“ကလေးငိုသံကြားရတဲ့ အချိန်မှာ မုန်တိုင်းတိုက်နေတာတောင် မေ့သွားသလို ဖြစ်သွားတယ်” စတုတ္ထအကြိမ်မြောက် ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင် ဦးစနိုင်နိုင်ထွန်းနှင့် တွေ့ဆုံခြင်း

“ကလေးငိုသံကြားရတဲ့ အချိန်မှာ မုန်တိုင်းတိုက်နေတာတောင် မေ့သွားသလို ဖြစ်သွားတယ်” စတုတ္ထအကြိမ်မြောက် ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင် ဦးစနိုင်နိုင်ထွန်းနှင့် တွေ့ဆုံခြင်း
Published 4 June 2015
ယမင်းသူ

၁၉၁၂ ခုနှစ်မှစတင်ပြီး ကမ္ဘာတစ်ဝန်းမှ သူနာပြုများကို ချီးမြှင့်ခဲ့သည့် ဖလောရင့်နိုက်တင်ဂေးလ်ဆုကို ၂၀၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံမှ ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းအတွင်း နာမကျန်းလူနာများ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများကို ကြိုးကြိုးစားစား ကူညီစောင့်ရှောက်ပြုစုခဲ့သည့် ဟိုင်းကြီးဆေးရုံမှ အထက်တန်းသူနာပြု ဦးစနိုင်နိုင်ထွန်းကို ဖလောရင့်နိုက်တင်ဂေးလ်ဆု ချီးမြှင့်ခဲ့သည်။ ယခုတစ်ကြိမ်ရရှိသော ဆုကိုပါ ထည့်တွက်မည်ဆိုပါက သူနာပြုများကိုချီးမြှင့်သော ကမ္ဘာ့အမြင့်ဆုံးဆုဖြစ်သည့် ဖလောရင့်နိုက်တင်ဂေးလ်ဆုကို မြန်မာနိုင်ငံမှ စတုတ္ထအကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်သည်။ စတုတ္ထအကြိမ်မြောက် ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင် ဦးစနိုင်နိုင်ထွန်းနှင့်တွေ့ဆုံပြီး နာဂစ်မုန်တိုင်းအတွင်း ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို မေးမြန်းခဲ့သည်။
မေး- ၂၀၀၈ နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်မှာ ဟိုင်းကြီးကျွန်းမှာ တာဝန်ကျနေခဲ့တယ်။ အဲဒီတုန်းက မုန်တိုင်းတိုက်မှာကို ကြိုသိခဲ့လား။
ဖြေ- မုန်တိုင်းတိုက်မယ့်သတင်းကို မြန်မာ့အသံ ရေဒီယိုကနေ ကြိုသိခဲ့တယ်။ မုန်တိုင်းက ဟိုင်းကြီးကျွန်းကို ဖြတ်သွားမယ်လို့ ကြားတယ်။ အဲဒီအတွက် ကျွန်တော်က တိုက်နယ်ဆရာဝန်ကြီးကိုလည်း အကြောင်းကြားတယ်။ လူနာတွေကိုလည်း လိုက်ပြီးသတိပေးခဲ့တယ်။
မေး- မုန်တိုင်းတိုက်မယ့်အချိန် ဆေးရုံမှာ ဘယ်လို အခြေအနေရှိခဲ့လဲ။
