဒါက ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်က စပြီး သစ်အလုံးလိုက် တင်ပို့ခွင့်ကို ပိတ်ပင်လိုက်ပြီး နောက်ပိုင်း ကျဆင်းသွားတာပါ။တိုင်းပြည်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အပြင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နှစ်ဝက်ကာလအထိ ဖိစီးထားခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ငွေကြေး ဖောင်းပွနှုန်းက ၂၀၁၅ ခုနှစ် ဧပြီနဲ့ မေလမှာ အမြင့်ဆုံး ရောက်လာပြီး စားသောက်ကုန်နဲ့ စားသောက်ကုန် မဟုတ်တဲ့ ပစ္စည်းတွေ အပေါ်မှာပါ သက်ရောက်မှု ရှိခဲ့ပါတယ်။အစိုးရရဲ့ အရန်ငွေက ၂၀၁၄ ခုနှစ် နှစ်ကုန်ကတည်းက သိသိသာသာ ကျဆင်းလာပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမှုက ၂၀၁၅ ခုနှစ် စက်တင်ဘာကျော် အထိ ဆက်လက် မြင့်တက်နေတယ်လို့ ကမ္ဘာ့ဘဏ် ညွှန်းကိန်းတွေက ပြောပါတယ်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းချက် ထုတ်ရာမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက အထူးစီးပွားရေး ဇုန်တွေမှာ မူတည်နေပြီး ရွေးကောက်ပွဲ ကာလမှာ ခပ်ဖြည်းဖြည်းပဲ လာမယ်လို့ ဆိုပါတယ်။ ဒါကို ပြောဆိုတဲ့ အခါ သီလဝါ အထူးစီးပွားရေးဇုန်ရဲ့ အခြေအနေကို ထည့်စဉ်းစားခဲ့ပြီး ထားဝယ် အထူးစီးပွားရေးဇုန်ရဲ့ အခြေအနေကို ထည့်တွက် ခဲ့ပါတယ်။ 
၂၀၁၄ မတ်မှ ၂၀၁၅ ဖေဖော်ဝါရီအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (Source: ကမ္ဘာ့ဘဏ်)
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာ၌ ရင်းနှီးမြှုပ်နှံခဲ့သော နိုင်ငံများ (Source: ကမ္ဘာ့ဘဏ်)
 
■ IMF အစီရင်ခံစာIMF က Article IV Consultation ရဲ့ မြန်မာနိုင်ငံ အစီရင်ခံစာက ကမ္ဘာ့ဘဏ် အစီရင်ခံစာနဲ့ မတူပါဘူး။ ထိလွယ် ရှလွယ် ကိစ္စတွေကို ပြတ်ပြတ်သားသား သတိပေးသွားပါတယ်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အောင်မြင်အောင် လုပ်နိုင်မယ်၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အချိန်ကိုက် အပြီးသတ်နိုင်မယ် ဆိုရင် နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်မှု ပေးလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ စီးပွားရေး အသွင်ကူးပြောင်းမှုကို ခိုင်မြဲစွာ ဆက်လုပ်နိုင်မယ်လို့ IMF က ပြောခဲ့ပါတယ်။တိုင်းပြည်မှာ တိုးတက်မှု ရှိတယ် ဆိုပေမယ့် လက်ရှိမှာ တစ်ဆို့မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ အထူးသဖြင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေတာ၊ ငွေတန်ဖိုး ကျဆင်းနေတာ၊ ကုန်သွယ်မှု လိုငွေ ပြနေတာ၊ ပုဂ္ဂလိက ကဏ္ဍကို ချေးငွေ ထုတ်ချေးမှု ပိုများလာတာနဲ့ အရန်ငွေ နည်းလာတာတွေက ခုခံနိုင်စွမ်းအား