မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ မြိတ်ကျွန်းစု ကျွန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော ကြက်မောက်ကျွန်းကို Grand Andaman Hotel (သူဌေးကျွန်း) က မေလအတွင်း ပင်လယ်ပြင် အပန်းဖြေခရီးစဉ် ပို့ဆောင်စဉ် ဝေဟင်ပေါ်မှ drone ကင်မရာဖြင့် မှတ်တမ်းတင်ဓာတ်ပုံ စတင်ရိုက်ကူးခဲ့ရာမှ အသည်းပုံ ရေကန်ပုံကို တွေ့ရှိကာ ပင်လယ်ပြင် ခရီးသွားလုပ်ငန်းအတွက် ကုမ္ပဏီ၏ ခရီးသွား ဝက်ဘ်ဆိုက်တွင် ထည့်သွင်းပြီး ထိုင်းနိုင်ငံ၌ စတင်ကြော်ငြာခဲ့ရာမှ ထိုအပန်းဖြေ ခရီးစဉ်အတွက် ကြိုတင်စာရင်းပေးသွင်းလာသော ထိုင်းခရီးသွားများ အပတ်စဉ် ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။“ဖေဖော်ဝါရီလလောက် ကတည်းက ပင်လယ်ပြင် ခရီးသွားကို ကြော်ငြာခဲ့တာ။ အဲဒီတုန်းက မသိခဲ့ဘူး။ Drone နဲ့ စပြီးတော့ ဓာတ်ပုံမှတ်တမ်းတင်တဲ့ အခါကျမှ သိရတာ။ ခန့်မှန်းခြေ သိတာဆို နှစ်လလောက်ပဲ ရှိဦးမယ်။ ဒီကျွန်းဟာ ကြက်မောက်ကျွန်း ဒီလိုပုံ ရှိတယ်ဆိုပြီး ကျွန်တော်တို့ Grand Andaman Travel ဝက်ဘ်ဆိုက်မှာ တင်တယ်။ လူမှုကွန်ရက်ကနေ ထပ်ရှယ်ပေးထားတော့ လူသိတော်တော် များလာတာ။ လာမယ့် နွေရာသီ ခရီးစဉ်မှာ ထိုင်းက ဧည့်သည်တွေ ကြိုတင်စာရင်းပေးလာတာ တော်တော်များတာ။ အပတ်စဉ်မှာတော့ ခရီးစဉ်က ပြည့်နေပြီ” ဟု Grand Andaman Hotel ၏ တာဝန်ရှိသူ ASST.SALES MANAGER ကိုရင်ထွေးက ပြောကြားသည်။ကြက်မောက်ကျွန်းခေါ် အသည်းပုံကျွန်းသည် သူဌေးကျွန်းနှင့် ရေမိုင် ၂၈ မိုင်ခန့်ဝေးသော နေရာတွင် တည်ရှိပြီး အပန်းဖြေခရီးစဉ် ပို့ဆောင်ရာ၌ ဆောင်းကောက်ကျွန်းနှင့် မိုးသောက်ကျွန်းများကိုပါ ပို့ဆောင်ပေးရာတွင် ထိုင်းခရီးသွား အများအပြားနှင့် မြန်မာခရီးသွား ၄၀ ကျော် ပို့ဆောင်ခဲ့ပြီးဖြစ်ကာ လာမည့် ခရီးသွားရာသီတွင် မြန်မာခရီးသွား ၇၀ ကျော်မှာ ကြိုတင်စာရင်းပေးထားသည်ဟု ဆိုသည်။









