စက်မှုဇုန်မြေကွက်လွတ်များကိုင်ထားသည့် လုပ်ငန်းရှင်များက ဂိုဒေါင်ဆောက်မည်ဟု အများဆုံးတင်ပြထားပြီး လုပ်ငန်းရှင်များက မြေကွက်များကိုကိုင်၍ ဈေးကစားရန် ထိုင်စောင့်သလိုဖြစ်နေသဖြင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်မှုမရှိသည့်ဂိုဒေါင်များနှင့် စက်မှုမြေကွက်များ...

စက်မှုဇုန်မြေကွက်လွတ်များကိုင်ထားသည့် လုပ်ငန်းရှင်များက ဂိုဒေါင်ဆောက်မည်ဟု အများဆုံးတင်ပြထားပြီး လုပ်ငန်းရှင်များက မြေကွက်များကိုကိုင်၍ ဈေးကစားရန် ထိုင်စောင့်သလိုဖြစ်နေသဖြင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်မှုမရှိသည့်ဂိုဒေါင်များနှင့် စက်မှုမြေကွက်များ...
Published 21 January 2015
ဖြိုးဝေ

စက်မှုဇုန်မြေကွက်လွတ်များကိုင်ထားသည့် လုပ်ငန်းရှင်များက ဂိုဒေါင်ဆောက်မည်ဟု အများဆုံးတင်ပြထားပြီး လုပ်ငန်းရှင်များက မြေကွက်များကိုကိုင်၍ ဈေးကစားရန် ထိုင်စောင့်သလိုဖြစ်နေသဖြင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်မှုမရှိသည့်ဂိုဒေါင်များနှင့် စက်မှုမြေကွက်များ အစိုးရကို ပြန်အပ်ရမည်
လက်ရှိစက်မှုဇုန်မြေကွက်များသည် မြေကွက်လွတ်များစွာရှိနေပြီး အဆိုပါမြေကွက်များကိုကိုင်ထားကာ ဈေးကစားရန်ထိုင်စောင့်နေသလိုဖြစ်နေသည့်အပြင် လုပ်ငန်းစီမံကိန်းတင်ပြစေရာတွင်လည်း ဂိုဒေါင်ဆောက်လုပ်ရန်သာတင်ပြမှုများနေသဖြင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်မှုမရှိသည့် ဂိုဒေါင်များနှင့် စက်မှုဇုန်မြေကွက်များ အစိုးရကိုပြန်အပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးကပြောကြားသည်။    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခုတွင် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသေးသော စက်မှုမြေကွက်လွတ် ၂၃၃၉ ကွက်နှင့် ဂိုဒေါင် ၁၂၉၉ လုံးရှိနေပြီး ဧရိယာအားဖြင့် ၄၄၁၈ ဧကကျော်ရှိကြောင်း သိရသည်။    အဆိုပါစက်မှုမြေကွက်လွတ်ပိုင်ဆိုင်ထားသူများအနေဖြင့် "စက်မှုလက်မှုလုပ်ငန်းအတွက်မြေအသုံးပြုခွင့်" အမိန့်ကိုထုတ်ယူခဲ့စဉ်က အသုံးပြုခွင့်ရသောမြေကွက်တွင် ရရှိပြီးသည့်နေ့မှ သုံးလအတွင်း အဆောက်အအုံဆောက်လုပ်၍ စတင်အသုံးပြုရမည်ဟူ၍လည်းကောင်း၊ စက်မှုလက်မှုလုပ်ငန်းအသုံးပြုခွင့်ရသူသည် သတ်မှတ်ထားသောစည်းကမ်းများကိုလိုက်နာရန်ပျက်ကွက်ပါက ခွင့်ပြုထားသောမြေကွက်ကို ဆောက်လုပ်ထားသောအဆောက်အအုံနှင့်အတူ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြန်လည်သိမ်းယူခွင့်ရှိသည်ဟူသည့် စည်းကမ်းချက်များကို သဘောတူလက်မှတ်ရေးထိုးထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကထုတ်ပြန်ထားသည်။    လုပ်ကိုင်ခြင်းမရှိသေးသည့် စက်မှုမြေကွက်လွတ်နှင့် ဂိုဒေါင်များကို ပိုင်ဆိုင်ထားသူများမှာ ဆောင်ရွက်မည့်လုပ်ငန်းအမျိုးအစား၊ တည်ဆောက်ရေးကာလ၊ စီးပွားဖြစ်စတင်လည်ပတ်မည့်ရက်၊ ဘဏ္ဍာငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ရရှိမှုအချက်အလက်များပြည့်စုံစွာပါဝင်သည့် Detail Business Plan ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်နောက်ဆုံးထား၍တင်ပြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကအသိပေးခဲ့သည်။    