ရွေးကောက်ပွဲ နီးကပ်လာချိန် သတင်းမီဒီယာများ လွတ်လပ်စွာ သတင်းရယူခွင့် ရရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပြောကြား

ရွေးကောက်ပွဲ နီးကပ်လာချိန် သတင်းမီဒီယာများ လွတ်လပ်စွာ သတင်းရယူခွင့် ရရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပြောကြား
Published 17 January 2015
ဇေယျာနန္ဒ၊ ဉာဏ်ဝင်းရှိန်

၂၀၁၅ ရွေးကောက်ပွဲကာလ နီးကပ်လာချိန်တွင် သတင်းမီဒီယာများ အနေဖြင့် လွတ်လပ်စွာ သတင်းရယူခွင့် ရရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီက ဇန်နဝါရီ ၁၆ ရက်က ပြောကြားသည်။မြန်မာနိုင်ငံ ဒုတိယခရီးစဉ်အပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စရန်ဟီးလီက “၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ သတင်းလွတ်လပ်ခွင့်ဟာ အရေးကြီးတဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိလာပါပြီ။ သတင်းမီဒီယာတွေ အနေနဲ့ ရွေးကောက်ပွဲမတိုင်မီ ကာလရော ရွေးကောက်ပွဲကာလ အတွင်းမှာပါ ဖြစ်ပျက်သမျှ အကြောင်းအရာတွေကို လွတ်လပ်စွာ တင်ပြခွင့် ရရှိဖို့ အရေးကြီးပါတယ်” ဟု ပြောကြားသည်။ထို့ပြင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်သည် အဓိကကျသော လူ့အခွင့်အရေးများဖြစ်ပြီး ဒီမိုကရေစီအတွက်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဆိုသည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းသတင်း မီဒီယာများအပေါ် အစိုးရက ဖိနှိပ်မှုများ ရှိခဲ့ပြီး သတင်းထောက်များကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းများ၊ ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမှုများအပြင် အလွတ်သတင်းထောက်ကိုပါကြီး အသတ်ခံရမှုကဲ့သို့သော ဖြစ်စဉ်များအပေါ် စိုးရိမ်မိသည်ဟု ၎င်းကဆိုသည်။“အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ အမှုကို မြန်မာ့လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ စုံစမ်းစစ်ဆေးခဲ့ပြီး အရပ်ဘက် တရားရုံးမှာ စစ်ဆေးဖို့ အကြံပြု ထုတ်ပြန်ခဲ့တယ်။ ကျွန်မအနေနဲ့ ဒါကို ရာဇဝတ်မှု တစ်ခုအဖြစ် ပွင့်လင်းမြင်သာစွာ တရားစွဲဆိုဖို့ အစိုးရကို တိုက်တွန်းလိုပါတယ်” ဟု မစ္စရန်ဟီးလီက ပြောကြားသည်။ယူနတီ သတင်းဂျာနယ်မှ အကျဉ်းချခံထားရသည့် ဂျာနယ်လစ်များ အတွက်လည်း အစိုးရအနေဖြင့် ပြန်လည်စဉ်းစား သုံးသပ်ပေးရန် ၎င်းက တောင်းဆိုခဲ့သည်။ထို့ပြင် တိုင်းရင်းသားလူနည်းစု ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အမြန်ဆုံးဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မစ္စရန်ဟီးလီက ပြောကြားရာတွင် ဒုက္ခသည်စခန်းများသို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ လွတ်လပ်စွာ ကူညီပေးနိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အပါအဝင် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် လိုအပ်နေကြောင်း၊ ဘင်္ဂါလီ ဒုက္ခသည် စခန်းများအတွင်း နေထိုင်သူများကို လွတ်လပ်စွာ သွားလာခွင့်ပေးသင့်ကြောင်းနှင့် ရခိုင် ဒုက္ခသည် စခန်းများနှင့် တန်းတူ ကူညီထောက်ပံ့မှုများပေးရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းအတွက် အရေးပါသောကြောင့် ရွေးကောက်ပွဲမတိုင်မီ လူမျိုးရေးဘာသာရေး အငြင်းပွားမှုများကို ကြိုတင်တိုင်ပင် ဖြေရှင်းထားရန် အကြံပြုခဲ့ပြီး မြန်မာနိုင်ငံတွင် အဓမ္မ မြေယာသိမ်းဆည်းမှုများ၊ စစ်ပွဲများအတွင်း အဓမ္မပြုကျင့်မှုများ၊ နေရပ်မှ အဓမ္မ ရွှေ့ပြောင်းခိုင်းမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ရှိနေသေး၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစောင့်ကြည့်ခံ နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း မစ္စရန်ဟီးလီက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။

Most Read

Most Recent