NCA စာချုပ် လက်မှတ်ထိုးရာတွင် ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင့်အဖွဲ့များပါဝင်ရေး အစိုးရဘက်မှ လက်မခံသော်လည်း ဆက်လက်ညှိနှိုင်းမည်

NCA စာချုပ် လက်မှတ်ထိုးရာတွင် ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင့်အဖွဲ့များပါဝင်ရေး အစိုးရဘက်မှ လက်မခံသော်လည်း ဆက်လက်ညှိနှိုင်းမည်
Published 17 June 2015
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးရာတွင် ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ရက္ခိုင့်တပ် (AA) တို့ ပါဝင်ရေး အစိုးရဘက်မှ လက်မခံသော်လည်း ညှိနှိုင်းမှု ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ကရင်ပြည်နယ် လော်ခီးလာဒေသတွင် ယခု ဇွန် ၂ ရက်မှ ၉ ရက်ထိ ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးမည့် အဖွဲ့အစည်းများ စာရင်းအတည်ပြုရာတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် အဖွဲ့အစည်းအားလုံး ပါဝင်ရေးမူကို ကိုးကားသည့်အပြင် NCA ကိုလက်ခံသည့် အဖွဲ့အစည်းများအားလုံး အတူတကွ ပါဝင်လက်မှတ်ရေးထိုးရေးကိုလည်း ဆုံးဖြတ်ခဲ့ကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် ကိုးကန့်အဖွဲ့အပါအဝင် အဖွဲ့အစည်းအားလုံး ပါဝင်ရေးမူကို လော်ခီးလာအစည်းအဝေးက ဆုံးဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး အစိုးရ၏ ငြိမ်းချမ်းရေးဆွေး နွေးရေးကိုယ်စားလှယ်များနှင့် နီးစပ်သူတစ်ဦးက “အခု အစိုးရပြောနေတာက AA တို့ ပလောင်တို့ ကိုးကန့်တို့ ဒီသုံးဖွဲ့ကို ပယ်တာလည်း မဟုတ်ဘူး။ ပြဿနာဖြစ်နေတဲ့အတွက် အခုထိုးလို့မရဘူး။ ဒါကိုပြောနေတာ။ အခြေအနေက မဆိုးဘူး။
အစိုးရအနေနဲ့ကတော့ တွေ့ဆုံဆွေးနွေးရေးကို ဆက်ပြီးတော့ ကိုင်သွားမယ်”ဟု ပြောကြားသည်။
“ရခိုင် AA ဆိုရင် ၂၀၁၄ မှာ ရခိုင်ညီလာခံကြီး လုပ်တယ်။ အဲဒါကို AA ကို ပေးလာခွင့် ပြုတယ်။ ယူနီဖောင်းတွေနဲ့ လာလုပ်သွားတာ အောက်က အစီရင်ခံစာတွေလည်း အကြီးအကျယ်တက်တာပေါ့ဗျာ။ အဲဒါကို ဝန်ကြီးက တော်တော်ကို သည်းညည်းခံပြီးထားတာ။
ဆိုလိုတာက ဒီဘက်က လိုက်လိုက်လျောလျောနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက်နဲ့ လုပ်ပေးတယ်။ ဟိုဆရာတွေက အဲဒါတွေကို  ဂရုမစိုက်ဘဲ ရခိုင်ထဲမှာ ဝင် တိုက်လိုက်တော့ တပ်က တော်တော်စိတ်ဆိုးသွားတယ်ဗျ။ ဝန်ကြီးလည်း မကောင်းဘူး။ အဲဒါတွေပါတယ်။ နောက် မီဒီယာတွေမှာ စွတ်ပြီးပြောဆိုနေတာတွေပါတယ်။  နောက် ပြဿနာတစ်ခုက ကိုးကန့်နဲ့ပတ်သက်ပြီး ခုနအဖွဲ့တွေက လုံးဝဆက်နွှယ်သွားတာတွေက ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အပြီးသတ် အတည်ပြုနိုင်ရန် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ အမြန်ဆုံးတွေ့ဆုံရေးကိစ္စ ညှိနှိုင်းရန် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ထံသို့ လော်ခီးလာအစည်းအဝေးက ဖွဲ့စည်းလိုက်သည့် ၁၅ ဦးပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့က အဆိုပြုထားကြောင်း သိရသည်။
လော်ခီးလာ အစည်းအဝေးမှ ဖွဲ့စည်းလိုက်သည့် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့  အဖွဲ့ခေါင်းဆောင်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်ဖြစ်သည်။
 

Most Read

Most Recent