NLD ပညာရေးကွန်ရက် လေးနှစ်ပြည့် ရန်ပုံငွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရပစ္စည်း ဆွမ်းအုပ်အား သိန်း ၂၆၀ ဖြင့် လေလံတင် ရောင်းချ

NLD ပညာရေးကွန်ရက် လေးနှစ်ပြည့် ရန်ပုံငွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရပစ္စည်း ဆွမ်းအုပ်အား သိန်း ၂၆၀ ဖြင့် လေလံတင် ရောင်းချ
Published 12 January 2015
ထက်ရှိုင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပညာရေးကွန်ရက် လေးနှစ်ပြည့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ဒုတိယမြောက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဧည့်ခန်းတွင် နှစ် ၂၀ ကြာ ထားရှိခဲ့သည့် ဆွမ်းအုပ်အား လေလံတင်ခဲ့ပြီး ကိုတိုး (အောင်ကျော်ဇောဖလင်)က ကျပ်သိန်း ၂၆၀ ဖြင့် လေလံအောင်မြင်ခဲ့သည်။ အဆိုပါ ငွေကြေးများကို ပညာရေးကွန်ရက် ရန်ပုံငွေအဖြစ် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ရန်ပုံငွေဖျော်ဖြေပွဲများကို နှစ်စဉ်ကျင်းပပြုလေ့ရှိပြီး ရန်ပုံငွေပွဲများကို ပညာရေးကွန်ရက် စတင်တည်ထောင်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖန်တီးချုပ်လုပ်ထားသည့် ဆွယ်တာအင်္ကျီနှစ်ထည် စတင်လေလံတင်ခဲ့ပြီး ကျပ်သိန်းပေါင်း ၁၀၄၅ ရရှိခဲ့ကာ ပြီးခဲ့သည့် သုံးနှစ်ပြည့်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမှတ်သင်္ကေတဖြစ်သော ဒေါင်းရုပ်ကို လေလံတင်ခဲ့ပြီး ကျပ်သိန်းပေါင်း ၃၆၀ အထိ ရရှိခဲ့သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ရက်အတွက် ရန်ပုံငွေဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့သည်။စတုတ္ထအကြိမ်မြောက် ပညာရေးရန်ပုံငွေ ဖျော်ဖြေပွဲဖွင့်ပွဲကို ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဈေးပွဲတော်နှင့်အတူ ညပိုင်းဖျော်ဖြေရေးများ တင်ဆက်ခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ် နှစ်ရက်လုံးတွင် မန္တလေးမှ လူရွှင်တော်ကြီး ဦးပေါစိန်နှင့် ဦးချစ်စရာ၊ မေတ္တာရွှေစင် အဖွဲ့မှ လူရွှင်တော် မေတ္တာ၊ ချစ်ချောနှင့် ပွမ်ပွမ်တို့ ပါဝင်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ဂီတဖျော်ဖြေမှုတွင် ဇန်နဝါရီ ၁၁ ရက်၌ အိပ်မက်ဆုံရာ အဆိုရှင်များဖြစ်သည့် ရဲသွေးနောင်၊ Leo၊ Russel ဝိုင်းလေးနှင့် Uri တို့အပြင် ပန်းရဲ့လမ်းအဖွဲ့နှင့် Heaven Born ဂီတအဖွဲ့နှင့်အတူ စိန်ဝင်းထွန်း၊ ဂျေမောင်မောင်၊ မာရဇ္ဇ၊ ဖြိုးကြီး၊ စည်သူမင်း၊ ကော်နီ၊ သျှီ၊ ယုဇန၊ ပိုပိုနှင့် ရွှေရည်ဖြိုးမောင်တို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။ဇန်နဝါရီ ၁၁ ရက်တွင် ရွှေသံစဉ် ဂီတအဖွဲ့နှင့်အတူ ခိုင်မြဲသာ၊ လင်းနစ်၊ အနဂ္ဂ၊ သံသာဝင်း၊ ရတနာမိုင်၊ လိမ္မော်သီး၊ ကာကာ၊ ဂျူးဂျူးစံ၊ ဆိုင်စံ၊ Vaiolenz အဖွဲ့၊ Lazy Club နှင့်အတူ ဇော်ပိုင်၊ ဂရေဟမ်၊ ဟဲလေး၊ ဉာဏ်လင်းအောင်၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ အေသင်ချိုဆွေ၊ အိမ့်ချစ်၊ ချမ်းချမ်း၊ အိုင်းရင်းဇင်မာမြင့်နှင့် ထွန်းရတီ၊ Plus Three Band နှင့်အတူ မြန်မာပြည်သိန်းတန်၊ ခိုင်ထူး၊ ရင်ဂို၊ စည်သူလွင်၊ အဲလက်စ်၊ မျိုးကျော့မြိုင်၊ R ဇာနည်၊ ထူးအယ်လင်း၊ မေဆွိ၊ နီနီခင်ဇော်၊ ရှင်ဖုန်းနှင့် နေနေတို့ ပါဝင်သီဆို ဖျော်ဖြေခဲ့ကြသည်။ 

Most Read

Most Recent