မင်းကွန်းရှေးဟောင်း ယဉ်ကျေးမှုဒေသ၊ ဧရာဝတီမြစ်ကြောင်းအတွင်းမှ အရှည် ၇၈ ပေ၊ ဗြက်(လှေဝမ်းအကျယ်) ၈ ပေ ၄ လက်မ၊ စောက် (လှေဝမ်းအနက်) ၂ ပေ ၁ဝ လက်မရှိပြီး လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝ ခန့်ကဟု ယူဆရသော ရှေးဟောင်းသစ်ထွင်း လောင်းလှေတစ်စီးကို ဖေဖော်ဝါရီ ၄ ရက်က ဆယ်ယူရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ရှေးဟောင်း လောင်းလှေကြီးမှာ ဖောင်တော်သီ ဘုန်းတော်ကြီးကျောင်းအနီး ဧရာဝတီမြစ်ကြောင်းအတွင်း ရေအောက် သစ်ငုတ်အသွင်ဖြင့် နှစ်ပေါင်းများစွာကပင် နစ်မြှုပ်နေခဲ့ရာ ဒေသခံတို့က ရေငုပ်၍ စမ်းသပ်ကြည့်ရာမှ လှေတစ်စင်း ဖြစ်နိုင်သည်ဟု ယူဆရသဖြင့် ဇန်နဝါရီ ၂၉ ရက်က စတင်၍ တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် ဆယ်ယူရေးလုပ်ငန်းများ အောင်မြင်ခဲ့ကြောင်း သိရသည်။
“လှေကြီးကို လူအင်အား ၁၂ ယောက်၊ အကူစက်လှေနှစ်စင်းနဲ့ တစ်ပတ်ကြာ တူးဖော်ခဲ့ရတယ်။ လှေကြီးနစ်မြုပ်နေတဲ့ပုံစံက မြစ်ကမ်းပါးကို လှေဦးတိုက်နေပြီးတော့ ကျန်တဲ့အပိုင်းတွေက ရေအောက်မှာ ၁၅ တောင်လောက် နစ်မြုပ်နေတယ်။ လှေကြီးကို တူးဖော်တဲ့နေရာမှာ သဲမှုတ်၊ ဘာလီကြိတ် (သစ်လုံးဒလိမ့်)ပြီး ဖော်ယူခဲ့ရတယ်။ တစ်စင်း လုံးပေါ်တဲ့အချိန်မှာ တန်ဖွဲ့ကြည့်တာမှာ ၃၇ တန်လောက် တန်ချိန်ရှိတယ်။ အသုံးပြု ထားတဲ့သစ်အမျိုးအစားက ယမနေမျိုးနွယ်ထဲကလို့ ယူဆရတယ်။ သူ့ရဲ့ ထူးခြားချက်ကတော့ သစ်ပင်ကြီး တစ်ပင်တည်းကနေ တစ်လုံးတည်း တစ်သားတည်းကပဲ ထွင်းထားတဲ့ ဧရာမလုံးထွင်းလှေကြီးဖြစ်တယ်။ ဒီလိုမျိုး သစ်လုံးတစ်လုံးတည်းကနေ ထွင်းထားတဲ့ လုံးထွင်းလှေမျိုးမပြောနဲ့ ဒီလောက် ကြီးတဲ့သစ်ပင်မျိုးကို ကုန်းပေါ်မှာကို မမြင်ဖူးပါဘူး” ဟု အဆိုပါလှေ တူးဖော်ဆယ် ယူရေးတွင် ပါဝင်ခဲ့သည့် ကိုမောင်မောင်က ပြောကြားသည်။
မင်းကွန်းဒေသတွင် တွေ့ရှိထားသည့် သစ်ထွင်းလှေကြီးနှင့်ပတ်သက်၍ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်က မင်းကွန်းခေါင်းလောင်းကြီး သွန်းလုပ်ခဲ့သည့် မြစ်တစ်ဖက်ကမ်းရှိ နန်းတော်ကျွန်းကျေးရွာမှ မြစ်ကိုဖြတ်၍သယ်ယူရာတွင် ဖောင်အဖြစ် အသုံးပြုခဲ့သည်ဟု ယူဆရသောကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ ခန့်က ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေကြ သည်။
တူးဖော်ဆယ်ယူပြီးသော သစ်ထွင်းလှေကြီးကို မင်းကွန်းရှေးဟောင်း ယဉ်ကျေးမှုဒေသ၊ ပုထိုးတော်ကြီးဘုရားအနီးတွင် ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ လေ့လာကြည့်ရှုနိုင်ရန် ထားရှိပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းကွန်းဒေသအနီး ဧရာဝတီမြစ်ကြောင်း အတွင်းမှ အရှည် ၇၈ ပေရှိ နှစ်ပေါင်း ၂၀၀ ခန့်ကဟု ယူဆရသော ရှေးဟောင်း လောင်းလှေတစ်စင်း ဆယ်ယူရရှိ