ကျဆင်းနေမှုတွေ ဖြစ်တယ်လို့ IMF က သုံးသပ်ပါတယ်။ ဒါ့အပြင် ဘတ်ဂျက်လိုငွေ ပြမှုကို အစိုးရ အနေနဲ့ လျှော့သင့်ကြောင်းကိုလည်း ပြောခဲ့ပါတယ်။၂၀၁၄ ခုနှစ်က စပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့ အတူ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေဟာ ပုံမှန်အားဖြင့် သွင်းကုန် ပမာဏရဲ့ ငါးလနဲ့ ခြောက်လစာ ကြားမှာ ရှိနေရမှာ ဖြစ်ပေမယ့် ၂၀၁၅ ခုနှစ် မတ်လမှာ သုံးလစာပဲ ကျန်တော့တယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၁၃ ရာခိုင်နှုန်းကို ရောက်လာပြီး နိုင်ငံခြား အရန်ငွေ ကျန်ရှိမှုက သွင်းကုန် ပမာဏရဲ့ နှစ်လခွဲစာပဲ ကျန်တော့မယ်လို့ IMF က ဆိုပါတယ်။ အရန်ငွေ ပမာဏဟာ ဒီအတိုင်း ဆက်သွားရင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ အခက်တွေ့နိုင်တာကို IMF ညွှန်းကိန်း ခန့်မှန်းချက်တွေက ဖော်ပြပါတယ်။သဘာဝဓာတ်ငွေ့ ဈေးနှုန်း ကျဆင်းမှုက တိုင်းပြည်ရဲ့ အဓိကပို့ကုန် ဝင်ငွေကို ကျဆင်းစေသလို အစိုးရရဲ့ အခွန်ငွေကိုလည်း ကျဆင်းစေမယ်၊ ဂတ်စ်က တစ်ဆင့် ဝင်ငွေရရှိမှုဟာ အခု ဘဏ္ဍာနှစ်က စပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ဆက်တိုက် ကျဆင်းနေမယ်လို့ IMF က ခန့်မှန်းပါတယ်။ဒါ့အပြင် တရုတ်ရဲ့ စီးပွားရေး ကျဆင်းမှုက မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှု ရှိနေမယ်လို့ ပြောပါတယ်။ဒါပေမဲ့ စွမ်းအင်နဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေက တစ်ဆင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်လာနိုင်သလို ခရီးသွား လုပ်ငန်းတွေ၊ သယ်ယူ ပို့ဆောင်ရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။ခရီးသွား လုပ်ငန်းတွေ ဖွံ့ဖြိုးလာနိုင်တယ်လို့ IMF က ခန့်မှန်းခဲ့ပေမယ့် EIU ရဲ့ အစီရင်ခံစာမှာ မြန်မာရဲ့ ခရီးသွားလာရေး လုပ်ငန်းအပေါ် ထောက်ပြချက်တွေ ရှိခဲ့ပါတယ်။၂၀၁၄ ခုနှစ် ကိန်းဂဏန်းတွေ အရ မြန်မာနိုင်ငံကို လာတဲ့ ပြည်ပ ခရီးသွား အားလုံးရဲ့ ၇၁ ရာခိုင်နှုန်းဟာ အာရှနိုင်ငံတွေက ဖြစ်ပြီး ၁၇ ရာခိုင်နှုန်းသာ အနောက်ဥရောပက ဖြစ်တာကို ထောက်ပြထားပါတယ်။ အာရှနိုင်ငံတွေ ထဲမှာလည်း ထိုင်းနိုင်ငံက လာတာ အများဆုံးဖြစ်ပြီး တရုတ်က ဒုတိယ၊ ဂျပန်က တတိယ အများဆုံး ဖြစ်ပါတယ်။မြန်မာနိုင်ငံကို လာလည်ချင်တဲ့ ခရီးသွားတွေဟာ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး သွားလည်ဖို့ ပြန်စဉ်းစားရတာတွေ ရှိတယ်လို့ EIU အစီရင်ခံစာမှာ ဆိုထားပါတယ်။IMF အစီရင်ခံစာမှာ အရေးကြီးတဲ့ အချက်တစ်ခု ပါဝင်ပါတယ်။ အဲဒါက ငွေကြေး ခဝါခြမှုနဲ့ ပတ်သက်နေပါတယ်။ မြန်မာနိုင်ငံဟာ AML/CFT (Anti-money laundering/Combating financing of terrorism) ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ 
 
