အစိုးရ၏ နောက်ဆုံးနှစ်ဘတ်ဂျက် ကျပ် ဘီလျံ ၂၀၀၀၀ ကျော် သုံးစွဲခွင့်ပြုရန် တောင်းခံခဲ့ပြီး တိုင်းပြည်၏ ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၃၈၀၀ ကျော်အထိ ရှိမည်

အစိုးရ၏ နောက်ဆုံးနှစ်ဘတ်ဂျက် ကျပ် ဘီလျံ ၂၀၀၀၀ ကျော် သုံးစွဲခွင့်ပြုရန် တောင်းခံခဲ့ပြီး တိုင်းပြည်၏ ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၃၈၀၀ ကျော်အထိ ရှိမည်
Published 27 January 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

လက်ရှိ အစိုးရ၏ နောက်ဆုံးဘတ်ဂျက်တောင်းခံမှုအဖြစ် ကျပ်ဘီလျံ ၂ဝဝဝဝ ကျော် သုံးစွဲခွင့်ပြုရန် တောင်ခံခဲ့ပြီး တိုင်းပြည်၏ ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၃၈ဝဝ ကျော်အထိ ရှိလာမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည့် ၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း (ဘတ်ဂျက်ဥပဒေကြမ်း) အရ သိရသည်။
 
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သက်တမ်းကာလအတွင်း ပဌ္စမမြောက်နှစ် (သို့မဟုတ်) ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သော နောက်ဆုံးနှစ်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးက ဆိုသည်။ 
 
ထိုသို့ ဘတ်ဂျက်နောက်ဆုံးတောင်းခံမှုဖြစ်သည့် ၂ဝ၁၅ ခုနှစ်အတွက် အစိုးရနှင့် အဖွဲ့အစည်းအသီးသီးပါဝင်သည့် ပြည်ထောင်စု၏ စုစုပေါင်း ဘတ်ဂျက်သုံးငွေကျပ် ဘီလျံ ၂ဝဝဝဝ ကျော် (ကျပ်သန်းပေါင်း ၂ဝ,၈၂၆,၈၃၉)ကို လွှတ်တော်သို့ တင်ပြတောင်းခံခဲ့သည်။
 
အစိုးရမှ ခန့်မှန်းထားသည့် ပြည်ထောင်စု၏ ရငွေပမာဏမှာ ကျပ် ဘီလျံ ၁၇ဝဝဝ ကျော် (ကျပ် သန်းပေါင်း ၁၇,ဝဝဝ,ဝ၅ဝ) သာရှိသဖြင့် တိုင်းပြည်၏ စုစုပေါင်း ဘတ်ဂျက်လိုငွေမှာ ငွေကျပ် ဘီလျံ ၃၈ဝဝ ကျော် (ကျပ်သန်းပေါင်း ၃၈၂၆၇၈၉) အထိ ရှိလာမည်ဖြစ်သည်။
 
“ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏တာဝန်ကို စတင်ယူသည့်အချိန်မှ စ၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း နှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတို့ကို နှစ်စဉ် သတ်မှတ်ချိန်များအတိုင်း ရေးဆွဲတင်ပြ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ယခင်အစိုးရများလက်ထက်က တင်ရှိခဲ့သော ပြည်တွင်းပြည်ပ ကြွေးမြီများကိုလည်း ဆက်လက်တာဝန်ယူ ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်တွင် ထပ်မံတင်ရှိလာမည့် ပြည်တွင်းပြည်ပေ ကြွေးမြီများကိုလည်း အထူးဂရုပြု ထိန်းသိမ်းဆောင်ရွက်ခဲ့ပါတယ်။ ပြည်တွင်းကြွေးမြီများစွာ မြင့်တက်မလာစေရန် အဓိကလိုအပ်ချက်မှာ ဘတ်ဂျက်လိုငွေကို ထိန်းသိမ်းရခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်စေရန် ကြိုးပမ်းတည်ဆောက်နေချိန်ဖြစ်သဖြင့် ဘတ်ဂျက်ပိုငွေဖြစ်ပေါ်မှု နှင့် ပိုငွေလိုငွေမရှိ ညီမျှသည့်ဘတ်ဂျက်ဖြစ်ပေါ်မှု အခြေအနေတို့ကို မိမိတို့ မရရှိခဲ့ပါ”ဟု ဦးဝင်းရှိန်က ပြောကြားခဲ့သည်။
 
သို့သော် လိုငွေနှင့် ဂျီဒီပီအချိုးကို ငါးရာခိုင်နှုန်း ပတ်ဝန်းကျင်တွင်သာရှိနေစေရန် ထိန်းသိမ်းခဲ့ရကြောင်း၊ နိုင်ငံတော်၏ ကြွေးမြီနှင့် ဂျီဒီပီအချိုးကိုလည်း  ရာခိုင်နှုန်း ၅ဝ မကျော်လွန်စေရန် ထိန်းသိမ်းခဲ့ရကြောင်းနှင့် လိုငွေကြီးမားမှုကြောင့် ဖြစ်ပေါ်သည့် နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုကို ထိပါးစေနိုင်သော  ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများကို ရှောင်ရှားနိုင်ခဲ့ကြောင်း ဦးဝင်းရှိန်က ဆိုသည်။
 
လက်ရှိ အစိုးရလက်ထက်တွင် ဘတ်ဂျက်များသည် ဆီးသီးဗန်းမှောက်သကဲ့သို့ ဖြစ်နေကြောင်း အမျိုးသားလွှတ်တော်ဥက္ကဠ က  ဝေဖန်ခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များကလည်း အစိုးရ၏ ဘတ်ဂျက်သုံးစွဲမှု တစ်နှစ်ထက် တစ်နှစ်မြင့်မားလာခြင်းနှင့်အတူ ပြည်ပချေးငွေ ရယူမှုအများအပြားလည်း လက်ရှိအစိုးရလက်ထက်တွင် ဖြစ်ပေါ်နေခြင်းမှာ တိုင်းပြည်အနာဂတ်အတွက် မကောင်းဘဲ ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး အများအပြားရှိလာစေနိုင်သည်ဟု ဝေဖန်ထားသည်။
 
 
 

Most Read

Most Recent