ပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များ ပါရှိသည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ တစ်ပိုဒ်ချင်းစီအလိုက် ယနေ့ မဲခွဲဆုံးဖြတ် အတည်ပြုမည်

ပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များ ပါရှိသည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ တစ်ပိုဒ်ချင်းစီအလိုက် ယနေ့ မဲခွဲဆုံးဖြတ် အတည်ပြုမည်
Published 25 June 2015

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) ပါ ပြင်ဆင်ချက်များပါရှိသည့် ဥပဒေမူကြမ်းကို ယနေ့ (ဇွန် ၂၅ ရက်) တွင် ပြုလုပ်မည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တစ်ပုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ် အတည်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ၄၃ ဒသမ ၅၂ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြည်ထောင်စုလွှတ်တော်သို့ ဇွန် ၁၀ ရက်က တင်သွင်းခဲ့ခြင်းဖြစ်သည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့် ပတ်သက်၍ ဇွန် ၂၅ ရက် (ယနေ့) တွင် တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးမဲခွဲ အတည်ပြုမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေးကို အားလုံးတက်ရောက်ကြရန် လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ရန်နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရာတွင် ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံ သို့မဟုတ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော် ထောက်ခံမှုဖြင့် ပြင်ဆင်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) အပေါ် NLD လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် (ခ) တို့နှင့် ပတ်သက်၍ ယခုပြင်ဆင်ရန် တင်ပြချက်သည် လက်ရှိပကတိ အနေအထားအရ ဖြစ်သင့်သည့် အခြေအနေကို အဘက်ဘက်မှ တွက်ဆပြီး ဆောင်ရွက်ထားသည်ကို တွေ့ရမှာဖြစ်ကြောင်း ယင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ဆွေးနွေးပြောကြားသည်။ဖွဲ့စည်းပုံပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ သဘောတူညီမှုဖြင့် ပြင်ဆင်ရန်နှင့် ပုဒ်မ ၅၉ (စ) ကို အရည်အချင်း ပြည့်စုံသူတိုင်း ပါဝင်ယှဉ်ပြိုင်မှု ပြုလုပ်နိုင်ရန် ပြင်ဆင်သင့်ကြောင်း တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စန်းနိုင်က ဆွေးနွေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် ပုဒ်မ ၄၃၆ (ခ) ပါ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းများကို ပြင်ဆင်ခြင်း မပြုသင့်ဘဲ မူလအတိုင်းထားရှိရန် ဆွေးနွေးတင်ပြခဲ့ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စိုးကလည်း ပုဒ်မ ၅၉ (စ)ကို ဖြုတ်ပယ်ခြင်းမပြုဘဲ မူလအတိုင်းသာ ထားရှိသင့်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ပါ ပြင်ဆင်ချက်များ ပါရှိသည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ် အတည်ပြုရာတွင် ထိုင်၊ ထ စနစ်ကို ကြိုက်ကြောင်း၊ ရှင်းရှင်းလင်းလင်းဖြစ်ကြောင်း မီဒီယာများ၏ မေးမြန်းမှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားသည်။

Most Read

Most Recent