လွှတ်တော်ပြန်လည်ကျင်းပမည့် မေ ၁၁ ရက်နောက်ပိုင်းမှသာ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး ဖြစ်နိုင်မည်ဟု ဒေါက်တာအေးမောင် ပြောကြား

လွှတ်တော်ပြန်လည်ကျင်းပမည့် မေ ၁၁ ရက်နောက်ပိုင်းမှသာ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး ဖြစ်နိုင်မည်ဟု ဒေါက်တာအေးမောင် ပြောကြား
Published 4 May 2015
ကျော်ဇင်ဝင်း

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး လွှတ်တော်အစည်းအဝေးများ ပြန်လည်ကျင်းပမည့် မေ ၁၁ ရက် နောက်ပိုင်းမှသာ ဖြစ်နိုင်မည်ဟု တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စားပြုပါဝင်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။ထို့ပြင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဒုတိယအကြိမ် တွေ့ဆုံမှုအား မေ ၁၁ ရက် နောက်ပိုင်းမှသာ ဖြစ်မည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပထမအကြိမ် တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသဖြင့် အဆိုပါ အတည်ပြုချက်အတိုင်းသာ ကျင်းပနိုင်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။“သူရဦးရွှေမန်းတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်ကတော့ ဧပြီ ၂၂ ရက်နဲ့ မေ ၁၁ ရက်ကြားမှာ ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ အဲဒီ ဧပြီ ၁၀ ရက်မှာပဲ ဦးရဲထွဋ်ဘက်က ဖြေလာတယ်လေ။ မေ ၁၁ ရက်နောက်ပိုင်း အစောပိုင်းရက်တွေမှာဖြစ်ဖို့ သူ့ဘက်က ကြေညာတာပဲလေ။ အဲဒါကြောင့် မေ ၁၁ ရက်နောက်ပိုင်းဆိုတာ အစိုးရဘက်က Confirm လုပ်တယ်လေ။ အဲဒီအတိုင်းပဲ သွားမယ်လေ။ ဒီဘက်ကတော့ မေ ၁၁ ရက်မတိုင်ခင် အားခဲတာပေါ့။ မေ ၁၁ ရက်နောက်ပိုင်း ပထမအပတ်တွင်း ဖြစ်နိုင်တယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။လက်ရှိတွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတွင် ပါဝင်သူ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းမှာ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေပြီး မေ ၇ ရက်မှသာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ပါဝင်သည့် ပထမအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၁၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မူဘောင်ဖြင့် ဆက်လက်ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည်။ထို့ပြင် ငြိမ်းချမ်းရေးကိစ္စနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး၊ ရွေးကောက်ပွဲလွန်ကာလ တည်ငြိမ်အေးချမ်းရေး ကိစ္စများနှင့် ပတ်သက်ပြီး ဆက်လက်ဆွေးနွေးရန်ကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အရေးကြီးအဆိုကို နိုဝင်ဘာ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။သို့ရာတွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအဆိုအား ချက်ချင်းအကောင်အထည်ဖော်နိုင်ခြင်း မရှိဘဲ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတွင် ပါဝင်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် တစ်ဦးတည်းအား ချန်လှပ်ထားကာ ကျန်ပုဂ္ဂိုလ်များနှင့် အခြားသော နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ စုစုပေါင်း လူဦးရေ ၄၀ ကျော်ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများကို သမ္မတ ဦးသိန်းစိန် ဦးဆောင်၍ ကျင်းပခဲ့သည်။အဆိုပါ လူဦးရေများပြားစွာ ပါဝင်သော ဆွေးနွေးပွဲများ ပြုလုပ်ခြင်းအပေါ် ဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရရှိခဲ့သည့် အတိုက်အခံ နိုင်ငံရေးပါတီခေါင်းဆောင်များက အကျိုးဖြစ်ထွန်းမှု မရှိကြောင်း ပြန်လည်ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။ထို့နောက် ဝေဖန်မှုများ ဖြစ်ပေါ်နေချိန် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအဆို အတည်ပြုထားသည့် လေးလကျော်အကြာ ဧပြီ ၁၀ ရက်တွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Most Read

Most Recent