ထိုသို့သတိပေးချက်ထုတ်ပြန်ပြီးနောက် မြေကွက်လွတ်ပိုင်ဆိုင်သူအများအပြားက Detail Business Plan တင်ပြလာခဲ့သည်။ ထိုသို့တင်ပြသည်ဆိုသော်လည်း စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရန်တင်ပြသည်ထက် ဂိုဒေါင်ဆောက်လုပ်ရန်သာ အများစုကတင်ပြလာကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။    "ဂိုဒေါင်တွေက အလုပ်လုပ်နေတဲ့စာရင်းရပြီ။ အလုပ်မလုပ်ဘဲ ဒီအတိုင်းဂိုဒေါင်ဆောက်မယ်ဆိုရင်တော့ အလုပ်မလုပ်ဘူးပေါ့။ အလုပ်လုပ်လို့ကတော့ အဓိကအနေနဲ့လက်ခံမယ်။ အလုပ်မလုပ်တဲ့စက်ရုံတွေက အစိုးရကိုပြန်အပ်ရမယ်။ အလုပ်လုပ်မယ်ဆိုရင်လည်း ကာလတစ်ခုအတွင်းမှာ ဘယ်လိုလုပ်ငန်းတွေလုပ်မယ်ဆိုတာတင်ပြရမယ်။ စီမံကိန်းတင်ပြီး ဆက်လုပ်ရမယ်။ စက်မှုဇုန်မှာ မြေကွက်တွေရှိပြီး အလုပ်မလုပ်လို့ အလုပ်လုပ်စေချင်တာ။ အလုပ်လုပ်မှ အလုပ်သမားတွေအလုပ်ရနိုင်သလို တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်မှာပေါ့။ အခုဟာက မြေကွက်တွေရှိပြီးတော့ မြေဈေးကစားဖို့ ထိုင်စောင့်သလိုဖြစ်နေလို့" ဟု ဦးဉာဏ်ထွန်းဦးကဆိုသည်။    မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက လွန်ခဲ့သည့် ၁၀ နှစ်ခန့်က မြေဧက ၆၀၀၀ ခန့်အား စက်မှုဇုန်များအဖြစ်ဖော်ဆောင်ခဲ့ပြီး မြေတစ်ဧကလျင် ကျပ်သိန်း ၅၀ ဖြင့်ရောင်းချခဲ့သော်လည်း အဆိုပါမြေများအား ကုမ္ပဏီကြီးတစ်ခုထဲသို့သာ ပေးအပ်လုပ်ကိုင်စေခဲ့သဖြင့် မြေပေါ်တွင်အရောင်းအဝယ်ပြုလုပ်ကာ ဈေးကစားမှုပြုလုပ်နေခြင်းမှာ တိုင်းပြည်အတွက်အကျိုးမရှိသည့်အပြင် နိုင်ငံ၏စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကိုပင် ရပ်တန့်စေကြောင်း မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်ကပြောကြားသည်။    "အိုးအိမ်က လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မြေဧက ၆၀၀၀ လောက်ကို စက်မှုဇုန်အဖြစ် အကောင်အထည်ဖော်ခဲ့တယ်။ အဲဒါကို ကုမ္ပဏီကြီးတစ်ခုလက်ထဲကိုပဲထည့်လိုက်တယ်။ အခုအဲဒီကုမ္ပဏီကြီးက တစ်ဧကတစ်ကွက်ကို ကျပ်သိန်း ၅၀၀၀ လောက်နဲ့ရောင်းနေတယ်။ အဲဒါကြောင့် စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်မှုကရပ်နေတယ်။ အဲဒီကိစ္စက တော်တော်လေးခက်ခဲတဲ့ကိစ္စဖြစ်နေတယ်။ ဒီလိုမြေပေါ်မှာအမြတ်တင်ပြီး အရောင်းအဝယ်လုပ်ဈေးကစားနေတာ (Land Specu-lation) တွေကိုတိုက်ဖို့လိုတယ်။ တိုင်းပြည်အတွက်အကျိုးမရှိဘူး" ဟု ဒေါက်တာကျော်လတ်ကဆိုသည်။    ရန်ကုန်မြို့၏စက်မှုဇုန်များတွင် ဈေးအမြင့်ဆုံးဖြစ်သည့် လှိုင်သာယာစက်မှုဇုန်မြေဈေးများမှာ ၂၀၀၅ ခုနှစ်ခန့်က ကျပ်သိန်း ၃၀၀ ခန့်သာပေါက်ဈေးရှိခဲ့ပြီး လက်ရှိအချိန်တွင် မြေတစ်ဧကအား  ကျပ်သိန်း ၅၀၀၀ ခန့်ပေးအပ်နေရပြီး တရားမျှတမှုမရှိကြောင်း ဒေါက်တာကျော်လတ်ကသုံးသပ်သည်။ ထိုသို့မြေဈေးကစားမှုကိုလည်း မြေတစ်ဧကလျှင် ကျပ်သိန်း ၅၀ ဖြင့်ရရှိခဲ့သည့် ကုမ္ပဏီကြီးကသာ လုပ်ဆောင်နေသည်ဟု ဒေါက်တာကျော်လတ်ကပြောကြားသည်။    အဆိုပါစက်မှုမြေကွက်လွတ်များသည် ၂၀၁၅  ခုနှစ် ဖေဖော်ဝါရီလထက်နောက်မကျဘဲ လုပ်ငန်းအကောင်အထည်ဖော်ရမည်ဖြစ်ကာ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိပါက နိုင်ငံတော်သို့ပြန်အပ်နှံရမည်ဟု သိရသည်။

Most Read

Most Recent