ဖြေ - အဲဒီအချိန်မှာလူနာ စုစုပေါင်း ၂၆ ယောက် ရှိတယ်။ ခွဲပြီးတဲ့လူနာ၊ အဲဒီမနက်မှမွေးတဲ့ မွေးလူနာလည်း ရှိတယ်။ ငါးနှစ်အောက် ကလေးတွေရှိတယ်။ နောက်အထွေထွေရောဂါ လူကြီးပိုင်းတွေရှိတယ်။
မေး - မုန်တိုင်းတိုက်တဲ့ အချိန်မှာရော လူနာတွေနဲ့ ဘယ်လိုဖြတ်သန်းခဲ့လဲ။
ဖြေ - မုန်တိုင်းတိုက်မယ်လို့ သတိလိုက်ပေးပြီး မကြာဘူး။ မုန်တိုင်းတိုက်တယ်။ ဆေးရုံဝန်းကျင်က အိမ်လေးတွေပြိုပြီး လေထဲပါသွားကြတယ်။ ဆေးရုံကလည်း အမိုးတွေလန်ပြီး ထုပ်တန်းတွေပြိုကျတယ်။ အဲဒီတော့ လူနာတွေ၊ လူနာစောင့်တွေကို ခုတင်တွေအောက်မှာ နေခိုင်းတယ်။ သိပ်မကြာဘူး။ မထင်မှတ်ဘဲ ဒီရေက တက်လာတယ်။ အဲဒီတော့ ခုတင်အောက်ကနေ ထွက်ခိုင်းပြီး မွေးခန်း၊ သူနာပြုရုံးခန်း ထုပ်တန်းပေါ်ကို ကလေးတွေ၊ လူနာတွေ အများကြီး တင်ပေးလိုက်တယ်။ အဲဒီသူတွေ ထိခိုက်ဒဏ်ရာကလွဲပြီး အသက်အန္တရာယ် မရှိခဲ့တဲ့အတွက် ဝမ်းသာတယ်။
မေး - မုန်တိုင်းတိုက်မယ့် မနက်ကပဲ ကလေးနှစ်ယောက်ကို မွေးပေးခဲ့တယ်လို့ သိရတယ်။
ဖြေ - ဟုတ်တယ်။ အဲဒီကလေးနဲ့ မိခင်တွေကို ထုပ်တန်းပေါ်တင်ပေးထားတာ။ နောက် ရေတဖြည်းဖြည်း ပြန်ကျတဲ့အချိန်။ ကျွန်တော်ကလည်း စိတ်ကအဲဒီကိုပဲ ရောက်နေတယ်။ အဲဒီတော့ ကျွန်တော်ရေထဲကိုဆင်းပြီး မိခင်နှစ်ဦးကိုပြောတယ်။ ကလေးတွေကို တစ်ချက်ကြည့်ပေးပါဆိုတော့ သူတို့ကပြောတယ်။ ကလေးတွေက ပြာနေပြီ။ အသက်မရှူတော့ဘူးဆိုပြီး။ အဲဒါနဲ့ ကလေးတွေကို လှမ်းတောင်းတယ်။ ဘာပစ္စည်းမှလည်း မရှိတော့ နားနဲ့ပဲ ကပ်နားထောင်တော့ တစ်ယောက်က နှလုံးခုန်သံကြားရတယ်။ တစ်ယောက်က မကြားရတော့ဘူး။ အဲဒါနဲ့ပဲ နှလုံးခုန်သံကြားရတဲ့ ကလေးကို ဦးဆုံးကယ်တင်ခဲ့တယ်။ အဲဒီမှာကလေးက နည်းနည်းကောင်းလာတယ်။ အဲဒါနဲ့ အဲဒီကလေးကို ဆရာဝန်ကြီးဆီ အပ်လိုက်ပြီး နောက်တစ်ယောက်ကို ကြည့်တယ်။ ကျွန်တော်ကသေပြီလို့ထင်တာ။ ဒါပေမဲ့ စိတ်ထဲမှာ ကလေးရဲ့လက်က ကျွန်တော့်ကို ဆွဲထားသလို ခံစားရတယ်။ အဲဒီတော့ လုပ်ကြည့်မယ်ဆိုပြီး ကလေးမှာရှိတဲ့ အချွဲတွေ အကုန်စုပ်ပြီး ကလေးကို CPR လုပ်တယ်။ အဲဒီမှာ ကလေးက အခြေအနေ ပြန်ကောင်းလာတယ်။ နောက်ဆုံး ကလေးငိုသံကြားရတဲ့ အချိန်မှာ မုန်တိုင်းတိုက်နေတာတောင် မေ့သွားသလို ဖြစ်သွားတယ်။
မေး - ဆေးရုံပတ်လည်မှာ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ပေးခဲ့ရတာမျိုး ရှိသေးလား။
