ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ) များကို မပြင်ဘဲ ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှု ရှိရန် မဖြစ်နိုင်ကြောင်းနှင့် ပြင်ဆင်ခွင့်ရှိချိန်တွင် ပြင်သွားကြရန် NLD လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ) များကို မပြင်ဘဲ ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှု ရှိရန် မဖြစ်နိုင်ကြောင်းနှင့် ပြင်ဆင်ခွင့်ရှိချိန်တွင် ပြင်သွားကြရန် NLD လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 25 June 2015
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

ပုဒ်မ ၄၃၆၊ ပုဒ် ၅၉ (စ) များကို မပြင်ဘဲ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိရန် မဖြစ်နိုင်ကြောင်းနှင့် ပြင်ဆင်ခွင့်ရှိချိန်တွင် ပြင်သွားကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ဇွန် ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းက “နိုင်ငံရေး သုံးသပ်သူတွေက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ ရပ်သွားပြီလို့ ဝေဖန်နေကြတာတွေ ရှိနေပါတယ်။ အပစ်ရပ်ရေးကလည်း ထင်သလောက်မပေါက်၊ ခြောက်ပွင့်ဆိုင်ကလည်း တိုးလိုးတန်းလန်းနဲ့ဆိုတော့ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ရှေ့ဆက်နိုင်ဖို့ တွန်းအားတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ၄၃၆ လို ပုဒ်မမျိုးနဲ့ ၅၉ (စ) လို ပုဒ်မမျိုးကို လုံလုံလောက်လောက် မပြင်ဘဲနဲ့တော့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ မပြိုင်ခင်ကတည်းက အသာစီးယူထားပါတယ်။ ပြီးတော့ ဒီမိုကရေစီခေါင်းဆောင်ကို သမ္မတမဖြစ်အောင် ကြိုတင်ပိတ်ပင်ထားပါတယ်။ ဒါမျှတလား၊ ဒါလွတ်လပ်လားဆိုတာ မေးနေဖို့တောင် မလိုတော့ပါဘူး” ဟု ဆွေးနွေးသည်။ဆက်လက်၍ ဥပဒေ၏ သဘောကိုက လိုအပ်သည့်အခါ၊ သမိုင်းက တောင်းဆိုသည့် အခါများတွင် ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ပြင်ဆင်နိုင်အောင် လုပ်ထားရမည်ဆိုပေမယ့် လွှတ်တော်တွင် ခဏခဏ အပြင်ခံနေရသည့် ဥပဒေများရှိကြောင်း၊ တစ်ခါတည်း သင့်လျော်ကောင်းမွန်သည့်၊ လက်တွေ့ကျသည့် ဥပဒေများ ပေါ်ပေါက်လာရန် ကြိုးစားရမည့်အစား အစွဲများ၊ အတ္တများကို အလိုလိုက်မိခဲ့သည့်အတွက် ခဏခဏ ပြင်နေရသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း၊ ထို့အတွက် မလိုအပ်သည့် အစွဲများ၊ အတ္တများကို လျှော့ချရန် လိုအပ်ကြောင်း ဆွေးနွေးသည်။ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခွင့်ရှိနေသည့်အချိန်၊ ပြင်သင့်ပြင်ထိုက်သည့်အချိန် ဖြစ်နေချိန်တွင် ပြင်ဆင်သင့်သည်များကို ပြင်သွားကြပါဟု တိုက်တွန်းလိုပါသည်ဟု ဦးနိုင်ငံလင်းက ဆွေးနွေးသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက “ကျွန်တော်ဆွေးနွေးလိုတာကတော့ ရရှိလာတဲ့ အတွေ့အကြုံနဲ့ ပြောင်းလဲလာတဲ့ အခြေအနေ အချိန်အခါတွေအရ အခြေခံဥပဒေဟာ ပြင်ဆင်ရန် လိုအပ်နေမှာ ဖြစ်ပါတယ်။ ပြင်ဆင်ရန်လိုတဲ့ အချိန်အခါမျိုးမှာ ပြင်ဆင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုး၊ ခက်ခဲလွန်းတဲ့ အခြေအနေမျိုး မဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ အမြင်မတူခွင့် ရှိတာကြောင့် ကာချုပ် သို့မဟုတ် နည်းလွန်းတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်က မပြင်ဆင်လိုပါက ပြင်ဆင်လို့မရနိုင်တဲ့ အခြေအနေမျိုး မရောက်ရှိ ဖို့လိုအပ်ပါတယ်။ ဒီလိုဖြစ်လာပါက တိုင်းပြည်နစ်နာမှာ ဖြစ်ပါတယ်” ဟု ဆွေးနွေးသည်။ပုဒ်မ ၄၃၆ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ပြင်ဆင်ချက်အဆိုတွင် ရာခိုင်နှုန်း ၇၀ အောက် မလျော့သော လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဟု ဖော်ပြထားကြောင်း၊ ပြင်ဆင်ချက်အဆိုမှာ ဖြေလျှော့မှုအနည်းငယ် ပြုလုပ်ထားသည်ကို တွေ့ရှိရကြောင်း ဆွေးနွေးသည်။အချို့နိုင်ငံများတွင် အခြေခံဥပဒေကို ရေးဆွဲစဉ်တွင် စိုးရိမ်စိတ် အကြောက်တရားများနှင့် ပုဂ္ဂိုလ်၊ အစုအဖွဲ့၏ အကျိုးကို ရည်ရွယ်ပြီး ရေတိုအတွက် ရေးဆွဲသည်ကို တွေ့ရှိရကြောင်း၊ အခြေခံဥပဒေတစ်ခုသည် ပြင်ဆင်သင့်သည့်အချိန်တွင် ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အခြေခံဥပဒေ ရေးဆွဲစဉ်က ရှိခဲ့သည့် စိုးရိမ်စိတ် အကြောက်တရားများကို ယနေ့အချိန်တွင် မရှိသင့်တော့ကြောင်း၊ အားလုံးမှာ ရင်ကြားစေ့ရေးကို အလေးထား ကြိုးစားနေသည့် အချိန်ဖြစ်ကြောင်း ဦးဇုန်လှယ်ထန်းက ဆွေးနွေးသည်။“ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံ၏ ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ခြင်းသည်ပင်လျှင် ပြင်ဆင်ရန်ခက်ခဲသော အခြေခံဥပဒေဟု သတ်မှတ်ကြကြောင်း၊ အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေကို ခက်ခဲသည်ဟု ဆွေးနွေးကြတာကို တွေ့ရပါတယ်။ သူတို့ဆီမှာက ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ကျင်းပတာပါ။ နောက်ပြီးတော့ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေဟာ သမာသမတ်ကျကျ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ဖြစ်ပါတယ်။ မည်သည့်စိုးရိမ်စိတ်၊ မည်သည့်အစုအဖွဲ့အတွက် ရေးဆွဲခဲ့တဲ့ ဥပဒေ မဟုတ်ပါဘူး” ဟု ဆက်လက်ဆွေးနွေးသည်။ပုဒ်မ ၄၃၆ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ထက်ဝက်ကျော် သို့မဟုတ် ထောက်ခံဆန္ဒမဲ သို့မဟုတ် ရွေးကောက်ခံကိုယ်စားလှယ် သုံးပုံနှစ်ပုံ၏ ထောက်ခံမှုဖြင့်ဟု ပြင်ဆင်သင့်ကြောင်း ဦးဇုန်လှယ်ထန်းက ဆွေးနွေးသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များပါဝင်တဲ့ ပုဒ်မ ၄၁၈ (ခ) ထဲက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့် နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင်ဆိုစေကာမူဆိုတဲ့ စာသားကို ပယ်ဖျက်ဖို့ ပါတီအနေနဲ့ တင်ပြခဲ့ပါတယ်။ အခုပြဋ္ဌာန်းချက်မှာတော့ ထူးခြားသော အခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြွင်းချက်ပြုပြီးဆိုတဲ့ စကားရပ်ကို အစားထိုးလာတာ တွေ့ရပါတယ်။ အဓိပ္ပာယ်တူတာကို တွေ့ရမှာပါ။ အဲဒီလိုဆိုရင် ဒီအခြေခံဥပဒေဟာ အာဏာရှင်စနစ်ကို ပြန်သွားနေတာနဲ့ အတူတူ ဖြစ်နေမှာပါ။ အခုသွားနေတဲ့ ဒီမိုကရေစီလမ်းနဲ့ ကွဲပြားခြားနား သွားနိုင်ပါတယ်” ဟု ဆွေးနွေးသည်။တပ်မတော်အနေဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ကိုတောင် အပ်နှင်းထားသည့် တပ်မတော်ကြီးအနေဖြင့် အခွင့်ထူးခံသူတွေအဖြစ် ပြည်သူများ ထင်မြင်မည်ကို လိုလားကြမည် မထင်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် မည်သို့ပင်ဆိုစေကာမူအစား ခြွင်းချက်အနေဖြင့် အစားထိုးပြင်ဆင်ထားမှုသည် အသုံးအနှုန်းအားဖြင့် ပျော့ပျောင်းပေမယ့် အနှစ်သာရအားဖြင့် အတူတူဖြစ်သည့်အတွက် စဉ်းစားသင့်ကြောင်း ဒေါ်ဖြူဖြူသင်းက ဆွေးနွေးသည်။ဦးအောင်ကြည်ညွန့်က “အခု ၅၉ (စ)ကို ပြင်သယောင်လုပ်ထားတာလည်း မမျှတပါဘူး။ အနှစ်သာရ ထူးခြားမလာဘူး ဖြစ်နေပါတယ်။ နောက်ပြီးတော့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဆွေးနွေးသွားသလို ပြည်သူလူထုက ယုံကြည်ကိုးစားအားထားလောက်တဲ့ သူတွေဟာ သမ္မတဖြစ်ခွင့် ရှိတယ်ဆိုတဲ့ အဆိုကို လုံးဝထောက်ခံပါတယ်။ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ပြီးတော့လည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထက်ဝက်ကျော် ထောက်ခံမှု သို့မဟုတ် သုံးပုံနှစ်ပုံ ထောက်ခံမှုလို့ ပြင်သင့်ပါတယ်” ဟု ဆွေးနွေးသည်။ 

Most Read

Most Recent