လျာထားချက်ကျော်လွန်ခြင်း မရှိသော်လည်း မြဝတီနယ်စပ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် ဒေါ်လာ ၁၈၉ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့

လျာထားချက်ကျော်လွန်ခြင်း မရှိသော်လည်း မြဝတီနယ်စပ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် ဒေါ်လာ ၁၈၉ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့
Published 3 May 2015
ကိုရွှေသိန်း(မြဝတီ)

ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ် ကုန်သွယ်ရေးမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လျာထားချက်ကို ကျော်လွန်ခဲ့ခြင်း မရှိသော်လည်း ယခင်နှစ်ကထက် ဒေါ်လာ ၁၈၉ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင် စသည့် နယ်စပ်များအနက် မြတီနယ်စပ်စခန်းမှ အများဆုံး ဒေါ်လာ ၄၄၇  သန်းကျော် ကုန်သွယ်မှု ပြုနိုင်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဌာနမှ သိရသည်။မြဝတီနယ်စပ် ကုန်သွယ်ရေးမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂၆၃ သန်းသာ ကုန်သွယ်နိုင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၂၉၀ ကုန်သွယ်နိုင်ခဲ့သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၈၀ သန်း ကုန်သွယ်နိုင်ရန် လျာတားထားခဲ့သော်လည်း ဒေါ်လာ ၄၄၇ သန်းကျော်ဖိုး ကုန်သွယ်မှုပြုနိုင်ခဲ့ခြင်း ဖြစ်သည်။မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းပြီးလျှင် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ်မှ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် လျာတားချက် မပြည့်မီခဲ့သော်လည်း ယခင်နှစ်ထက် ဒေါ်လာ ၁၈၉ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။“ကုန်စဉ် စီးဆင်းမှုတော့ မြင့်တက်နေပါတယ်။ ဒါပေမဲ့ တရားဝင်လမ်းကြောင်းထက် ရှောင်ကွင်းလမ်းတွေကသွားတာ ပိုများပါတယ်။ တစ်လောက တစ်နေ့တည်း စစ်ဆေးခဲ့တာ ကုန်တင်ယာဉ် ၆၄ စီးကို မူမမှန်လမ်းကြောင်းက သွားလာတဲ့အတွက် ထိန်းသိမ်းခဲ့တာ တွေ့ရတယ်။ ကုန်ကားတွေ အကုန်လုံးသာ တရားဝင်လမ်းကြောင်းက သွားလာမယ်ဆိုရင် ပမာဏ နှစ်ဆ၊ သုံးဆ ပိုလာနိုင်ပါတယ်” ဟု မြဝတီနယ်စပ်စခန်း၌ တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောကြားသည်။အာဆီယံကုန်သွယ်မှုလမ်းကြောင်း အရှေ့အနောက် စီးပွားရေးစင်္ကြံ၏ အရေးပါသော မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် ပတ်လမ်းသစ်ကို မကြာမီ ကာလအတွင်းဖွင့် လှစ်တော့မည်ဖြစ်ရာ ကုန်သွယ်ယာဉ်များ တစ်ရက်ခြားသွားလာရန် မလိုတော့ဘဲ နေ့တိုင်း ကုန်သွယ်နိုင်တော့မည်ဖြစ်သည်။မြဝတီနယ်စပ်မှ ပြည်တွင်းဈေးကွက်သို့ အများဆုံး စီးဆင်းနေသော ကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်အပိုပစ္စည်းများ၊ ဆိုင်ကယ်၊ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးနှင့် လယ်ယာသုံးပစ္စည်းများ၊ ဘိလပ်မြေနှင့် စားသောက်ကုန်များဖြစ်ပြီး ပုံမှန်တင်သွင်းနေသော ကုန်ပစ္စည်းအဖြစ် အထည်အလိပ်များဖြစ်ကြောင်း သိရသည်။ အရက်၊ ဘီယာ၊ စီးကရက်၊ ဝိုင်စသည်တို့မှာ ဥပဒေအရ ပြည်တွင်းဈေးကွက်သို့ တင်သွင်းခွင့်မရှိကြောင်း၊ သိုသော်လည်း ပြည်တွင်းဈေးကွက်သို့ဘီယာများ အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ပြည်ပသို့ တင်ပို့ကုန်အဖြစ် လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ဆန်ကွဲနှင့် ငရုတ်သီး၊ ပဲတီစိမ်းတို့အပြင် ရေထွက်ပစ္စည်းများဖြစ်သည့် ငါး၊ ပုစွန်၊ ငါးရှဉ့်နှင့် ကဏန်းတို့ကို တင်ပို့လျက်ရှိကြောင်း သိရသည်။