ရေရှည်တည်တံ့သည့် အပစ်ရပ်စဲရေး ဖြစ်စေရန် နိုင်ငံရေးဆွေးနွေးပွဲကို တရားမျှတ မှန်ကန်စွာ လုပ်ဆောင်ရန် အရေးကြီးဟု NCCT အဖွဲ့ခေါင်းဆောင် ပြောကြား

ရေရှည်တည်တံ့သည့် အပစ်ရပ်စဲရေး ဖြစ်စေရန် နိုင်ငံရေးဆွေးနွေးပွဲကို တရားမျှတ မှန်ကန်စွာ လုပ်ဆောင်ရန် အရေးကြီးဟု NCCT အဖွဲ့ခေါင်းဆောင် ပြောကြား
Published 1 April 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်ပြီးပါက ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲကို တရားမျှတမှန်ကန်စွာ လုပ်ဆောင်ရန် လိုအပ်သည်ဟု တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။ရန်ကုန်မြို့၌ မတ် ၃၁ ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း (Final Draft) ကို နှစ်ဖက်သဘောတူညှိနှိုင်း ပြုစုရေးဆွဲ ပြီးစီးကြောင်း အတည်ပြုလက်မှတ် ရေးထိုးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးနိုင်ဟံသာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ဦးနိုင်ဟံသာက “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပီပြင်ဖို့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အားလုံးက အတူတကွ ပါဝင်လက်မှတ်ရေးထိုးဖို့ လိုပါတယ်။ ဒီအတွက်လည်း ညှိနှိုင်းလုပ်ဆောင်သွားဖို့ များစွာလိုပါသေးတယ်။ ဒါကြောင့် ခိုင်မာတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာနိုင်ဖို့ လုပ်ဆောင်စရာတွေ များစွာကျန်ပါသေးတယ်။ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီချက် တည်တံ့ခိုင်မြဲဖို့ တပ်နေရာချထားရေးတွေ နှစ်ဖက်တပ်များ လိုက်နာစောင့်ထိန်းရမယ့် စည်းမျဉ်းစည်းကမ်းတွေကိုလည်း အမြန်ဆုံးညှိနှိုင်း ချမှတ်ဖို့ လိုပါတယ်။ အဲဒါတွေ ညှိနှိုင်းချမှတ်ပြီးရင် ဒီချမှတ်ထားတဲ့ နေရာတွေမှာ နေနိုင်ဖို့၊ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အ၀ လိုက်နာဖို့ လေ့လာစောင့်ကြည့်ရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါတွေ မရှိရင် ဒီအပစ်ရပ်စဲရေး သဘောတူချက်တွေဟာ ရေရှည်တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ နောက်ဆုံးအနေနဲ့ အရေးကြီးဆုံး လုပ်ငန်းကတော့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းတဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးကို တရားမျှတစွာနဲ့ မှန်ကန်စွာ လုပ်ဆောင်သွားဖို့ လိုပါတယ်” ဟု ပြောကြားသည်။ရေရှည်အတူတကွ နေထိုင်သွားမည့် တိုင်းရင်းသားလူမျိုးပေါင်းစုံကြားတွင် အားလုံးကျေနပ် သဘောတူလက်ခံနိုင်သော သဘောတူညီချက်များ ချမှတ်နိုင်ရန် ရိုးသားပွင့်လင်း မှန်ကန်စွာနှင့် ဆွေးနွေးဖြေရှင်းသွားကြရန် လိုသည်ဟု ၎င်းက ဆိုသည်။“ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်သွားရမယ့် လုပ်ငန်းစဉ်တွေကတော့ များစွာကျန်ရှိပါသေးတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်ပြီးပါက နိုင်ငံရေးဆွေးနွေးရေး မူဘောင်များ ရေးဆွဲကာ ယခု ၂၀၁၅ ခုနှစ်အတွင်း၌ပင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရေး နှစ်ဖက်ကိုယ်စားလှယ်များ ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။

Most Read

Most Recent