မန်စီမြို့နယ်အတွင်း တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုမှာ သစ်မှောင်ခိုယာဉ်များကို ဖမ်းဆီးရန်ဟုဆိုပြီး တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဆက်လက် မကျယ်ပြန့်ရေး ညှိနှိုင်းနေ

မန်စီမြို့နယ်အတွင်း တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုမှာ သစ်မှောင်ခိုယာဉ်များကို ဖမ်းဆီးရန်ဟုဆိုပြီး တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဆက်လက် မကျယ်ပြန့်ရေး ညှိနှိုင်းနေ
Published 23 March 2015
ထွန်းလင်းအောင်၊ အောင်ဇော်ထွန်း

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) တို့အကြား ကချင်ပြည်နယ် မန်စီမြို့နယ် ကိုင်ထိတ်ကျေးရွာ ဝန်းကျင်တွင် မတ် ၂၁ ရက်က စတင်ပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ တိုက်ပွဲဆက်လက် မကျယ်ပြန့်ရေး ညှိနှိုင်းနေကြောင်း သတင်းရရှိသည်။ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးမှ ဦးဒေါင်ခါးက “မန်စီမြို့နယ်မှာ ပစ်ကြတာပါ။ ကေအိုင်အေရင်း(၂၇) အောက်က စခန်းပါ။ အလတ်စားစခန်းပေါ့။ သိပ်အရေးကြီးတဲ့ စခန်းတော့ မဟုတ်ဘူး။ လေယာဉ်နှစ်စီးနဲ့ နှစ်ခါလာပစ်တာလို့ သိရတယ်။ လေကြောင်းနဲ့ပစ်တော့ စခန်းတော့ ရွှေ့ရတာပေါ့။ တစ်ဦး ဒဏ်ရာအကြီးအကျယ် ရတယ်။ မြောက်ပိုင်းတိုင်းဌာနချုပ်ကို လှမ်းမေးတော့ စခန်းကို လာတိုက်တာ မဟုတ်ဘူး။ သစ်ကားတွေကို ဝင်ရှင်းရင်းဖြစ်တာလို့ အကြောင်းပြန်တယ်။ ကျွန်တော်တို့ ကေအိုင်အေနယ်မှာ သစ်မရှိတော့ပါဘူး။ တပ်မတော်နယ်မြေထဲက စစ်ကိုင်းတိုင်းနဲ့ မိုးမိတ်နယ်ထဲက လာတာ။ အဲဒီနယ်က ဘယ်လိုဖြတ်လာတာလဲလို့ပဲ မေးရမယ်” ဟု မတ် ၂၃ ရက်က ပြောကြားသည်။ယင်းလေကြောင်း ပစ်ခတ်မှုဖြစ်စဉ်တွင် ကေအိုင်အေ တပ်စခန်းများအား ထိခိုက်ခြင်း ရှိ၊ မရှိ မေးမြန်းရာ ကေအိုင်အို ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးဇော်တောင်က “မြေပြင်အခြေအနေအရ ဆိုရင်တော့ အဲဒီမခက်ဆိုတဲ့ ရွာထဲဝင်တဲ့ လမ်းမခက်နဲ့ သိပ်မလှမ်းမကမ်းမှာပေါ့။ အဲဒီမှာ ကားလို့ပဲ သိရတယ်။ အဲဒီမှာ သစ်ပါမပါတော့ မသိရဘူး။ သစ်သယ်တဲ့ကားပေါ့။ အဲဒီမှာ ကားခြောက်စီးလောက် ရှိတယ်။ အဲဒီကားခြောက်စီးလောက်ကတော့ ဗုံးဒဏ်နဲ့ ကျည်ဆန်ထိတယ်ပေါ့။ တပ်မတော်စစ်ကြောင်းက ပြောတာကတော့ ကျွန်တော်တို့ရှိတဲ့ဘက် အခြမ်းမှာ သစ်တင်တဲ့ ယာဉ်တန်း၊ သစ်မှောင်ခိုယာဉ်တန်း