ဒဂုံမြို့နယ် ဗိုလ်ရာညွန့်လမ်းတွင် ဖြစ်ပွားခဲ့သည့် မီးလောင်ပေါက်ကွဲမှုကြောင့် လူသေဆုံးရသည့် အကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ပြီး အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပေးပို့ထား

ဒဂုံမြို့နယ် ဗိုလ်ရာညွန့်လမ်းတွင် ဖြစ်ပွားခဲ့သည့် မီးလောင်ပေါက်ကွဲမှုကြောင့် လူသေဆုံးရသည့် အကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ပြီး အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပေးပို့ထား
Published 25 March 2015

မတ်လ ၂၄ ရက်ညပိုင်းက ဒဂုံမြို့နယ်၊ ဗိုလ်ရာညွန့်လမ်းရှိ တိုက်ခန်းတစ်ခန်းတွင် ဖြစ်ပွားခဲ့သည့် မီးလောင်ပေါက်ကွဲမှု အကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ပြီး လူသေဆုံးမှုမှာလည်း မည်သည့်အတွက်ကြောင့် သေဆုံးရသည်ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ဒဂုံမြို့မ ရဲစခန်းမှ စုံစမ်းသိရသည်။မီးလောင်ကျွမ်းမှု ဖြစ်ပွားသည့်တိုက်မှာ ဗိုလ်ရာညွန့်လမ်း အမှတ် ၈၃၊ လေးလွှာ ဘီခန်းဖြစ်ပြီး ယင်းနေ့ ညနေ ၆ နာရီခွဲခန့်က မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ဒဂုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးသောင်းစိန်က “ဘာကြောင့် လောင်ကျွမ်းရလဲဆိုတာတော့ ကျွန်တော်တို့ စစ်ဆေးနေတုန်း ရှိပါသေးတယ်။ အမှုကတော့ ဖွင့်လိုက်ပါပြီ။ မီးလောင်ပေါ့ဆမှုရယ်၊ သေမှုသေခင်းရယ် နှစ်မှုဖွင့်ထားပါတယ်။ တရားခံကတော့ စုံစမ်းဆဲပေါ့။ ကိုယ့်ဘာသာ ကိုယ်လုပ်တာလား၊ သူများဝင်လုပ်တာာလား၊ ပေါ့ဆတာလား အများကြီးပေါ့ဗျာ။ အလောင်းကတော့ ဆေးရုံပို့ထားပါတယ်။ ခွဲစိတ်စစ်ဆေးနေတယ်” ဟု မတ် ၂၅ ရက်က ပြောကြားသည်။သေဆုံးသူမှာ စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားသည့် မြန်မာလူမျိုး တစ်ဦးဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်ရှိသည့် ကိုကျော်ထင်ဆိုသူဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။ယခုနှစ်အတွင်း ရန်ကုန်မြို့တွင်း၌ အထပ်မြင့်တိုက်ခန်းများ မီးလောင်မှုဖြစ်စဉ် များပြားလာပြီး လျှပ်စစ်ဝိုင်ယာရှော့ခ်မှတစ်ဆင့် လောင်ကျွမ်းမှု အများဆုံးဖြစ်ခဲ့ကာ ပြီးခဲ့သည့် နှစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မီးလောင်မှု ၄၉ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent