နိုင်ငံရေးအကျဉ်းသားများမှာ ထောင်မှလွတ်ပြီး ဥပဒေအရတားမြစ်ခံရမှုသာမက လူမှုရေးနှင့် အလုပ်အကိုင်အဆင်မပြေခြင်းများကြုံတွေ့နေဟု အစီရင်ခံစာ၌ဖော်ပြ

နိုင်ငံရေးအကျဉ်းသားများမှာ ထောင်မှလွတ်ပြီး ဥပဒေအရတားမြစ်ခံရမှုသာမက လူမှုရေးနှင့် အလုပ်အကိုင်အဆင်မပြေခြင်းများကြုံတွေ့နေဟု အစီရင်ခံစာ၌ဖော်ပြ
Published 24 February 2015

နိုင်ငံရေးအကျဉ်းသားအများစုမှာ ထောင်မှလွတ်ပြီးနောက်တွင် ဥပဒေအရတားမြစ်ခံရမှုများသာမက ထောင်ထွက်ဖြစ်နေသည့်အတွက် လူမှုရေးအတားအဆီးများပါရင်ဆိုင်ရကာ အလုပ်အကိုင်အဆင်မပြေခြင်းများ ကြုံတွေ့နေရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၃ ရက်ကထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများမှတ်တမ်းကောက်ယူရေးအစီအစဉ် ကြားဖြတ်အစီအရင်ခံစာ၌ဖော်ပြထားသည်။ယင်းအစီရင်ခံစာတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ထောင်တွင်းနှိပ်စက်ခံရမှုများနှင့် နောက်ဆက်တွဲကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများ၊ ပညာရေးနှင့် အလုပ်အကိုင်၊ ငွေရေးကြေးရေးအခက်အခဲ၊ လူမှုရေးဖယ်ကြဉ်ခံရခြင်း၊ မိသားစုဆက်ဆံရေးတင်းမာမှုများနှင့်ပတ်သက်သည့် အခြေအနေများကို အသေးစိတ်ဖော်ပြထားသည်။ကနဦးတွေ့ရှိချက်များနှင့်ပတ်သက်၍ ကြားဖြတ်အစီရင်ခံစာအတွက် မှတ်တမ်းဖြည့်သူ ၃၈၄ ဦးထဲမှ ၁၈ ရာခိုင်နှုန်းမှာ အလုပ်အကိုင်မဲ့ဖြစ်နေကြောင်း၊ ၇၅ ရာခိုင်နှုန်းမှာ အလုပ်အကိုင်ရှိသော်လည်း လုံလောက်သည့်ဝင်ငွေမရှိဟုဖြေကြားထားကြောင်း၊ အလုပ်ရှင်များက နိုင်ငံရေးအကျဉ်းသားဟောင်းများအားအလုပ်ခန့်ပါက အစိုးရ၏အငြိုအငြင်ခံရမည်ကိုစိုးရိမ်ကြသည့်အတွက် အလုပ်မရခြင်းနှင့် ၎င်း၏နောက်ဆက်တွဲအဖြစ် လုံလောက်သည့်ဝင်ငွေမရခြင်းတို့သည် အလုပ်အကိုင်ရရှိရေးကြိုးပမ်းရာတွင် အဟန့်အတားဖြစ်စေသည့် အဓိကအကြောင်းရင်းပင်ဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းအများစုအနေဖြင့် ကျွမ်းကျင်မှုမလိုသည့် ကျပန်းအလုပ်များသာလုပ်ကိုင်ကြရသောကြောင့် အလုပ်ရှိသော်လည်း ပုံမှန်ဝင်ငွေမရရှိခြင်းနှင့် ရင်ဆိုင်ကြရသည်ဟု အစီရင်ခံစာတွင်ရေးသားဖော်ပြထားသည်။ထို့ပြင် ကျောင်းမပြီးသေးခင် အကျဉ်းချခံရသူများအနေဖြင့် ထောင်မှလွတ်မြောက်ပြီးနောက်ပိုင်းတွင်လည်း ကျောင်းဆက်တက်ခွင့်မရခြင်းကြောင့် ပညာတစ်ပိုင်းတစ်စ ဆုံးခန်းမတိုင်သူများလည်း များပြားစွာရှိနေကြောင်းလည်း အစီရင်ခံစာတွင်ပါရှိသည်။မှတ်တမ်းဖြေဆိုသူ ၈၆ ရာခိုင်နှုန်းမှ ၎င်းတို့ထောင်ကျသည့်အတွက် မိသားစုဝင်ငွေအခြေအနေ အင်မတန်ဆိုးရွားသွားခဲ့သည်ဟုဖြေဆိုကြကြောင်း၊ လက်ရှိအချိန်ထိ ငွေရေးကြေးရေးအခက်အခဲများ ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ဖြေကြားသူများလည်းရှိကြောင်း၊ ထို့ပြင် နိုင်ငံရေးအကျဉ်းသားဟောင်းအများစုတွင် ကျောင်းနေကလေးများရှိပြီး ၎င်းတို့ကျောင်းစရိတ်ထောက်ပံ့နိုင်ရန်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး ကျောင်းထားရန် ပညာသင်စရိတ်မတတ်နိုင်သည့်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ကလေးငယ်များ ကျောင်းမနေနိုင်တော့သည့်အခြေအနေများလည်းရှိကြောင်း အစီရင်ခံစာတွင်ဖော်ပြချက်အရသိရသည်။

Most Read

Most Recent