ဖြေ - ဆေးရုံရှေ့က စာတိုက်ရုံးကပေါ့။ ညီအစ်မနှစ်ယောက် ပိတ်မိနေတာ။ နောက်ရေနည်းနည်း ကျတဲ့အချိန်မှာ သူတို့အော်သံကြားတယ်။ သူတို့ရုံးက အကုန်ပြိုသွားတယ်။ သူတို့လည်း တအားချမ်းတုန်ပြီး လမ်းတောင်မလျှောက်နိုင်တော့ဘူး။ အဲဒီမှာ လူနာစောင့်တွေနဲ့ပွေ့ချီပြီး ဆေးရုံကိုခေါ်လာခဲ့တာ။
မေး- မုန်တိုင်းပြီးသွားတဲ့ နောက်မှာကော ဘယ်လိုပြုစု စောင့်ရှောက်မှုတွေကို ပြုလုပ်ပေးခဲ့သေးလဲ။
ဖြေ - မုန်တိုင်းပြီးတော့ ကျွန်တော်တို့မှာ ဘာဆေးမှလည်း မရှိဘူးလေ။ ဆားငန်ရေနဲ့ပဲ ထိခိုက်တာတွေကို ဆေးကြောပေးရတာပေါ့။ စကားနဲ့ပဲလိုက်ပြီး အားပေးနှစ်သိမ့်ရတာပေါ့။ တစ်နေ့မှာတော့ အမျိုးသား တစ်ယောက်က သူ့မိန်းမဗိုက်နာလို့ လိုက်ခဲ့ပါဆိုပြီး လာခေါ်တယ်။ ဒါနဲ့ပဲလိုက်သွားတာ ဟိုရောက်တော့ အိမ်ကအမိုးမရှိဘူး။ ကျွန်တော် တက်လိုက်ရင် ပြိုသွားမလားမသိဘူး။ အဲဒါနဲ့ အမျိုးသားက သူ့ပခုံးပေါ်တက်ပြီး မွေးပါဆိုတော့ အဲဒီလို မွေးပေးရတာပေါ့။ ကလေးကတော့ ရှောရှောရှူရှူနဲ့ မွေးသွားတယ်။ ချည်စရာ ချက်ကြိုးလည်း မရှိတော့ ကျွန်တော့်ပုဆိုးကိုပဲ ချက်ကြိုးလုပ်ပြီး ချည်ပေးလိုက်တယ်။ ဖြတ်စရာလည်းမရှိဘူး။ သူတို့ပေးတဲ့ ဓားနဲ့ပဲဖြတ်ရတယ်။ စိတ်ကတော့ ပူနေတာပေါ့နော်။ နောက်အချင်းချတယ်။ ဘယ်လိုမှ မရဘူး။ သွေးညှီနံ့တွေနဲ့ဆိုတော့ ကိုယ်လည်းမူးချင်လာတယ်။ ဒါပေမဲ့ မူးလို့မဖြစ်ဘူးပေါ့။ နောက်တော့ မိန်းမကိုယ်ထဲကို၊ သားအိမ်ထဲကို လက်နှိုက်ပြီး အချင်းကို ထုတ်ရတာပေါ့နော်။ ၄၅ မိနစ်လောက်ကြာတယ်။ ကိုယ့်စိတ်ထဲမှာတော့ စိတ်မချဘူး။ မေးခိုင်ပိုးဝင်မှာ အရမ်းကြောက်တယ်။ ဒါပေမဲ့ မိခင်ကော ကလေးပါ ကျန်းမာကြတယ်။ ဒါကတော့ အမှတ်တရပါပဲ။
မေး - ဒီဖလောရင့်နိုက်တင်ဂေးလ်ဆုကို ရတဲ့အတွက် ဘယ်လိုခံစားရလဲ။
ဖြေ - တအားဝမ်းသာတယ်။ ဒီဆုက တင်ဆိုလို့သာ တင်လိုက်တာ။ ကိုယ်ကဒီဆုရဖို့ ဒီအလုပ်လုပ်တာ မဟုတ်ဘူးလေ။ နောက် ကိုယ့်ထက်သာတဲ့သူတွေ၊ ကိုယ့်ထက် လုပ်ဆောင်ခဲ့တဲ့သူတွေ အများကြီး။ တချို့ဆို အသက်တောင် ဆုံးရှုံးခဲ့တယ်။ ကျွန်တော်က မှန်းလည်း မမှန်းခဲ့ဘူး။ ရတယ်ဆိုတော့ ဝမ်းသာတာပေါ့။ မပြောပြတတ်အောင် ဖြစ်တယ်။                       
  

Most Read

Most Recent