■ တူညီနေသော အချက်များနိုင်ငံတကာ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထောက်ပြမှုမှာ တူညီမှုတွေ ရှိနေပါတယ်။ငွေကြေး ဖောင်းပွမှုနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို မထိန်းနိုင်တာ၊ ကုန်သွယ်မှု လိုငွေနဲ့ ဘတ်ဂျက် လိုငွေကို မလျှော့ချနိုင်တာ၊ မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန် ဂတ်စ်ကတစ်ဆင့် ရတဲ့ ဝင်ငွေ လျော့ကျလာနိုင်တာ၊ အရန်ငွေကြေး နည်းလာတာနဲ့ ဘဏ္ဍာရေးဆိုင်ရာ အခုအခံ ပါးလွှာမှု ရှိတာတွေကို ကုစားနိုင်စွမ်း မရှိသေးတာ ဒီအချက်တွေက သူတို့ အားလုံးရဲ့ တူညီတဲ့ စိုးရိမ်မှုပါပဲ။ပိုပြီး အရေးကြီးတာက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲက တရားမျှတပြီး သန့်ရှင်းခဲ့ရင် စိုးရိမ်ဖွယ် အခြေအနေက ရုန်းထွက်နိုင်ဖို့ လမ်းစ တွေ့နိုင်ပါတယ်။ ဒီလို မဟုတ်ခဲ့ရင် ၂၀၁၀ ပြည့်နှစ် မတိုင်မီ အခြေအနေထက် ပိုဆိုးမှာကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။အစိုးရက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ အတွက် မက်လုံး အနေနဲ့ အထူးစီးပွားရေး ဇုန်တွေကို ပြထားပါတယ်။ သီလဝါ အထူးစီးပွားရေး ဇုန်ကို တွန်းလုပ်နေတာလည်း ဒီအချက်ကြောင့်ပါပဲ။ သီလဝါ အထူးစီးပွားရေးဇုန် အောင်မြင်မှ ကျန်တာတွေအတွက် မျှော်လင့်လို့ ရမှာပါ။ ဆက်သွယ်ရေး ကဏ္ဍကနေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံငွေ ပိုရနေတာကို မငြင်းလိုပါဘူး။ ရန်ကုန် စတော့အိတ်ချိန်း စတင်ဖို့တော့ စိန်ခေါ်မှု ရှိနေတုန်းပါ။ အဲဒီ စိန်ခေါ်မှုတွေ ထဲမှာလည်း ရွေးကောက်ပွဲအပေါ် မူတည်နေတဲ့ အချက် ပါဝင်ပါတယ်။ ဒီအတိုင်းပဲ နိုင်ငံခြား ဘဏ်တွေ ဝင်ရောက်လာတာကို ဗဟိုဘဏ်က ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စိန်ခေါ်မှု ဖြစ်နေဆဲပါ။  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆက်တိုက် ရရှိနေတယ်လို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ပြောနေပါတယ်။ ဒါပေမဲ့ ဘယ်သူတွေက ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံ နေသလဲ ဆိုတာကို ထည့်ပြီး စဉ်းစားရပါမယ်။သြဂုတ် ၃၁ ရက်အထိ စာရင်းအရ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုထားတဲ့ လုပ်ငန်း/စီမံကိန်း ၉၇၉ ခု ရှိပါတယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၇ ဘီလျံ ဖြစ်ပါတယ်။ ဒီပမာဏက သမ္မတ ဦးသိန်းစိန် လက်ထက် တစ်ခုတည်းက ရတာ မဟုတ်ဘဲ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလ တစ်လျှောက်လုံး ရခဲ့တဲ့ ပမာဏ ဖြစ်ပါတယ်။ နောက်ပြီး ဒါဟာ သဘောတူထားတဲ့ ပမာဏဖြစ်ပြီး