အစီးနှစ်ရာလောက် ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က စုံစမ်းကြည့်တော့ အဲဒီ အခုဖြစ်တဲ့ နေရာနဲ့ မိုင်နှစ်ဆယ်လောက်ဝေးတဲ့နေရာ မဂျီဂုန်လု့ိ ခေါ်တယ်။ အဲဒီဘက်မှာတော့ သစ်ကားတွေ အစီးလေးငါးဆယ်လောက် ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ နေရာနဲ့တော့ တော်တော်အလှမ်းဝေးပါတယ်။ မိုင် ၂၀ ပတ်ဝန်းကျင်လောက် ဝေးတယ်” ဟု ဆိုသည်။“ကျွန်တော်တို့ ဧရိယာဘက်က ထွက်နေတဲ့ သစ်တွေက ကချင်ပြည်နယ်ကသစ်တွေ မဟုတ်ပါဘူး။ မန္တလေးတိုင်း အထက်ပိုင်း၊ စစ်ကိုင်းတိုင်း အနောက်ပိုင်း၊ စစ်ကိုင်းတိုင်း အရှေ့ဘက်ခြမ်း၊ ရှမ်းပြည်မြောက်ပိုင်း အဲဒီဘက်က သစ်တွေဖြစ်တယ်။ ဒီသစ်ယာဉ်တန်းတွေက ဒီလောက်မိုင်အရှည်ကြီး ဖြတ်ပြီးမှ သူတို့က တရုတ်နယ်စပ်ကိုရောက်ရတာ ဖြစ်တယ်။ အဲဒီ သူတို့သစ်ကားတွေ သစ်မှောင်ခိုသမားတွေ ဖြတ်သန်းတဲ့ နေရာတစ်လျှောက်မှာတော့ ကျွန်တော်တို့ တပ်စခန်းတွေ ရှိသလို တပ်မတော် တပ်စခန်းတွေလည်း အများကြီး ရှိပါတယ်။ ဒါကြောင့်မို့ အောက်ခြေက တပ်ဖွဲ့ဝင်တွေနဲ့ တစ်မျိုးတစ်ဖုံ ဆက်စပ်မှုတော့ရှိမှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ပဲပြောတာ မဟုတ်ဘူး။ နှစ်ဖက် အောက်ခြေတပ်ဖွဲ့ဝင်တွေနဲ့တော့ ဆက်စပ်မှုတွေ ရှိပါလိမ့်မယ်” ဟု ဗိုလ်မှူးကြီးဇော်တောင်က ပြောကြားသည်။အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးသန်းအောင်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း မတ် ၂၃ ရက် ညနေပိုင်းအထိ အဆက်အသွယ် မရရှိခဲ့ပေ။“အမှန်ဆိုရင်တော့ တွေ့ဆုံဆွေးနွေးပွဲတွေ ဒီလောက်လုပ်လာနေတဲ့နေရာမှာ အချင်းချင်း ယုံကြည်မှုဆိုတဲ့ နေရာမှာ ကျွန်တော်တို့ အဆက်အသွယ်လုပ်လို့ရနေတဲ့ အနေအထား ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ နှစ်ဖက်ဆက်သွယ်ညှိနှိုင်းပြီးမှ လုပ်ဆောင်သွားလို့ရှိရင် ယုံကြည်မှုတွေ ရလာနိုင်တယ်ဖြစ်တယ်။ ဆက်သွယ်ရေးလမ်းကြောင်းကနေ ကျွန်တော်တို့ အချင်းချင်း ဆက်သွယ်တာတွေ အားနည်းလို့ ရှိရင်တော့ နှစ်ဖက်ယုံကြည်မှုလည်း အားနည်းလာမှာဖြစ်တယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် ဆက်သွယ်ရေးလမ်းကြောင်းကနေ အချင်းချင်း ဆက်သွယ်ပြောဆို သတင်းတွေ ဖလှယ်နိုင်လို့ ရှိရင်တော့ အောက်ခြေမှာ တပ်အချင်းချင်း ထိတွေ့မှုတွေ နည်းသွားမယ်” ဟု ဗိုလ်မှူးကြီးဇော်တောင်က ပြောကြားသည်။

Most Read

Most Recent