မန္တလေးတွင် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသမှု၌ ဂရိတ်ဝေါလ်ဦးတင်မောင်၏ တော်ဝင်နှင်းဆီဆေးရုံမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း မှုခင်းဆရာဝန်ကြီး၏ တရားရုံး ထွက်ဆိုချက်အရ သိရ

မန္တလေးတွင် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသမှု၌ ဂရိတ်ဝေါလ်ဦးတင်မောင်၏ တော်ဝင်နှင်းဆီဆေးရုံမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း မှုခင်းဆရာဝန်ကြီး၏ တရားရုံး ထွက်ဆိုချက်အရ သိရ
Published 29 April 2015
ငြိမ်းဇော်လင်း

မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် Health News အမည်ဖြင့် ဆေးခန်းဖွင့်လှစ်ကာ တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသမှု၌ အဆိုပါ ဆေးရုံမှ ပူးပေါင်းပါဝင် အကျိုးတူဆောင်ရွက်မှုများ ရှိခဲ့ကြောင်း ဧပြီ ၂၉ ရက်က ချမ်းအေးသာစံ တရားရုံးတွင် မန္တလေးဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီး ဒေါက်တာသောင်းလင်း၏ ထွက်ဆိုချက်များအရ သိရသည်။ဒေါက်တာသောင်းလင်း၏ ထွက်ဆိုချက်များအရ တော်ဝင်နှင်းဆီဆေးရုံမှ ဆေးကုသသော တရုတ်နိုင်ငံသားများအား မြန်မာနိုင်ငံအတွင်း ဆေးကုသခွင့်လိုင်စင် ရရှိရန် ကူညီခဲ့ခြင်း၊ တရုတ်နိုင်ငံသားများ၏ စားဝတ်နေရေးကို ပြေလည်အောင် ဆောင်ရွက်ပေးခြင်း၊ ဆေးခန်းမှ ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများကို တော်ဝင်နှင်းဆီမှ စွန့်ပစ်ပစ္စည်းများဖြင့် တစ်ပေါင်းတည်း စွန့်ပစ်ပေးခြင်း၊ သုံးလွှာတွင်အတွင်း လူနာ ၁၅ ဦးထက် ပိုမိုပါက တော်ဝင်နှင်းဆီဆေးရုံရှိ အခြားလူနာအခန်းများအား အသုံးပြုခွင့်ပေးကာ ရရှိသော ငွေကြေးအကျိုးခံစားခြင်းများ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ထို့အပြင် တော်ဝင်နှင်းဆီဆေးရုံ သုံးလွှာတွင် အကျိုးတူလုပ်ငန်းများ လုပ်ကိုင်နေသည်ဟုလည်း သုံးသပ်မိပါသဖြင့် သက်ဆိုင်သူများကို ဥပဒေအရ အရေးယူသင့်ကြောင်း မှုခင်းဆရာဝန်ကြီးက ထွက်ဆိုခဲ့သည်။တော်ဝင်နှင်းဆီဆေးရုံတွင် ဆေးကုသမှု ပြုလုပ်ခဲ့သော တရုတ်နိုင်ငံသားများသည် ဆေးကောင်စီမှ ညွှန်ကြားထားသော ကုထုံးများကို အသုံးမပြုဘဲ တရုတ်တိုင်းရင်းဆေးဝါးများနှင့် နိုင်ငံခြားဆေးဝါးများကို ပေါင်းစပ်အသုံးပြုခဲ့သည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆရာဝန်ကြီးက ထွက်ဆိုသည်။ထိုသို့ ဆေးကုသခဲ့သော တရုတ်နိုင်ငံသား အမျိုးသမီး ဆရာဝန်သည် မြန်မာနိုင်ငံ ဆေးကောင်စီမှ ကန့်သတ်ဆေးကုသခွင့်လိုင်စင် ရရှိသော်လည်း လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ညွှန်ကြားထားသည့်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ အမျိုးသားနှစ်ဦးမှာ ဆေးကောင်စီမှ ဆေးကုသခွင့်လိုင်စင် မရှိဘဲ ပြည်သူလူထုအား ကုသပေးခြင်း၊ အမျိုးသမီးတစ်ဦးမှာ သူနာပြုကောင်စီတွင် မှတ်ပုံတင်၊ လိုင်စင်မရှိဘဲ လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခြင်းများ စစ်ဆေးတွေ့ရှိခဲ့ရကြောင်း မှုခင်းဆရာဝန်ကြီး၏ ထွက်ဆိုချက်အရ သိရသည်။လိုင်စင်မရှိသော တရုတ်နိုင်ငံသားသုံးဦးမှာ ဆေးကောင်စီနှင့် သူနာပြုကောင်စီသို့ လိုင်စင်ရရန် တင်ပြထားသဖြင့် ၎င်းတို့အတွက် သက်ဆိုင်ရာလိုင်စင်များ ထုတ်မပေးရန် အကြောင်းကြားထားကြောင်း၊ ဆရာဝန်တစ်ဦးမှာလည်း သမားများ မပြုလုပ်သင့်သည့် မဖွယ်မရာ ကျင့်မိစ္ဆာကို ကျူးလွန်ကြောင်း သုံးသပ်မိသဖြင့် မှတ်ပုံတင်မှ ပယ်ဖျက်ပေးနိုင်ရန် ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာသောင်းလင်းက ဆိုသည်။တော်ဝင်နှင်းဆီ၏ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းလိုင်စင်မှာ ဦးတင်မောင် အမည်ပေါက်ဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်နန်းလှစိန်မှ တရုတ်နိုင်ငံသား တစ်ဦးအား ဆေးရုံ၏ သုံးလွှာမှ ၁၅ ခန်းကို ဆေးကုသရန် ငှားရမ်းထားကြောင်း၊ ဦးတင်မောင်နှင့် ဇနီးတို့ကို စစ်ဆေးသည့် အချိန်မှစ၍ ယခုအချိန်ထိ မတွေ့ရှိကြောင်း ရှေ့နေ၏ မေးမြန်းချက်ကို ဒေါက်တာသောင်းလင်းက ပြန်လည်ဖြေကြားသည်။အမှုနှင့်ပတ်သက်၍ ဆေးရုံပိုင်ရှင် ဦးတင်မောင်(ခ)လီဆန်ရှင်းနှင့် ဇနီးဒေါ်နန်းလှစိန်တို့အား တရားစွဲဆိုထားရာ ၎င်းတို့မှာထွက် ပြေးတိမ်းရှောင်နေသဖြင့် တရားခံပြေးများအဖြစ် ကြေညာထားသည်။တော်ဝင်နှင်းဆီဆေးရုံအမှုနှင့် ပတ်သက်၍ တရားရုံးတွင် လာရောက်ရင်ဆိုင်ခြင်း မရှိသော ဂရိတ်ဝေါလ် ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာ စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည်ဟု ဆိုသော်လည်း ၎င်းတို့ဇနီးမောင်နှံမှာ မြန်မာပြည်တွင်း၌ပင် ရှိနေကြောင်း သတင်းများထွက်ပေါ်နေပြီး ဂရိတ်ဝေါလ်ကုမ္ပဏီ တာဝန်ရှိသူများက ပြည်တွင်း၌မရှိကြောင်း ငြင်းဆိုထားသည်။လက်ရှိတွင် တော်ဝင်နှင်းဆီဆေးရုံအား ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံဖွင့်လှစ်ခွင့် တစ်နှစ်ပိတ်ပင်ထားကြောင်း သိရသည်။

Most Read

Most Recent