အမှန်တကယ် လုပ်ကိုင်ခြင်း မရှိသေးတဲ့ ပမာဏ ဖြစ်ပါတယ်။  ခွင့်ပြုထားတဲ့ ၉၇၉ ခုမှာ လုပ်ကိုင်နေပြီဖြစ်တဲ့ လုပ်ငန်း/စီမံကိန်း ၇၀၇ ခု ရှိပါတယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၆ ဘီလျံ ရှိပါတယ်။မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေကို ကြည့်ရင် တရုတ်က အများဆုံး ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ တန်ဖိုးရှိပါတယ်။ သူ့နောက်မှာ စင်ကာပူနိုင်ငံက ဒုတိယ အများဆုံး ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော် ရင်းနှီးမြှုပ်နှံ ထားပါတယ်။ ဟောင်ကောင်က တတိယ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော် လာရောက် ရင်းနှီးမြှုပ်နှံ ထားပါတယ်။အနောက်ဥရောပ နိုင်ငံတွေမှာ ဗြိတိန်နိုင်ငံ တစ်ခုတည်းက အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံ ထားပါတယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ လေးသန်းကျော် ရှိပါတယ်။အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၇၂၆ သန်းပဲရှိပြီး ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၅၂ သန်းကျော်ပဲ ရှိပါတယ်။လယ်ယာစိုက်ပျိုးရေး ကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ အဓိကကျောရိုး ဖြစ်ပါတယ်။ အစိုးရက လက်မှုလယ်ယာ စနစ်ကနေ စက်မှုလယ်ယာစနစ် ပြောင်းမယ်လို့ ကြွေးကြော် နေပေမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက လယ်ယာ ကဏ္ဍကို စိတ်မဝင်စားပါဘူး။နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံမှာ အများဆုံး လာရောက်ရင်းနှီး မြှုပ်နှံနေတဲ့ ကဏ္ဍက ရေနံနဲ့ သဘာဝဓာတ်ငွေ့မှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အားလုံးရဲ့ ၃၉ ဒသမ ၉၇ ရာခိုင်နှုန်း ရှိပါတယ်။ လျှပ်စစ် ကဏ္ဍမှာ ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံပြီး ၂၈ ဒသမ ၃၉ ရာခိုင်နှုန်းပါ။ ကုန်ထုတ်လုပ်မှုမှာ ရင်းနှီးတဲ့ ပမာဏ ၁၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတာက ရင်းနှီးမြှုပ်နှံမှု အားလုံးရဲ့ ၀ ဒသမ ၅ ရာခိုင်နှုန်းမှာပဲ ရှိပြီး စက်မှုဇုန်တွေမှာ ရင်းနှီးမြှုပ်နှံတာက ၀ ဒသမ ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ဒါကို ကြည့်ရင် မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ သဘာ၀ သယံဇာတတွေ အပေါ်မှာပဲ မူတည်နေပြီး ရေရှည် အကျိုးဖြစ်ထွန်းမယ့် ကုန်ထုတ်လုပ်မှု လုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအပေါ် သက်ရောက်မှု အလွန် နည်းနေပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ တောင်ကိုရီးယား၊ ဂျပန်တို့လို ပို့ကုန် အားထားတဲ့ နိုင်ငံ မဟုတ်ပါဘူး။ဒီအတိုင်းပဲ မြန်မာနိုင်ငံမှာ အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံတွေကလည်း မတရားသဖြင့် အမြတ်ထုတ်ချင်နေသူတွေပဲ ဖြစ်ပါတယ်။ပြောရရင်တော့ အခု လက်ရှိ မြန်မာ့စီးပွားရေးဟာ ကြိုးတန်းလမ်းလျှောက်နေတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး ဆိုတာနဲ့ ပြုတ်ကျသွားမှာ ဖြစ်ပါတယ်။ သဘာ၀ သယံဇာတ ဆိုတာလည်း ရှေရှည် မှီခိုလို့ရတဲ့ အရာ မဟုတ်တဲ့အတွက် နောက်ပိုင်း ဖြစ်လာမယ့် ဆုတ်ယုတ်မှုတွေဟာ ၂၀၁၀ ပြည့်နှစ် မတိုင်ခင် အခြေအနေထက် ပိုဆိုးမှာ သေချာပါတယ်။ 
 
■ ဘယ်သူတွေ ခိုးခဲ့သလဲ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှု မရှိခဲ့ရင် ၂၀၁၀ ပြည့်နှစ် မတိုင်ခင် စစ်အစိုးရ လက်ထက် အခြေအနေထက် ပိုဆိုးသွားမယ် ဆိုတာ ရှင်းပါတယ်။စစ်အစိုးရ သက်တမ်းတစ်လျှောက်လုံး သူတို့ရဲ့ အဓိက ဝင်ငွေအတွက် သဘာ၀ သယံဇာတတွေကို အသုံးပြုခဲ့တယ်။ အဲဒီက တစ်ဆင့် ဆွေမျိုးကောင်းစားရေး ဝါဒ၊ အကျင့်ပျက် ခြစားမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ လူတစ်စု ကောင်းစားသွားပေမယ့် ပြည်သူတွေ ဆင်းရဲမွဲတေ ခဲ့ပါတယ်။၁၉၆၀ ပြည့်နှစ်နဲ့ ၂၀၁၃ ခုနှစ် ၅၃ နှစ်တာ ကာလမှာ မြန်မာပြည်သူတွေရဲ့ ငွေတွေ ဘယ်လောက် ဆုံးရှုံးသွားလဲဆိုတာ Global Financial Integrity က စက်တင်ဘာမှာ ထုတ်ပြန်ခဲ့တဲ့ Flight Capital and Illicit Financial to and from Myanmar: 1960-2013 အစီရင်ခံစာမှာ ပြောထားပါတယ်။သူတို့ရဲ့ အစီရင်ခံစာအရ ၅၄ နှစ်တာ ကာလမှာ မြန်မာနိုင်ငံက နေပြင်ပကို တရားမဝင် စီးထွက်သွားတဲ့ ငွေဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ နီးပါး ရှိခဲ့ပြီး မြန်မာနိုင်ငံထဲကို တရားမဝင် စီးဝင်လာတဲ့ ငွေ အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၇ ဘီလျံ ရှိခဲ့တယ်လို့ ဆိုပါတယ်။ တရားမဝင် စီးဝင်လာတဲ့ ငွေပမာဏရဲ့ ထက်ဝက်ကျော်က ၂၀၁၀ ပြည့်နှစ်နဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး ၂၀၁၃ ခုနှစ် အတွင်း စီးဝင်ခဲ့တာ ဖြစ်ပါတယ်။၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံ ပြင်ပမှာ ရှိနေတယ်ဆိုတဲ့ ဘဏ်အကောင့် ငါးခုနဲ့ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ကိစ္စ ပေါ်ခဲ့ပါသေးတယ်။ ဒီတုန်းကတော့ ငြင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ အခု ထွက်ပေါ်လာတဲ့ တရားမဝင် ငွေကြေး စီးဆင်းမှု ကိစ္စကိုတော့ ဘယ်သူမှ မငြင်းခဲ့ပါဘူး။GFI ရဲ့ အစီရင်ခံစာမှာ တရားမဝင် ငွေကြေးစီးဆင်းမှုဟာ ၁၉၆၀ ပြည့်နှစ်တွေမှာ တစ်နှစ် ပျှမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ပဲ ရှိခဲ့ရာက အခုချိန်မှာ တစ်နှစ်ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၈ ဘီလျံအထိ ရှိနေပြီလို့ ဆိုပါတယ်။ဒီလို စီးဆင်းမှုတွေကြောင့် ၅၄ နှစ်တာ ကာလအတွင်း တိုင်းပြည်မှာ အခွန်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလျံကနေ ၃ ဒသမ ၆ ဘီလျံထိ ဆုံးရှုံးသွားပြီး ပြည်တွင်း စုဆောင်းငွေကို ကုန်ဆုံးစေခဲ့သလို တိုင်းပြည်အတွက် အရေးကြီးတဲ့ ပြည်သူ့ ဘဏ္ဍာငွေထဲက ခိုးယူ ခံလိုက်ရတယ်လို့ GFI က ပြောပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားမဝင် ငွေကြေး စီးဆင်းမှုဟာ ဆိုးဆိုးရွားရွား ဖြစ်နေပြီး ရွေးကောက်ပွဲက တစ်ဆင့် တက်လာမယ့် အစိုးရဟာ တရားမဝင် ငွေကြေးစီးဆင်းမှုကို ရပ်တန့်ဖို့ အရေးတကြီး လုပ်ဆောင်ရလိမ့်မယ်လို့ သူတို့က ပြောပါတယ်။မလုပ်နိုင်ဘူး ဆိုရင် တိုင်းပြည် စီးပွားရေးအပေါ် တရားမဝင် ငွေကြေး စီးဆင်းမှုက ရိုက်ခတ်နေမှာ ဖြစ်ပြီး စီးပွားရေးအရ တိုက်ရိုက် ဆုံးရှုံးမှုအပြင် ရာဇဝတ်မှု၊ အကျင့်ပျက် ခြစားမှုတွေနဲ့ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးမှုတွေ ဖြစ်လာမယ်လို့ GFI က ဆိုပါတယ်။GFI အစီရင်ခံစာမှာ ပါတဲ့ ညွှန်းကိန်းတွေအရ တရားမဝင် ငွေကြေး စီးဆင်းမှုကို တားဆီးဖို့ အခု သက်တမ်းမှာ မလုပ်နိုင်ခဲ့သလို နောက်သက်တမ်းမှာ လုပ်နိုင်ဖို့လည်း မသေချာပါဘူး။ 

 
■ ခုတ်ရာ တခြား၊ ရှရာ တလွဲသမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးတဲ့ အခါ မိုဘိုင်းဖုန်း အသုံးပြုနိုင်တဲ့ အရေအတွက်၊ ကားစီးနိုင်တဲ့ အရေအတွက်၊ လမ်းဖောက် တံတားဆောက်ပေးနိုင်မှု အခြေအနေတွေကို ပြောပြီး မဲဆွယ်ပါတယ်။အမှန်တော့ ဒါတွေဟာ ဘယ်အစိုးရမဆို သူ့ပြည်သူတွေကို လုပ်ပေးရမယ့် အခြေခံ လိုအပ်ချက် (Basis needs) တွေ ဖြစ်ပါတယ်။ မဖြစ်မနေ လုပ်ကို လုပ်ပေးရမယ့် အရာတွေပါ။ အစိုးရ သက်တမ်း ငါးနှစ်တာ ကာလကို ကြည့်ရင် ပြည်သူတွေ လိုအပ်တဲ့ အခြေခံ လိုအပ်ချက် ရာနှုန်းပြည့် ဖော်ဆောင်ပေးနိုင်ခြင်း မရှိဘူးလို့ပဲ သတ်မှတ်ရမှာပါ။  မိုဘိုင်းဖုန်း ပိုသုံးလာနိုင်တာ၊ ကား ပိုစီးလာနိုင်တာကို အပေါင်းလက္ခဏာပြ ပြောနေပေမယ့် လူတစ်ဦးချင်း ဝင်ငွေ လုံလောက်တဲ့ ပမာဏကို မရောက်တာ သတိပြုရပါမယ်။ ဆိုလိုတာ ဒီပစ္စည်းတွေ သုံးနိုင်ပေမယ့် တစ်ဦးချင်းဝင်ငွေ မလုံလောက်တာ၊ ငွေကြေးဖောင်းပွမှုနှုန်း များနေတာ၊ အခြေခံ စားသောက်စရိတ် အပါအဝင် နေထိုင်စရိတ်၊ ကျန်းမာရေးစရိတ် အပို ကုန်ကျငွေတွေ လူထုဆီက ပြန်ပြီး စီးထွက်သွားတာကို ထည့်တွက်ရပါမယ်။ဥပမာ အနေနဲ့ တစ်နေ့ လုပ်ခလစာ ကျပ် ၃၆၀၀ ရရှိနေတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ လစာဟာ ပျမ်းမျှ ကျပ် ၁၀၈၀၀၀ ပဲ ရရှိပါမယ်။ ဒီအခါ သူသုံးစွဲတဲ့ ဖုန်းဘီလ်၊ အခြား ကုန်ကျစရိတ်နဲ့ နေထိုင် စားသောက်စရိတ်တွေ ထည့်ပေါင်းရင် သူ့အတွက် စုဆောင်းငွေ မရှိတော့ပါဘူး။ဒါကြောင့် မိုဘိုင်းဖုန်း ပိုသုံးနိုင်တာဟာ တိုးတက်မှု ပြယုဂ်တစ်ခု မဟုတ်ဘဲ တိုင်းပြည်မှာ ရှိနေတဲ့ လူတစ်ဦးချင်း ဝင်ငွေ ဘယ်အထိ တိုးတက်အောင် လုပ်နိုင်သလဲဆိုတာ တိုးတက်မှု အစစ်အမှန် ဖြစ်ပါတယ်။  ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေကို အခြေခံ တွက်ချက်တဲ့ နိုင်ငံတစ်ခုရဲ့ သုံးနှစ် အမျိုးသားဝင်ငွေအပေါ် အခြေခံသော တစ်ဦးချင်း ဝင်ငွေ (GNI) ကို ကြည့်ရင် မြန်မာနိုင်ငံသား တစ်ဦးရဲ့ တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၂၇၀ ရှိပါတယ်။ ဒီပမာဏဟာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ (LDC) စာရင်းက ရုန်းထွက်ဖို့ အမေရိကန်ဒေါ်လာ ၈၀ ကျော် လွန်သွားတာ မှန်ပေမယ့် အာဆီယံဒေသတွင်း (အရှေ့တီမော အပါအဝင်) ၁၁ နိုင်ငံမှာ နံပါတ် ၁၀ နေရာကို ရောက်နေပါတယ်။  မြန်မာအောက်မှာ ကမ္ဘောဒီးယားပဲ ရှိနေပါတယ်။ 

 
■ ဆရာကြီး ဦးမြင့် ခန့်မှန်းပေးပါ
ဆရာကြီး ခင်ဗျာ ...တိုင်းပြည်မှာ ပို့ကုန်ထက် သွင်းကုန် ပိုများနေတဲ့အတွက် ကုန်သွယ်မှု မညီမျှရာက ကုန်သွယ်မှု လိုငွေ ပမာဏ ကြီးလာတာဟာ စိုးရိမ်စရာ ကောင်းပြီး ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေတာ အန္တရာယ် ရှိကြောင်း မတ်လကတည်းက ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ဆရာကြီးက ငြင်းခဲ့ပါတယ်။ဒါပေမဲ့ ဇူလိုင်မှာ ဆရာကြီး ရေးခဲ့တဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို ကုစားဖို့ အကြံပေးထားတဲ့ စာတမ်းမှာ ကုန်သွယ်မှုလိုငွေ ကြီးလာတာကို အချက်တစ်ခု အနေနဲ့ ထည့်ုသွင်းခဲ့ပါတယ်။ ဒါကြောင့် အဲဒီ တစ်ခုကို ဆရာကြီး လက်ခံခဲ့တယ်လို့ ယူဆပါတယ်။အစိုးရ အသုံးစရိတ် များပြီး ဘတ်ဂျက်လိုငွေ ကြီးနေတာကို ဆရာကြီးပြောတာ မတွေ့ရသေးပါဘူး။ အစိုးရ အသုံးစရိတ် များရတဲ့ အကြောင်းရင်းက ရှင်းပါတယ်။ ရွေးကောက်ပွဲအတွက် ငွေတွေ ပုံအောသုံးခဲ့လို့ပါပဲ။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေ ဆိုတာ ရှိလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးက သမ္မတ ဦးသိန်းစိန်ရဲ့ လူယုံ ဦးအုန်းမြင့် ဖြစ်နေပါတယ်။ သူလည်း ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်က ရွေးကောက်ပွဲ ဝင်ပြိုင်မှာပါ။အဲဒီ ရန်ပုံငွေကြောင့် ကျေးလက်ဒေသက ပြည်သူတွေ ဘယ်လောက်ထိ အကျိုးရှိခဲ့လဲတော့ မသိပါဘူး။ ဒီအတွက် ငွေတွေ အများကြီး သုံးစွဲခဲ့ပါတယ်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တစ်နှစ်မှာတင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေအဖြစ် ကျပ်သန်း ၅၀၀၀၀ ခွင့်ပြုခဲ့ပါတယ်။ ဒီငွေတွေကို တကယ်လိုအပ်တဲ့ နေရာတွေမှာ သုံးခဲ့သလား၊ မသုံးခဲ့ဘူးလား ဆိုတာ ကာယကံရှင်တွေပဲ သိမှာပါ။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အထိတော့ ခွင့်ပြုထားတဲ့ ငွေပမာဏ ကျပ်သန်း ၅၀၀၀၀ ထဲက ကျပ်သန်း ၁၀၀၂၁ ဒသမ ၂၁၄ သန်းပဲ သုံးစွဲခဲ့ပါတယ်။ ခွင့်ပြုငွေထဲက ရာခိုင်နှုန်း ၂၀ ပဲ သုံးခဲ့တာပါ။လိုအပ်တဲ့ အချိန်တွေမှာ ဒီငွေတွေကို မသုံးခဲ့ပေမယ့် ရွေးကောက်ပွဲ ကာလဖြစ်တဲ့ အခုချိန်မှာ သွယ်ဝိုက်သော အားဖြင့် အသုံးပြုတဲ့ ပုံစံမျိုးတွေ တွေ့လာရပါတယ်။ မအူပင် မဲဆန္ဒနယ်မှာ ကျေးလက်ဒေသ မီးလင်းရေးကို အကြောင်းပြပြီး မဲဆွယ်တဲ့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်လို လူတွေ ဘယ်လောက် ရှိမလဲ ဘယ်သူမှ မပြောနိုင်ပါဘူး။ဒီလို အလွဲတွေနဲ့ ပတ်သက်ပြီး အထူးသဖြင့် သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးတွေ ဖြစ်တဲ့ ဆရာကြီးတို့၊ ဒေါက်တာ ဇော်ဦးတို့၊ ဒေါက်တာ အောင်ထွန်းသက်တို့မှာ တာဝန် ရှိကြပါတယ်။ ဆရာကြီးတို့ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ထဲက တချို့ကတော့ အခြေအနေ မကောင်းလို့ KDI လို အဖွဲ့မှာ နေရာတစ်နေရာ လှမ်းဖို့ လုပ်နေတာတွေ ရှိပါတယ်။ဒါကြောင့် သမ္မတ ဦးသိန်းစိန် နောက်သက်တမ်း ဆက်ယူရင် မြန်မာ့ စီးပွားရေး ဘာဖြစ်သွားမလဲ ဆိုတာ ဆရာကြီး ခန့်မှန်းပေးပါ။ ဆရာကြီး အနေနဲ့ အများပြည်သူ ရှေ့မှာ ပြောဖို့ အဆင်မပြေဘူး ဆိုရင် ဒီအစိုးရ သက်တမ်းလည်း သိပ်မကျန်တော့ဘူး ဆိုတော့ စီးပွားရေး အကြံပေး အဖြစ်က တရားဝင် နုတ်ထွက်ဖို့ပဲ ကောင်းပါတယ်။မြန်မာ့စီးပွားရေး ကျဆင်းနိုင်တယ် ဆိုတာကိုတော့ လွန်ခဲ့တဲ့ ခြောက်လ၊ တစ်နှစ်လောက် ကတည်းက ကျွန်တော်တို့ ကြိုပြောခဲ့ပြီးသားပါ။ အဲဒီ အချိန်တုန်းက ကမ္ဘာ့ဘဏ်တို့၊ ADB တို့တောင် မပြောခဲ့ပါဘူး။ အခုချိန်ရောက်မှ မြန်မာ့စီးပွားရေး ၆ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြောခဲ့တာပါ။အခုလည်း ကျွန်တော်တို့ ကြိုပြောပါဦးမယ်။ ရွေးကောက်ပွဲမှာ ညစ်ပတ်ခဲ့မယ် ဆိုရင်တော့ မြန်မာ့စီးပွားရေးဟာ ဘယ်တော့မှ နာလန်ထူမှာ မဟုတ်တော့ပါဘူး။ အခု မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာ သုံးဘီလျံကျော် ရင်းနှီးမြှုပ်နှံထားတဲ့ ဗြိတိန်နဲ့ အနောက်ဥရောပ နိုင်ငံတွေလည်း မြန်မာနိုင်ငံကို အလွယ်တကူပဲ ကျောခိုင်းသွားကြ ပါလိမ့်မယ်။စင်ကာပူလို နိုင်ငံမျိုးရဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ ၂၀၀၀ ဝန်းကျင်တုန်းက ကြုံဖူးပြီပဲ။ စီးပွားရေး ကျဆင်းစ တရုတ်နဲ့ စစ်အာဏာရှင်စနစ် သွားနေတဲ့ ထိုင်းကိုလည်း မှီခိုလို့ ရပါဦးမလား။ ဆရာကြီးလို ပညာရှင်မျိုးဆီက စကားမျိုး ပိုလိုချင်ပါတယ်။ ဦးသိန်းစိန် နောက်သက်တမ်း ဆက်ယူခဲ့ရင် ....။       

Most Read

Most Recent