ထားဝယ်မြို့အဝင် မြို့ကျက်သရေဆောင် ထန်းပင်တန်းအား မည်သူ့ကိုမျှ ခုတ်လှဲခွင့်မပြုကြောင်း မြို့နယ်စည်ပင် ပြောကြား

ထားဝယ်မြို့အဝင် မြို့ကျက်သရေဆောင် ထန်းပင်တန်းအား မည်သူ့ကိုမျှ ခုတ်လှဲခွင့်မပြုကြောင်း မြို့နယ်စည်ပင် ပြောကြား
Published 11 October 2015

တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့၏ အနောက်ဘက် ကမြောကင်း တံတားဝင်ပေါက်၌ စိုက်ပျိုးထားသည့် နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိ မြို့ကျက်သရေဆောင် ထန်းပင်တန်းအား မည်သူ့ကိုမျှ ခုတ်လှဲခွင့်မပြုကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိက ဆိုသည်။ထားဝယ်မြို့၏ အထင်ကရ တံတားတစ်ခုဖြစ်သော ကမြောကင်းတံတား ချဉ်းကပ်လမ်းပေါ်ရှိ ထန်းပင်များကို တံတားစတင် ဆောက်လုပ်ခဲ့သည့် ၁၉၇၂ ခုနှစ်က စိုက်ပျိုးထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်မှစ၍ ၎င်းထန်းပင်တန်းများ၏ အနောက်ဘက်၌ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ (DDPC) က တန်ဖိုးသင့်အိမ်ရာ စီမံကိန်းများနှင့် စက်သုံးဆီ အရောင်းဆိုင်များ တည်ဆောက်နေသောကြောင့် မြို့ကျက်သရေဆောင် ထန်းပင်များ ပျောက်ကွယ်မည်ကို ဒေသခံများက စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။“ဒီထန်းပင်တွေကို လုံး၀ ခုတ်လှဲခွင့် မရှိဘူး။ ထန်းပင်မှာ ကပ်ပြီးပေါက်နေတဲ့ အပင်တွေကိုပဲ ရှင်းထားတာ။ ပြီးပြီ။ အဲဒီမှာ ထန်းပင် ၁၄၅ ပင်ရှိတယ်။ ဒီထန်းပင်တွေက မြို့အဝင်၊ အထွက် ကျက်သရေဆောင်ပါ။ ကုမ္ပဏီတွေက ဒါကို လမ်းပိတ်လို့၊ ဘာလို့ဆိုပြီး ခုတ်ခွင့်မပြုဘူး။ ခုတ်ခွင့်တင်ပြရင်လည်း မပေးဘူး။ တကယ်လို့ ခုတ်လှဲခဲ့ရင် စည်ပင်ဥပဒေအရ အရေးယူမှာပါ” ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင် အရာရှိက ပြောကြားသည်။ပြီးခဲ့သည့်နှစ်များ အတွင်းက ထားဝယ်မြို့ အဝင်လမ်းမကြီး သုံးခု၌ လမ်းကြောင်းချဲ့ရန် ထားဝယ်မြို့ အဝင်သင်္ကေတ တစ်ခုဖြစ်သည့် လမ်းနံဘေးရှိ ထန်းပင်များအား ခုတ်လှဲခဲ့သဖြင့် ဒေသခံများအကြား ဝေဖန်မှု ဖြစ်ပေါ်ခဲ့ပြီး ထားဝယ်မြို့ အနောက်ဘက် ဝင်ပေါက်ရှိ ယင်းကမြောကင်းတံတားအနီး ထန်းပင်များ ထပ်မံခုတ်လှဲ ခံရမည်ကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။DDPC ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးအား မေးမြန်းချက်အရ အဆိုပါ ကမြောကင်းတံတားအနီး တည်ဆောက်နေသည့် တန်ဖိုးသင့်အိမ်ရာ မျက်နှာစာရှိ ထန်းပင်များအား ခုတ်လှဲရန် အစီအစဉ် မရှိဘဲ အိမ်ရာအတွင်း လမ်းအတွက် သီးသန့် Plan ရှိပြီးဖြစ်ကြောင်း ဖြေကြားသည်။

Most Read

Most Recent