ရွေးကောက်ပွဲကို စောင့်ကြည့်နေခြင်းကြောင့် အိမ်၊ ခြံ၊ မြေအရောင်းအဝယ် အေးစက်နေပြီး တိုက်ခန်းဈေးများ ရာခိုင်နှုန်း ၂၀ မှ ၂၅ ရာခိုင်နှုန်းကြား ကျဆင်း

ရွေးကောက်ပွဲကို စောင့်ကြည့်နေခြင်းကြောင့် အိမ်၊ ခြံ၊ မြေအရောင်းအဝယ် အေးစက်နေပြီး တိုက်ခန်းဈေးများ ရာခိုင်နှုန်း ၂၀ မှ ၂၅ ရာခိုင်နှုန်းကြား ကျဆင်း
Published 11 October 2015
ဇော်ဝေ

ရင်းနှီးမြှုပ်နှံသူများက ရွေးကောက်ပွဲကို စောင့်ကြည့်နေခြင်းကြောင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် အေးစက်နေပြီး တိုက်ခန်းဈေးများ ရာခိုင်နှုန်း ၂၀ မှ ၂၅ ရာခိုင်နှုန်းကြား ကျဆင်းသွားကြောင်း အောက်တိုဘာ ၁၀ ရက်က UMFCCI ၌ House.com.mm မှ ကြီးမှူးကျင်းပသည့် Realestate Conference 2015 အခမ်းအနားတွင် အောင်မြင်ပြည့်စုံ ဆောက်လုပ်ရေးလုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်မြင့်က ပြောကြားသည်။“၂၀၁၄ ခုနှစ် နောက်ပိုင်းမှာ အိမ်ဆောက်ဖို့ ပါမစ်ကျလာတာ အလုံးပေါင်း ၂၅၀၀ ကျော်လောက် ရှိပါတယ်။ စီးပွားရေးသမား တော်တော်များများကနေပြီးတော့ ဆောက်လုပ်ရေး လောကထဲကို ဝင်လာပါတယ်။ ဝင်လာပြီး ကြုံရာနေရာ၊ ဆောက်လို့ရမယ့် နေရာတွေမှာ ဝင်ဆောက်ဖို့ ကြိုးစားကြပါတယ်။ အဲဒီအတွက်ကြောင့်လည်း တချို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အနေနဲ့ အပြတ် ဖြတ်သင့်တာကို အပြတ်ဖြတ်၊ တချို့လည်း ထိခိုက်သွားပါတယ်။ ရှစ်ထပ်၊ ၁၀ ထပ်၊ ၁၅ ထပ်လောက်ကတော့ သိပ်အဆိုးဆုံးကြီးတော့ မဟုတ်သေးပါဘူး။ Marketing အနေနဲ့ ပြန်တွက်မယ်ဆိုရင် အကောင်းဆုံးကတော့ မြေကြီးတူးတာနဲ့ ကုန်တယ်။ ပုံမှန်ဆိုတာကတော့ တည်ဆောက်လို့ ရာခိုင်နှုန်း ၄၀ ဆိုရင် ကုန်တယ်။ အခုအချိန်ကတော့ ပုံမှန်ထက် နည်းနည်းလေး လျော့နည်းနေတယ်။ ကျွန်တော့် အခြေအနေအရတော့ ရာခိုင်နှုန်း ၈၀၊ ၁၀၀ လောက်ဆောက်ပြီးရင် ရာခိုင်နှုန်း ၉၀ လောက် ရောင်းထွက်ပါတယ်။ စဆောက်ရင် နည်းနည်းနဲ့ ရောင်းရပါတယ်။  တဖြည်းဖြည်းနဲ့ ရောင်းရပါတယ်။ ကျွန်တော်တို့ Developer ဆိုတာကတော့ ကြံ့ကြံ့ခံနိုင်ရပါတယ်။ အဆောက်အအုံသမား လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ Budget ကို လုပ်ထားရမှာပါ။ ကြိုပြီးတော့ လုပ်ထားရမှာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ပိုက်ဆံ ဘယ်လောက်ကုန်သလဲ၊ ဘယ်အချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာ။ ဈေးနှုန်းအနေနဲ့ ဆိုရင်တော့ တိုက်ခန်းဈေးနှုန်းက ရာခိုင်နှုန်း ၂၀ ကနေပြီးတော့ ၂၅ ရာခိုင်နှုန်းလောက် ကျပါတယ်။ ဒါကလည်း တစ်ချိန်က ပုံမှန်မဟုတ်တဲ့ အခြေအနေကြောင့် ကျသွားတာပါ။ အခု ပုံမှန်ဆိုတဲ့ အနေအထားမှာ နေထိုင်ဖို့ ဝယ်တဲ့သူတွေ အနေနဲ့ တဖြောက်ဖြောက်တော့ ဝယ်နေတယ်” ဟု ဦးအောင်မြင့်က ဆိုသည်။ဆက်လက်ပြီး ၎င်းက “ကျွန်တော် ဆောက်လုပ်ရေး လုပ်ငန်းမှာ သက်တမ်း ၂၀ ကျော်ပါပြီ။ ဒါမျိုး အခက်အခဲ ဖြတ်သန်းလာတာ သုံးကြိမ်ရှိပါပြီ။ ဒါ တတိယအကြိမ်မြောက် ဖြတ်သန်းရတာပါ။ ဒီအခက်အခဲကတော့ အရင်အခက်ခဲတွေလောက်  မဆိုးဘူးလို့ ထင်ပါတယ်။ အရင်အခါတွေကတော့ အခက်အခဲ တစ်ခါဖြစ်ရင် နှစ်နှစ်၊ သုံးနှစ် ကြာပါတယ်။ အခုအခါကတော့ အရင်အခါလောက် မဆိုးဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ Election ကို စောင့်နေတဲ့ ပုံလေးလည်းရှိတော့ Election ပြီးသွားရင်တော့ အပြောင်းအလဲ ဖြစ်ကိုဖြစ်မှာလို့ မြင်ပါတယ်။ ကျွန်တော်ထင်တယ်။ Election ပြီးတော့ ပြန်ဝင်လာပါလိမ့်မယ်” ဟု ပြောကြားသည်။ယခုကဲ့သို့ အရောင်းအဝယ်အေးပြီး ဈေးနှုန်းကျဆင်းနေသော်လည်း မြန်မာနိုင်ငံတွင် အများစုက အိမ်၊ ခြံ၊ မြေကို လက်ကိုင်ထားပြီး ကစားနေကြကြောင်း၊ နိုင်ငံခြားမှ အမှန်တကယ် လာရောက်ရင်းနှီး မြှုပ်နှံသူများအတွက် အခက်အခဲဆုံးနှင့် အကုန်အကျဆုံးမှာ မြေနေရာအတွက်ဖြစ်ပြီး အခြားနိုင်ငံများတွင် မြေနေရာမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၂၀ ဝန်းကျင်သာ ရှိချိန်တွင် မြန်မာနိုင်ငံတွင် ရာခိုင်နှုန်းမှ ၃၀၊ ၄၀ အထိ ရှိနေဆဲဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Savills မှ အကြီးတန်းမန်နေဂျာ Sushant Bihani က ပြောကြားသည်။လက်ရှိ ဖြစ်ပေါ်နေသည့် ဈေးနှုန်းနှင့် အနာဂတ်ဈေးနှုန်း အပြောင်းအလဲမှာလည်း ရွေးကောက်ပွဲနှင့် ကျင့်သုံးလာမည့် မူဝါဒများပေါ် မူတည်နေပြီး ယခုကဲ့သို့ ဆောက်လုပ်ရေးကဏ္ဍ အကျပ်အတည်း ဖြစ်နေမှုမှာ မည်မျှကြာမြင့်မည် ဆိုသည်ကို ခန့်မှန်း၍ မဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ပူပေါင်း ပေါက်တော့မည်ကို ပြီးခဲ့သည့် နှစ်နှစ်ကျော်ကတည်းက ကြိုတင်မြင်နေရကြောင်း၊ သို့သော်လည်း ဈေးကစားလိုသူများက ဆက်လက်ဝယ်ယူခဲ့ကြောင်း၊ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းနှင့် အိမ်၊ ခြံ၊ မြေ ကဏ္ဍ၏ ဈေးနှုန်းဖြစ်ပေါ်လာမှုမှာ ဆက်စပ်၍ မရခဲ့ကြောင်း၊ တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်းမှာ ရှစ်ရာခိုင်နှုန်းဝန်းကျင် ရှိနေချိန်တွင် အိမ်၊ ခြံ၊ မြေဈေးမှာ ရာခိုင်နှုန်း ၁၀၀ ဖြင့် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ထိုအချိန်တွင် ပိုမိုအရောင်းအဝယ် လိုက်လာခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်ရခြင်းဖြစ်ကြောင်းလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ပြောကြားသည်။ဆောက်လုပ်ရေး ကဏ္ဍတွင် ယခုကဲ့သို့ အရောင်းအဝယ်အေးပြီး ဈေးနှုန်းကျဆင်းနေသကဲ့သို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာလည်း အရောင်းအဝယ် အေးနေကြောင်း၊ ရွေးကောက်ပွဲ အပြီးတွင် ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု မျှော်လင့်မိကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြားသည်။     

Most Read

Most Recent