လယ်ကိုင်းမြို့ဟောင်းမှ နှစ် ၁၂၀ ကျော်သက်တမ်းရှိ ရုပ်စုံကျောင်းကြီးအား ပြုပြင်နေသော်လည်း ဒေသခံများက တန်ဖိုးထားစိတ်ဝင်စားမှု နည်းပါး

လယ်ကိုင်းမြို့ဟောင်းမှ နှစ် ၁၂၀ ကျော်သက်တမ်းရှိ ရုပ်စုံကျောင်းကြီးအား ပြုပြင်နေသော်လည်း ဒေသခံများက တန်ဖိုးထားစိတ်ဝင်စားမှု နည်းပါး
Published 4 January 2015
အောင်သူငြိမ်း

ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနက ထိန်းသိမ်းထားသည့် မကွေးတိုင်း ပွင့်ဖြူ မြို့နယ် လယ်ကိုင်းမြို့ဟောင်းမှ ၁၂၃ နှစ် သက်တမ်းရှိ သူကောင်းမျိုးများ ဆောက်လုပ်လှူဒါန်းခဲ့သော ရုပ်စုံကျောင်းကြီးအား ယင်းဋ္ဌာန၏ အစီအစဉ်ဖြင့် အောက်တိုဘာလမှစ၍ ပြုပြင်မှုများ ဆောင်ရွက်နေသော်လည်း ဒေသခံများက တန်ဖိုးထား စိတ်ဝင်စားမှု နည်းပါးနေကြောင်း ယခုလက်ရှိ ထိုကျောင်း၌ သီတင်းသုံးနေသည့် ဆရာတော် ဦးသုနန္ဒက မိန့်ကြားခဲ့သည်။မကွေးတိုင်းအတွင်းရှိ စကု၊ လယ်ကိုင်း၊ စလင်း၊ စလေ၊ ပခန်းကြီးဒေသများတွင် တည်ရှိသည့် ရုပ်စုံကျောင်းများအနက် ပခန်းကြီးရုပ်စုံကျောင်းမှာ အကြီးဆုံးဖြစ်ကြောင်း လယ်ကိုင်းရုပ်စုံကျောင်းသည် ဒုတိယအကြီးဆုံး ဖြစ်သော်လည်း သစ်သားပန်းပုရုပ်ကြွများ အများဆုံး ကျန်ရှိနေသေးကြောင်း အချိန်မီပြုပြင်မှု မရှိခဲ့ခြင်းကြောင့် ကျောင်းကြီး၏ ပြာသာဒ်ဆောင်မှာ ပြိုကျပျက်စီးခဲ့ကြောင်း ယခုလက်ရှိတွင် ကျောင်းမကြီး၏ အမိုးနှင့် ဘောခဆောင် ကြမ်းခင်းများကို ပြုပြင်နေကြောင်း ကျောင်းပြုပြင်ရေး တာဝန်ခံများထံမှ သိရသည်။“ယဉ်ကျေးမှုဋ္ဌာနက ဘုန်းဘုန်းသီတင်းသုံးဖို့ တိုက်ကျောင်းတစ်ဆောင်နဲ့ သန့်စင်ခန်း အသစ်တွေလည်း တည်ဆောက်ပေးနေပါတယ်။ ကျောင်းကြီးတစ်ခုလုံးကို ၂၀၁၃ ခုနှစ်အတွင်းက ရေနံချေးသုတ်ပြီး ခြံစည်းရိုးလည်း ခတ်ပေးခဲ့ပါတယ်။ ဟိုအရင်က ကျောင်းကြီးမှာရှိတဲ့ သစ်သားပန်းပုရုပ်တွေ ပျောက်ဆုံးခဲ့ဖူးတယ်။ ဒီကျောင်းကြီးဆိုတာ နိုင်ငံတော်အတွက် ရှေးဟောင်းအမွေအနှစ် ဖြစ်တဲ့အပြင် နိုင်ငံခြားသားတွေကိုပါ ဆွဲဆောင်နိုင်တဲ့နေရာ ဖြစ်ပေမယ့် ဒေသခံတွေက စောင့်ရှောက်ထိန်းသိမ်းဖို့နဲ့ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းဖို့မှာ အတော်လေး စိတ်ဝင်စားမှု နည်းနေသေးတယ်။ ဒါကြောင့် သက်ဆိုင်ရာဌာနတွေက အခုလို ပြုပြင်မှုတွေ ဆောင်ရွက်ပေးတာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒေသခံပြည်သူတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရေး ဗဟုသုတတွေ ဖြန့်ဝေပေးစေချင်ပါတယ်” ဟု ဆရာတော်ဦးသုနန္ဒက မိန့်ကြားခဲ့သည်။ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနမှ အဆိုပါကျောင်းကြီး၏ ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်း ကိုသက်ထွန်းမြင့်က “နိုင်ငံခြားသားတွေက အမြဲတမ်းလာနေတာ မဟုတ်ပေမယ့် အုပ်စုလိုက်တွေ၊ သီးသန့်အစီအစဉ်တွေနဲ့ လာကြတာတော့ အရင်ထက် ပိုများလာပါတယ်။ တချို့ကလည်း ဒီလိုရုပ်စုံကျောင်းတွေကို စာတမ်းပြုစုဖို့ လာကြတာလည်း ရှိတယ်” ဟု ဆိုသည်။ကျောင်းတော်ရာနှင့် ပွင့်ဖြူ ကားလမ်းဆုံအနီး လယ်ကိုင်းမြို့ဟောင်းတွင် ယင်းရုပ်စုံကျောင်းကြီးအပြင် ရှေးဟောင်းဘားဝပ်ကျောင်းလည်း တည်ရှိကြောင်း ထိုမြို့ဟောင်းမှ ပျူခေတ်အသုံးအဆောင်များ တွေ့ရှိခဲ့ဖူးပြီး ပျူခေတ်က မြို့ရိုးနှင့် ကျူံးဟုယူဆရသည့် အထောက်အထားများလည်း ယခုချိန်အထိ တည်ရှိနေကြောင်း ဒေသခံများနှင့် ပျူသမိုင်း လေ့လာသူများထံမှ သိရသည်။

Most Read

Most Recent