မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စရန်ဟီးလီ အင်းစိန်အကျဉ်းထောင်သို့သွားရောက်လေ့လာ

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စရန်ဟီးလီ အင်းစိန်အကျဉ်းထောင်သို့သွားရောက်လေ့လာ
Published 7 January 2015
ကျော်ဇင်ဝင်း

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီသည် ဇန်နဝါရီ ၇ ရက်က ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်သို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။    မစ္စရန်ဟီးလီသည် ဇန်နဝါရီ ၆ ရက်ညပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာခြင်းဖြစ်ပြီး ဇန်နဝါရီ ၇ ရက်မှ ၁၆ ရက်ထိ ၁၀ ရက်ကြာနေထိုင်လေ့လာမည်ဖြစ်ကာ ယခုတစ်ကြိမ် မြန်မာနိုင်ငံသို့လာရောက်ခြင်းသည် သူမ၏ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ပထမအကြိမ်ခရီးစဉ်ကို ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    ထို့အတူ မစ္စရန်ဟီးလီသည် ပထမအကြိမ်ခရီးစဉ်လာရောက်စဉ်ကလည်း အင်းစိန်အကျဉ်းထောင်သို့ သွားရောက်လေ့လာထားသည်။    ယခုသူမ၏ဒုတိယအကြိမ်ခရီးစဉ်တွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင်ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေများကို အဓိကလေ့လာစုဆောင်းမည်ဖြစ်သည်။    ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ပထမအကြိမ်သူမလာရောက်ခဲ့စဉ်က သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းဒုက္ခသည်စခန်းအခြေအနေများ ပြန်လည်သုံးသပ်ခြင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ် Action Plan အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးရေးတို့တွက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။    ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်၌ အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဒေသအတွင်းလူမျိုးစုများ၏ လူ့အခွင့်အရေးအခြေအနေ၊ အဆိုပါဒေသတွင်လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများတွင် လိင်ခွဲခြားအကြမ်းဖက်မှုအခြေအနေများအား လေ့လာသုံးသပ်မည်ဖြစ်ကြောင်း သိရသည်။        အလားတူ လွတ်လပ်စွာအသင်းအဖွဲ့များဖွဲ့စည်းခွင့်၊ မီဒီယာများအခြေအနေ၊ မြေယာအငြင်းပွားမှုပြဿနာများ၊ စီမံကိန်းများကြောင့်ဖြစ်ပေါ်လာသည့် ဆန္ဒပြတောင်းဆိုမှုကိစ္စရပ်များကိုလည်း ပြန်လည်သုံးသပ်လေ့လာမည်ဖြစ်ကြောင်း သိရသည်။    ၂၀၁၅ ခုနှစ်သည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပမည့်နှစ်ဖြစ်သည့်အတွက် ပွင့်လင်းမြင်သာပြီး လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး  အားပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။    မစ္စရန်ဟီးလီ မြန်မာနိုင်ငံသို့မလာရောက်မီ ရက်ပိုင်းအလို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ကကျင်းပခဲ့သည့် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ (ရိုဟင်ဂျာဟုသုံးနှုန်းထား) များအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆုံးဖြတ်ချက်ချမှတ်ထားသည့်အတွက် မစ္စရန်ဟီးလီ၏ယခုခရီးစဉ်သည် အဆိုပါဘင်္ဂါလီများ နိုင်ငံသားဖြစ်ရေးအတွက် အစိုးရသို့ တိုက်တွန်းရန်သာ  လာရောက်ခြင်းသာဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။    ထိုသို့ ကုလသမဂ္ဂအထွေထွေညီလာခံ၏ဆုံးဖြတ်ချက်သည် ရခိုင်နယ်မြေတည်တံ့မှုကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်သဖြင့် ကန့်ကွက်ကြောင်းကို ရခိုင်ပြည်နယ်၌ အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီက ဇန်နဝါရီ ၄ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ထားပြီး အခြားသောအမျိုးသားရေးတက်ကြွလှုပ်ရှားသူများကလည်း မစ္စရန်ဟီးလီအား ရခိုင်ပြည်နယ်သို့လာရောက်ပါက ဆန္ဒပြမှုများပြုလုပ်ရန်ရှိကြောင်း စုံစမ်းသိရှိသည်။    ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရစိစစ်၍ အစိုးရအနေဖြင့် နိုင်ငံသားပြုခွင့်ပေးရန်စီစဉ်မှုကို ရခိုင်နိုင်ငံရေးအင်အားစုများ၊ ဒေသခံအဖွဲ့အစည်းများက လက်ခံထားကြသော်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ ရိုဟင်ဂျာအမည်သုံးနှုန်း၍ မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုပေးရန် အစဉ်မပြတ်တောင်းဆိုနေခြင်းဖြစ်သည်။    ၂၀၁၂ ခုနှစ် ဇွန်လကစတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ပဋိပက္ခများကြောင့် နှစ်ဘက်လူ့အဖွဲ့အစည်းစလုံး အိုးအိမ်အများအပြားပျက်စီးဆုံးရှုံးခဲ့ရပြီး လူ့အသက်ပေါင်းများစွာသေကျေခဲ့ရသည်။  

Most Read

Most Recent