တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပန်ဆန်းညီလာခံ ယနေ့စတင်မည်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပန်ဆန်းညီလာခံ ယနေ့စတင်မည်
Published 30 April 2015

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ ခု တွေ့ဆုံဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံကို မေ ၁ ရက် (ယနေ့)တွင် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းဒေသ၌ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ညီလာခံအား မေ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် ပြုလုပ်မည်ဟု ကနဦး ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် ညီလာခံကျင်းပမည့်ရက်အား သုံးရက်ထပ်မံတိုး၍ မေ ၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။   ပန်ဆန်းညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံထားရသည့် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA)၊ ရက္ခိုင့်တပ်ဖွဲ့ (AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် မိုင်းလားအဖွဲ့(NDAA) တို့ဖြစ်ကြောင်း သိရသည်။UWSA အဖွဲ့မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကိုသာ ရွေးချယ်ဖိတ်ကြားထားသဖြင့် ကျန်နေသည့်အဖွဲ့များကို ထပ်မံဖိတ်ကြားရန် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်းကို ဆွေးနွေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ UWSA ထံ အကြံပြုခဲ့သော်လည်း NCCT အဖွဲ့ဝင် အဖွဲ့အစည်း ကိုးဖွဲ့ကိုသာ ဖိတ်ကြားခဲ့ပြီး အဖွဲ့အစည်း ခုနစ်ဖွဲ့ကို ချန်လှပ်ထားခဲ့သည်။ယင်းညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားထားသည့် အဖွဲ့အစည်း ၁၂ ဖွဲ့စလုံးမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်းနှင့် တက်ရောက်မည့် ဖိတ်ကြားခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အဖွဲ့အစည်း တစ်ခုလျှင် ကိုယ်စားလှယ်သုံးဦးစီ တက်ရောက်ရန်နှင့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်တို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း UWSP/UWSA ၏ ဗဟိုရုံး အတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားထားသည်။ညီလာခံတက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ၏ ခရီးသွားလာရေး၊ လုံခြုံရေး၊ ဧည့်ခံရေး၊ အစည်းအဝေး အခမ်းအနား ကျင်းပရေး၊ စားဝတ်နေရေး စသည်တို့ကို လုံခြုံမှုရှိအောင် အဖွဲ့များဖွဲ့၍ ဆောင်ရွက်ထားသည်ဟု ဦးအောင်မြင့်က ပြောကြားထားသည်။အဆိုပါ ညီလာခံတွင် တစ်ပြည်လုံး ငြိမ်းချမ်းရေးရရှိရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်သည့် ညီလာခံတစ်ခု ထပ်မံကျင်းပရေး ကိစ္စကိုမူ တက်ရောက်လာသည့် ခေါင်းဆောင်များ၏ ဆွေးနွေးမှုအပေါ် မူတည်ဟုလည်း ၎င်းက ပြောကြားထားသည်။တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ ခေါင်းဆောင်များဖြစ်သော အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ပဒိုစောကွယ်ထူးဝင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင်(၂) ဗိုလ်ချုပ်ဂွမ်မော်တို့သည်လည်း ယင်းညီလာခံသို့ တက်ရောက်မည်ဖြစ်၍ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့အကြား အတည်ပြုပြီးဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း (Final Draft) ကို NCCT ထိပ်သီးခေါင်းဆောင်များအား တင်ပြရန် NCCT ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကျင်းပရေး ကိစ္စကို ပန်ဆန်းမြို့၌ပင် ဆွေးနွေးမည်ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားထားသည်။UWSA ၏ ပန်ဆန်းညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းမခံရသည့် NCCT အဖွဲ့ဝင် အဖွဲ့အစည်း ခုနစ်ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်အမျိုးသားကောင်စီ (ANC)တို့ ဖြစ်သည်။ထို့ပြင် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံသို့ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် အစိုးရတပ်မတော်နှင့် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသော ကိုးကန့်အဖွဲ့ (MNDAA) မှ ကိုယ်စားလှယ် တက်ရောက်မည်ဖြစ်သော်လည်း အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးဖုန်ကြားရှင် တက်ရောက်နိုင်မည်မဟုတ်ဟု UWSP/UWSA ၏ ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားထားသည်။

Most Read

Most Recent