လာမည့် ၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ် ကျိုက်ထီးရိုးစေတီ၌ ဟိုတယ်ဇုန်အသစ် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ခရီးစဉ်အသစ်များလည်း တိုးချဲ့မည်

လာမည့် ၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ် ကျိုက်ထီးရိုးစေတီ၌ ဟိုတယ်ဇုန်အသစ် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ခရီးစဉ်အသစ်များလည်း တိုးချဲ့မည်
Published 17 June 2015
မြတ်စုနိုင်

လာမည့် ၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ် ကျိုက်ထီးရိုးစေတီ၌ ဟိုတယ်ဇုန်အသစ် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ခရီးစဉ်အသစ်များလည်း တိုးချဲ့သွားမည်ဖြစ်ကြောင်း Myanmar Hotel Association မှ သိရသည်။နှစ်စဉ် မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ကမ္ဘာလှည့်နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်မှု ပိုမိုများပြားလာသောကြောင့် ခရီးသွားဧည့်သည်များ အဆင်ပြေစွာ တည်းခိုနိုင်ရန် ရည်ရွယ်၍ ဟိုတယ်ဇုန်တစ်ခု ဆောက်လုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။“ကျိုက်ထီးရိုးမှာ ဟိုတယ်ဇုန်ဆောက်ဖို့ ခွင့်ပြုမိန့် တင်ထားပါတယ်။ လာမယ့်နှစ်မှာ စတင်ဆောက်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကင်ပွန်းစခန်းအနီး မြေဧက ၁၅၀ ပေါ်မှာ အကောင်အထည်ဖော်သွားမှာပါ” ဟု Myanmar Hotel Association မှ ဒုဥက္ကဋ္ဌ ဦးသန်းရွှေက ဆိုသည်။အဆိုပါ ဟိုတယ်ဇုန်တွင် ဟိုတယ်များ၊ ကားပါကင်များနှင့် စားသောက်ဆိုင်များ ပါဝင်မည်ဖြစ်ပြီး ဟိုတယ်ဇုန် တည်ထောင်မှုကို လာမည့်နှစ်တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။နိုင်ငံခြားခရီသွား ဧည့်သည်များအတွက် ဆွဲဆောင်မှုရှိသော နေရာများတွင် မန္တလေး၊ ပုဂံနှင့် အင်းလေးအပြင် ပျူမြို့ဟောင်း ဒေသများသည် ဆွဲဆောင်မှုရှိသော နေရာများ ဖြစ်သကဲ့သို့ ကျိုက်ထီးရိုးစေတီတော်သည် ကမ္ဘာလှည့် ခရီးသွားများအား လာရောက်လည်ပတ်ရန် ဆွဲဆောင်လျက်ရှိပြီး ခရီးသွား ဧည့်သည်များအတွက် တည်းခိုရန်နေရာ ခက်ခဲမှုများလည်း ရှိနေကြောင်း သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံ၌ ဟိုတယ်ဇုန် ၁၉ ခုရှိနေပြီး ပြီးခဲ့သည့်နှစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ဟိုတယ်ဇုန်တစ်ခု တည်ထောင်ခဲ့ပြီး အပန်းဖြေကမ်းခြေဖြစ်သည့် ချောင်းသာကမ်းခြေ၌လည်း ဟိုတယ်ဇုန်တိုးချဲ့ရန် စီစဉ်နေကြောင်း သိရသည်။ထို့ပြင် မွန်ပြည်နယ်ရှိ ကျိုက်မရောမြို့နယ်ကို ခရီးသွားဒေသ တစ်ခုအဖြစ် ဖော်ဆောင်သွားရန်ရှိပြီး အတ္ထရံမြစ်နှင့် အတ္ထရံတောင်ကြားတွင်ရှိသော ရေပူကော့သပ်ကျေးရွာတွင် ရေပူစမ်း ၃၃ ခု ရှိသောကြောင့် ရေပူစမ်း အပန်းဖြေစခန်းအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ယင်းနောက် မွန်ပြည်နယ်ရှိ မဲလံတောင်၊ ဇင်းကျိုက်ရေတံခွန်တို့သည် ယခုနှစ်အတွင်း ခရီးသွားဧည့်သည်များ ပိုမိုလာရောက်သည့် ဒေသများဖြစ်ပြီး တန်ခိုးကြီးဘုရားများလည်း ရှိသည့်အတွက် ကျိုက်မရော ဒေသကိုလည်း ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်စေရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် အဆိုပါ ဒေသများသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးထားပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent